အပိုင်း ၂၉
.
.
.
ပြည့်ဝိုင်းနေသောလမင်းကြီးသည် ညဦးယံအမှောင်မှာ ကြယ်သေးသေးလေးတွေနှင့် မယှဉ်နိုင်အောင်ပင် ထွန်းလင်းတောက်ပနေသည်။ ထိန်ထိန်တောက်နေသောလရောင်ကြောင့် ရွာငယ်လေး၏အေးချမ်းငြိမ်ဆိတ်မှုကို ကွင်းကွင်းကွက်ကွက်မြင်နေရပေသည်။ မြို့ကြီးပြကြီးများနှင့်ဝေးသော ထိုရွာလေးသည် ပြည့်စုံခြင်းမရှိသော်လည်း ငြိမ်းချမ်းအေးဆေးလှသည်။ညအချိန်ရောက်ပြီဆိုသည်နှင့် ရွာထဲရှိလူငယ်ယောက်ျားသားများအုပ်စုဖွဲ့ပြီး ရွာလှည့်ကြသည်။ အိမ်ခြေတစ်ရာတောင်မရှိသော ရွာငယ်လေးသည် ရိုးသားပြီးကိုယ်ကျင့်တရားကောင်းသောရွာသူရွာသားများကြောင့် မည်သည့်အန္တရာယ်မှ မရှိခဲ့ပေ။ ည၈နာရီထိုးပြီဆိုတာနှင့် ကင်းလှည့်သဘောမျိုးဖြင့် ရွာလေး၏ပတ်ပတ်လည်ကို လိုက်လံကြည့်ရှုတတ်ကြသည်။သူခိုးများ ကပ်နေသလား။
မကောင်းသော သတ္တဝါတွေများ ရှိနေမလား။
နေ့စဉ်အလုပ်တစ်ခုသဖွယ် သဘောထားဆောင်ရွက်တတ်ကြသည်။ယနေ့တွင်လည်း ထိုရွာငယ်လေး၏ပတ်ဝန်းကျင်ကို အကဲခတ်စောင့်ရှောက်နေကြသော ရွာသားလူငယ်တစ်စု။အနီးအနားတွင် ရွာငယ်များရှိသေးသော်လည်း အလှမ်းဝေးလှသည်။တစ်ရွာနှင့်တစ်ရွာသည် တကူးတကသွားရသည့်အခြေအနေတွင်ရှိသည်မို့ တစ်ခုခုဖြစ်လျှင်ပင် အကူအညီတောင်းဖို့ခဲရင်းလှသည်။
ရွာလှည့်ပြီးသွားသောရွာသားများသည် မိမိတို့နေအိမ်အသီးသီးသို့ပြန်သွားကြပြီး အိပ်စက်အနားယူကြလေတော့သည်။ညသည် တဖြည်းဖြည်းပို၍နက်လာသည်။
အပ်ကျသံပင်မကြားရလောက်အောင် တိတ်ဆိတ်လွန်းနေသည်က အရင်ညများနှင့်မတူညီစွာ ကွဲပြားနေခဲ့သည်။ ညကောင်လေးများ၏အသံကိုပင်မကြားရသည်က ပို၍ထူးဆန်းလှစွာ။
သန်းခေါင်ချိန်တွင်တော့ ကြမ္မာဆိုးတစ်ခုက ထိုရွာလေးသို့ စီးနင်းဝင်ရောက်လာခဲ့လေသည်။ဝေါ!!......
ဝရော!!!...ဂျိမ်း!!...ဒလိန်း!.
ဖျောက်!...ဖျောက်!...မလင်းတလင်းကောင်းကင်ယံတွင် အမည်းရောင်တိမ်သားတို့ ခဏအတွင်းဖုံးအုပ်သွားသည်က ကြောက်ဖွယ်ကောင်းလွန်းလှသည်။
ဆိတ်ငြိမ်အေးချမ်းလှသောရွာလေးတွင် သည်းသည်းထန်ထန်ရွာသွန်းလာသောမိုးများကြောင့် တစ်ခဏအတွင်းမှာပဲ ဆူညံပွက်လောရိုက်သွားလေ၏။ ကြုံခဲလှသောမိုးကြီးလေကြီးကြောင့် ရွာကလေးရှိ လူကြီးလူငယ်အကုန်ကြောက်ရွံ့နေလျက်ရှိသည်။ မိုးခေါင်ဒေသဟုသတ်မှတ်ထားသော သူတို့နယ်မြေလေးသည် ယခုလိုမိုးကြီးလေကြီးကျဖို့မဆိုထားနဲ့ မိုးတွင်းမှာတောင် မိုးများများမရွာခဲ့ပေ။ချိုင့်ကျသော ရွာကလေးဖြစ်သည်ကြောင့် နာရီပိုင်းအတွင်းရေကြီးခြင်းအဖြစ်သို့ ရောက်ရှိခဲ့ရသည့်ရွာကလေး။တစ်အိမ်နဲ့တစ်အိမ်ကပ်နေသည့်အတွက် အော်သံ ၊ ခေါ်သံများကို အတိုင်းသားကြားနေရပေသည်။ပြင်းထန်လွန်းလှသောမိုးရေများကြား ပြေးကြ၊ လွှားကြဖြင့် ရွာသူရွာသားများဒုက္ခရောက်လို့နေလေသည်။ လွန်ခဲ့သောနာရီပိုင်းလောက်က အေးချမ်းတိတ်ဆိတ်နေခဲ့သောရွာလေးသည် ယခုအချိန်မှာတော့ ဒုက္ခပင်လယ်ဝေနေသောကံဆိုးသည့်ရွာကလေးအသွင်ဖြစ်လို့နေခဲ့လေသည်။
YOU ARE READING
3. NEEDED ( Completed)
Teen FictionTitle~~ Needed writer~~ Hnin Yhine All episode ~~65 တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်အတွက်လည်း တစ်စုံတစ်ဦး လိုအပ်နေတတ်သော..... needed.. Zawgyi တစ်စုံတစ်ဦးအတွက် တစ်စုံတစ်ယောက် လိုအပ်သလို တစ်စုံတစ်ယောက်...