အပိုင်း ၃၂ (Uni)

3.2K 180 5
                                    

အပိုင်း ၃၂
.
.
.
အေးစက်သောမိုးရေစက်တွေကြောင့် တုန်ခိုက်နေသောခန္ဓာကိုယ်လေးသည် လဲကျလုမယောင်ပင်ဖြစ်နေသည်။ကြီးကျယ်ခမ်းနားသောတိုက်ကြီးရှိရာသို့ မော့ငေးကြည့်နေသည့်မျက်ဝန်းညိုတို့ကလည်း အကူအညီမဲ့နေဟန် ဖျော့တော့လျော့ရဲလို့နေပြန်သည်။ ခြံတံခါးသံတိုင်တွေကိုဆုပ်ကိုင်ထားသည့် လက်သွယ်သွယ်တို့မှာလည်း ဖြူရော်ပြီးတုန်ယင်လို့နေ၏။ အချိန်ကြာကြာထောက်ထားခဲ့သော ဒူးနှစ်ဖက်ဆီမှလည်း ထုံကျင်သောဝေဒနာကိုထပ်ဆင့်ခံစားနေရပြန်သည့်အခါ အသက်မဲ့နေတတ်သည့်မျက်နှာလေးက ရှုံ့မဲ့နေသယောင်သဏ္ဍာန်ထင်လာသည်။

ကြိတ်မှိတ်ခံစားနေရကြောင်းကို သွားဖြူဖြူအောက်တွင်နှုတ်ခမ်းသားတို့ရောက်ရှိခြင်း​​ဖြင့်သက်သေပြသည်။အနည်းငယ်ပြာချင်နေသောနှုတ်ခမ်းလွှာတို့သည် စိန်ပွင့်ကဲ့သို့လက်နေသောသွားတန်းလေး၏ဖိကိုက်မှုကြောင့် နီချင်ချင်ဖြစ်နေသလို။

"မင်းက ဂြိုလ်ကောင်!!.."

"မင်းက မကောင်းဆိုးဝါး!!.."

"မင်းကြောင့် တစ်ရွာလုံးသေရတာ!!.."

"မင်းကြောင့် မင်းအဖေ၊အမေ သေရတာ!!.."

"မင်းကြောင့်...အားလုံး က မင်းကြောင့်!!.."

"...."

"မိုးရိုင်းဆိုတဲ့ မင်းကြောင့်!!.."

နားထဲတွင်ကြားယောင်လာသော စကားများ။
ရွာသူရွာသားများ၏ မနှစ်မြို့သော အကြည့်တွေ။
ရွံ့မုန်းစရာမကောင်းဆိုဝါးတစ်ကောင်လို ဖယ်ကြဥ်လာသည့် ကျောင်းကအတန်းသားတွေ။

" ကျွန်တော် မဟုတ်ဘူး ၊....အဲ့ဒါတွေဖြစ်အောင်လုပ်တာ ကျွန်တော်မဟုတ်ဘူးလို့..."

တဆတ်ဆတ်တုန်ယင်နေသော နှုတ်ခမ်းဖျားဆီက ထိတ်ထိတ်လန့်လန့်ထွက်လာလေသောအသံတိုးတိုးသည် မိုးရေစက်တွေအောက်မှာပဲပျောက်ရှကုန်သည်။
သည်းသည်းမည်းမည်းရွာလာသောမိုးကြောင့် အားအင်ကုန်ခါနီးခန္ဓာကိုယ်လေးသည် ပါးလွှာသောအဖြူရောင်တီရှပ်လေးဖြင့် ခံနိုင်ရည်မရှိနိုင်တော့။ အအေးဒဏ်ကိုသက်သာစေလိုငြားဖြင့် လက်တွေကိုပိုက်ပြီးခေါင်းကိုငုံ့ကာ ကိုယ်ကိုကျုံ့လိုက်သည်။

3. NEEDED ( Completed) Where stories live. Discover now