အပိုင်း ၅၄ (Uni)

3.5K 184 11
                                    

အပိုင်း ၅၄
.
.
.
ဟိုတယ်ကိုမပြန်ချင်ဘူးဆိုသောကလေးငယ်ကြောင့် သူနေထိုင်ရာတစ်ထပ်တိုက်ကလေးဆီကိုသာ ခေါ်လာခဲ့လိုက်သည်။ ထိုတစ်ထပ်တိုက်ကလေးသည် မန္တလေးကတိုက်ကြီးကိုရောင်းပြီးဆောက်လုပ်ခဲ့ရသည့် သူ့အတွက် အေးချမ်းသောနားခိုရာလေးပင်။
ခြံအကျယ်ကြီးထဲမှာ တစ်လုံးတည်းသီးသန့်ဆောက်ထားသည်မို့ အေးချမ်းပြီးတိတ်ဆိတ်သည်။ ထိုတစ်ဝိုက်ကခြံကျယ်ကြီးများသည်လည်း ထိုနည်း၎င်းပင်။

ခြံရှေ့ရောက်သည်နှင့် ကားကိုခဏရပ်ကာ တံခါးဆင်းဖွင့်လိုက်သည်။ ထို့နောက် တံခါးဖွင့်ကာ ကားပေါ်ပြန်တက်ပြီး ခြံအတွင်းရောက်အောင်ထိ မောင်းခဲ့လိုက်သည်။ခြံထဲကားရောက်ပြီဆိုတာနဲ့ နောက်တစ်ခေါက်ပြန်ဆင်းပြီး တံခါးပြန်ပိတ်ရသည်။ပြီးမှ ကားကို
အိမ်ရှေ့ရောက်သည်အထိ မောင်းလာခဲ့လိုက်သည်။သူလုပ်သမျှကို စေ့စေ့စပ်စပ်လိုက်ကြည့်နေသောထိုကလေးငယ်အား လျစ်လျူရှုထားပြီး ကားပေါ်ကဆင်းကာ တစ်ဖက်ကိုကားတံခါးသွားဖွင့်ပေးဖြစ်သည်။

" ဆင်း ! နောက်တစ်ခါ ခါးပတ်မပတ်ရင် လမ်းမှာတင်ကန်ချပစ်ခဲ့မှာ "

ပါးစပ်ကသာပြောနေပေမဲ့ လက်တို့က ထိုကလေးငယ်၏ခန္ဓာကိုယ်လဲမသွားစေရန် ထိန်းကိုင်ပြီး အိမ်ထဲရောက်တဲ့အထိခေါ်ခဲ့ပြီးသားဖြစ်သည်။

" ငြိမ်ငြိမ်ထိုင်နေ "

သူ ရိုင်းကို လူတစ်ယောက်စာလှဲလို့ရသည့်ဆိုဖာခုံရှည်ပေါ်တွင် ထားခဲ့ပြီး အိပ်ခန်းထဲမှဆေးသတ္တာကို သွားယူရသည်။
ဒီကလေးငယ်ကို သူဘယ်လိုမှ ဥပက္ခာမပြုနိုင်သည်မှာ သေချာသွားခဲ့ပြီ။

အသွင်ရိုင်း သူရောက်နေသောနေရာကို သေချာလိုက်ကြည့်အကဲခတ်နေမိသည်။ ဧည့်ခန်းလို့သတ်မှတ်မရသည့်ထိုနေရာတွင် လူတစ်ယောက်စာလှဲလို့ရသည့် ဆိုဖာခုံရှည်တစ်လုံးနှင့် ၄ ထပ်မြင့်စာအုပ်စင်တစ်ခုသာရှိပြီး အတော်ကြီးရှင်းလင်းနေသည်။ ပြီးတော့ နံရံထောင့်မှာ ရေခဲသေတ္တာတစ်လုံး။နောက်ဘက်တွင်လည်း မီးဖိုချောင်ပုံစံမျိုးရှိပြီး မှန်ဖြင့်သာခြားထားသောကြောင့် လှမ်းကြည့်ရုံဖြင့် မြင်နိုင်သည့်အနေအထားဖြစ်သည်။
လူနေနေသည့်အိမ်လို့မထင်ရလောက်အောင်အထိ ပရိဘောဂပစ္စည်းနည်းလွန်း၏။

3. NEEDED ( Completed) Where stories live. Discover now