အပိုင်း ၄၇ (Uni)

3.4K 182 6
                                        


အပိုင်း ၄၇
.
.
.
ပထမအကြိမ်တွေ့တုန်းက ရန်သူတစ်ယောက်လိုဆက်ဆံခဲ့သည့် ထိုအဖိုးကြီးသည် ယခုဒုတိယအကြိမ်တွေ့ဆုံခြင်းမှာတော့ ပီတိဝမ်းသာမျက်နှာနှင့် ကြင်ကြင်နာနာငေးကြည့်လို့နေသည်။
သူပြန်ပြီး ကြည့်နေလိုက်သော်လည်း ရင်ဘတ်ထဲမှာ ဘာကိုမှမခံစားရ။
ပျော်ရွှင်တာတွေ ၊ ဝမ်းသာတာတွေ.....
နာကြည်းတာတွေ ၊ မုန်းတီးတာတွေ...ဘာဆိုဘာမျှ ဖြစ်မလာခဲ့။
သေချာတာကတော့ သူတစ်ကြိမ်လေးတောင်မမျှော်လင့်ခဲ့ဖူးခဲ့လို့ ဖြစ်ပေလိမ့်မည်။

ဟုတ်သည်။
သူ အမှတ်တမဲ့တောင် ဒီလိုဖြစ်ပါစေလို့ မတွေးဖူးဘူး။
သူ့အတွက် သွေးသားတော်စပ်သူ ရှိနေလိမ့်မယ်လို့ အသွင်ရိုင်း မစဥ်းစားဖူးသလို ရှိနေပါစေလို့လည်း ဆုမတောင်းဖူးဘူး။
ဒီကမ္ဘာကြီးမှာ သူမျှော်လင့်ခဲ့ဖူးတာ တစ်ယောက်သောသူမှလွဲ၍.....

" အဖိုးကို မုန်းနေလား ကလေး? "

နူးညံ့ချိုသာသောစကားသံသည် ကြည်နူးပြုံးပျော်နေသောမျက်နှာဖြင့် လိုက်ဖက်လိုက်လျောစွာ ထွက်ပေါ်လာသည်။
အဘေးတော်စပ်သော်လည်း သူ့ကိုယ်သူအဖိုးဟုသာသုံးလေသော ထိုလူကြီးအား သူငေးကြည့်နေဆဲ။

သူက ဘာလို့မုန်းရမှာလဲ?
မြေးဖြစ်သူကိုလိုက်မရှာခဲ့တဲ့အတွက်လား?
ဒါမှမဟုတ် မြေးရဲ့သွေးသားကို မရှာဖွေဘဲနေခဲ့တဲ့အတွက်လား???
ဘယ်လိုအကြောင်းကြောင့် မုန်းနေတာလို့များ သူ့ရဲ့အဘေးဟာ ထင်နေခဲ့သလဲ??

မတုန်မလှုပ်အေးစက်စက်ဖြစ်နေသည့်သူ့မျက်နှာကြောင့် အဘေးဟာ ခေါင်းကိုငုံ့ပြီး မျက်ရည်စတွေကို လက်မနဲ့ဖိသုတ်သည်။
မထုံတက်​သေးဖြစ်နေသော သူ့ကို အဘေးက နောက်တစ်ကြိမ်ပြန်ကြည့်ပြီး ပြုံးပြလာကာ

" မုန်းနေတယ်ဆိုရင်တောင် အဖိုးရဲ့ဆန္ဒတွေကိုဖြည့်ဆည်းပေးဖို့ တောင်းဆိုပါတယ် ကလေးရယ် ။ အဲဒီ့ဆန္ဒတွေက အဖိုးရဲ့နောက်ဆုံးအချိန်မှာ နောင်တတွေဖြစ်သွားမှာကြောက်လို့...ကူညီပေးပါအုံးကွယ် နော် "

မြစ်တစ်ယောက်ကို အခုလောက်ထိတောင်းဆိုခယနေသူမှာ လူတိုင်းလေးစားချီးကျူးနေကြသော ဦးတိုင်းအာဏာဖြစ်နေလိမ့်မည်ဟု ဘယ်သူတွေထင်မိကြလိမ့်မလဲ။
ပြောရင်တောင် ယုံနိုင်ဖွယ်ရာမရှိသောအကြောင်းတရားသာ ဖြစ်သည်။

3. NEEDED ( Completed) Where stories live. Discover now