အပိုင်း ၂၇ (Uni)

4K 253 20
                                        

အပိုင်း ၂၇
.
.
.
အိမ်ကိုပြန်ရောက်သည်နှင့် ပထမဆုံးခြေချမိတာ ဦးတိုင်း၏အိပ်ခန်း။
တံခါးကိုမခေါက်ဘဲ တွန်းဖွင့်လိုက်တော့ ပြတင်းပေါက်နားမှာ စီးကရက်သောက်နေသော အဖြူရောင်နတ်ဘုရားတစ်ပါးကို ရှင်းလင်းစွာတွေ့ရသည်။ အဖြူရောင် ရှပ်အင်္ကျီပါးကို အဖြူရောင်စတိုင်ပန်နှင့် တွဲဝတ်ထားပုံက ဖြူရော်ရော်ဆန်ပေမဲ့ ကြည့်ကောင်းနေ၏။ နောက်ကျောပြင်ကိုသာမြင်နေရ၍ ကုပ်ပိုးထက်ဖြာကျနေသော ငွေဖြူရောင်ဆံပင်စတွေက အလင်းဖြာနေသလိုဟုတောင် ထင်လိုက်မိသည်။ အသွင်ရိုင်း ထိုအနားကို ဖြည်းဖြည်းချင်းလျှောက်သွားပြီး ခြေတစ်လှမ်းအကွာတွင်ရပ်နေလိုက်မိစဥ်

" အဟွတ်..."

လေအဝေ့ကြောင့် ပျံ့လွင့်လာသည့်စီးကရက်အငွေ့ကိုရှူရှိူက်မိသည်မို့ နှာခေါင်းတွေမွှန်ထူသွားကာ ချောင်းဆိုးသည်အထိဖြစ်သွားရသည်။ ဦးတိုင်းလန့်သွားမည်စိုး၍ ပါးစပ်ကိုလက်ဖြင့်အမြန်အုပ်လိုက်သော်လည်း တစ်စွန်းတစ်စထွက်ပေါ်သွားသောအသံကြောင့် အဖြူရောင်နတ်ဘုရားကလှည့်ကြည့်လို့လာကာ

" ဆောရီး ။ကိုယ်အတွေးလွန်နေတာနဲ့ မင်းလာတာတောင်မသိလိုက်ဘူး"

ပြောပြီး သောက်လက်စစီးကရက်ကို အနားက ပြာခွက်ထဲ ထိုးချေပစ်လိုက်သည့် ဦးတိုင်း။

" ဦးတိုင်းအတွေးပျက်သွားမှာကြောက်လို့ ကျွန်တော်တိတ်တိတ်လေးဝင်လာခဲ့တာပါ ။ ဘာတွေတွေးပြီး စိတ်ညစ်နေပြန်တာလဲ ? ကျွန်တော့်ကို ပြောပြချင်လားဟင်? ဦးတိုင်းရင်ထဲလျော့သွားအောင်လေ"

မင်းဝဠာတိုင်း၏အရှေ့တွင် ဝင်ရပ်လိုက်ပြီး ခေါင်းမော့ကာပြောလိုက်သည်။

" မင်းကိုပြောပြလိုက်ရင်တောင် ရင်ထဲကခံစားမှုကလျော့သွားမှာ မဟုတ်ဘူး ရိုင်း ။ ကိုယ့်ရဲ့အတိတ်တွေက စက်ဆုပ်စရာကောင်းတယ် ။တစ်ယောက်ယောက်ကိုတောင် ပြောမပြချင်လောက်အောင်ထိ"

သူ့ကိုမကြည့်ဘဲ ပြတင်းပေါက်ကိုသာငေးနေသောမျက်ဝန်းညိုတွေက အရည်လဲ့နေသည်။ မီးရောင်အောက်မှာ တင်းပိနေသည့်နှုတ်ခမ်းတစ်စုံက တစ်စုံတစ်ခုကိုအတင်းအကြပ်ဖွင့်ဟခြင်းမပြုလိုဟန်။ သူ့ကိုကျော်ပြီး အဝေးဆီကိုသာငေးနေသောအဖြူရောင်နတ်ဘုရားကို အသွင်ရိုင်း စိတ်လိုလက်ရပွေ့ဖက်ဖြစ်လိုက်သည်။ သူဟာခြေဖျားထောက်ပြီး ပခုံးတွေကိုဆွဲယူဖက်လိုက်သည်မို့ အဖြူရောင်နတ်ဘုရားဟာ ခါးကိုင်းပြီးကိုးရိုးကားရားသဏ္ဍာန်ဖြစ်နေရှာသည်။
သို့သော် ငြင်းဆန်ခြင်းတော့ မပြုခဲ့ပါ။

3. NEEDED ( Completed) Where stories live. Discover now