အပိုင်း ၂၄ ( Uni)

4.3K 263 15
                                        

အပိုင်း ၂၄
.
.
.
ခေါင်းကို ငုံ့ထားပြီး မလှုပ်မယှက်တောင့်တောင့်အနေအထားနှင့် ရှိနေသော ထိုသူ့ကို တိုင်း အကြာကြီးစောင့်ကြည့်နေမိသည်။ အေးစက်သော စာဖတ်ခန်းထဲတွင် သူတို့နှစ်ဦး၏အသက်ရှူသံကလွဲ၍ လေတိုးသံတောင် မရှိ။ ပြတင်းတံခါးရှိ ခန်းဆီးပြာလွင်လွင်သည် အနည်းငယ်လှုပ်ယမ်းသွားပေမဲ့လို့ အအေးဓာတ်က အခန်းတွင်းကျရောက်မလာ။

နှစ်ဦးသားငြိမ်သက်နေသည့်အခြေအနေမှာ တစ်ဦးက ခေါင်းကိုငုံ့ပြီး မတ်တတ်ရပ်နေသည့်အနေအထားဖြစ်ပြီး တစ်ဦးက ကျောမှီကုလားထိုင်မှာ ခါးမတ်မတ်ထိုင်ပြီး ခေါင်းငုံ့နေသောသူကို စိုက်ကြည့်နေသည်။ ငြိမ်သက်နေသော အခန်းတွင်းမှာ မည်သူမှစကားမဆိုကြဘဲ ဆိတ်ဆိတ်သာ နေနေကြသည်။အချိန်ကြာလာသည်နှင့်အမျှ အေးစက်မှုသာ ပိုတိုးလာ၏။နွေးထွေးသော စကားသံတို့ကမူ ပျောက်ရှနေဆဲ။

" ဘာလို့လဲ?"

အချိန်အတော်ကြာမှ တင်းပြတ်စွာ ထွက်ပေါ်လာသော အသံကြည်ကြည်သည် မယုံကြည်နိုင်မှု၊ နှမြောတသမှုတို့ဖြင့် တုန်ခါတိုးဝင်နေသည်။
ခေါင်းငုံ့နေသောထိုသူသည် ယခုထိပင် စကားသံထွက်မလာသေး။

" ငါယုံကြည်ခဲ့တဲ့ မင်းက ဘာလို့...ဘာလို့ အခုလို လုပ်ရက်ခဲ့တာလဲ?"

လှိုက်ခါမှုကို ထိန်းချုပ်ထားပုံရသော အသံတို့သည် အခန်းတွင်း အေးစက်မှုကို ပို၍ဖိအားပေးနေသလိုပင်။
တုတ်တုတ်တောင်မလှုပ်သော ထိုလူကိုကြည့်ရင်း အားမလိုအားမရဖြစ်လာရသည်ကြောင့် စားပွဲပေါ် တင်ထားသောလက်တစ်ဖက်ကို တင်းကျပ်စွာဆုပ်ထားမိသည်အထိ ဖြစ်ရသည်။

" တခြားသူသာ ဖြစ်ပါစေလို့ ငါက မျှော်လင့်ခဲ့တာ Vရန် ။ မင်းမဟုတ်တဲ့ အခြားတစ်ယောက်ဖြစ်ဖြစ်..."

ခေါင်းငုံ့နေသောသူရဲ့ ရုတ်တရက်လုပ်ချလိုက်သော အပြုအမူကြောင့် မတ်နေသည့်ခါးက ပို၍ပင်တောင့်မတ်သွားရသည်။
ကြမ်းပြင်ပေါ် ဒူးထောက်လိုက်သော ထိုသူရဲ့
မော့မလာသော မျက်နှာကိုသာ စူးစိုက်ကြည့်နေပေမဲ့ အရိပ်အယောင်တောင် မြင်ခွင့်မပေးသေး။

" တောင်းပန်ပါတယ်..."

တိုးဝင်နေသော အသံပြတ်ပြတ်ကြောင့် သူ့ရဲ့ဆုတောင်းတွေဟာ ရေစုန်မျောသွားပြီဆိုတာ တိုင်း လက်မခံချင်ဘဲ နားလည်သွားရတော့သည်။
အခုချိန်ထိ သူယုံကြည်နေမိသည့် လူတစ်ယောက်ရဲ့ တောင်းပန်စကားဟာ သူ့ရဲ့ပုံအပ်မှုတွေကို ဖြတ်ရိုက်ချလိုက်သလို တစ်စစီလွင့်ထွက်သွားစေ၏။

3. NEEDED ( Completed) Where stories live. Discover now