CHAPTER (102)
စွန့်ပစ်ခံခြံဝန်းအတွင်း အရိုးဖြူဖြူများ ရွှံ့မြေအောက်၌ ပုံအောထပ်နေခဲ့သည်။ စုန့်ထောင်ထောင် မကြည့်ရဲတော့သဖြင့် မျက်နှာလွှဲခဲ့ပြီး ဒေါသထွက်၊ ထိတ်လန့်နေသည်။
နောက်ဆုံးအလောင်းကို တူးထုတ်ခဲ့ပြီးနောက် ခြံဝန်းအတွင်း မတ်တပ်ရပ်စရာနေရာပင် မကျန်တော့ပေ။ သွေးပျက်စရာ အသတ်အဖြတ်များကို မျက်မြင်ကြုံတွေ့ခဲ့ဖူးသည့် ရှလင်တပ်သားများပင် လက်ရှိမြင်ကွင်းကြောင့် ကျောရိုးခြင်ဆီတွင်းအထိ စိမ့်ခနဲခံစားမိခဲ့သည်။
"ဒါ...ဒါ..." ယွမ်ပေါင်ကျန့် ထိတ်ထိတ်ပျာပျာဖြင့် ပြောစရာစကားမဲ့ ကုန်သည်။
"နန်းတွင်းစစ်ဆေးရေးမှူးယွမ် ဘာများပြောလိုပါသလဲ" ရှောင်ကျွယ် ဖြည်းဖြည်းချင်း တုံ့ပြန်လိုက်သည်။ "ဒါမှမဟုတ် ခင်ဗျားစိတ်ထဲ ဒါကို အထင်လွဲမှုတစ်ခုလို့ပဲ ထင်နေသေးတာလား"
"ဘယ်လိုလုပ် ဒါကို အထင်လွဲမှုလို့ ယူဆနိုင်ပါဦးမလဲ" ယွမ်ပေါင်ကျန့် နှုတ်မှ ဖွင့်ဟပြောလာသည်ကို မစောင့်စားတော့လျက် ဟယ်ယန် ဦးစွာပြောလိုက်သည်။ "ဒီခြံဝန်းက စီရင်စုရာဇဝတ်တရားသူကြီးစွန်း ပိုင်ဆိုင်တဲ့မြေပဲ စွန်းလူကြီးမင်းနောက်ကွယ်မှာ တစ်ယောက်ယောက်က ဒီနေရာမှာ အလောင်း လာခိုးမြှုပ်တယ်ဆိုဦး တစ်လောင်း၊ နှစ်လောင်းဆိုရင် ပြောနိုင်သေးပေမဲ့ အခုဟာက ဒါဇင်နဲ့ချီပြီး တစ်ရာလောက်နီးနီးရှိတဲ့ အလောင်းတွေ မြှုပ်ထားခဲ့တာ ဘာကြောင့် လုပ်ကြံရေးသမား လွယ်လွယ် ခိုးဝင်နိုင်သလဲ ဆိုတာလဲ မေးခွန်းထုတ်စရာ မလိုတော့ဘူး ထင်ပါတယ် စွန်းစံအိမ်တံခါးက စက္ကူနဲ့လုပ်ထားလို့ပဲပေါ့ စွန်းစံအိမ်က ကိုယ်ရံတော်နဲ့ အစောင့်တွေက မျက်မမြင်များ ဖြစ်နေသလားနော်"
စွန်းရှန့်ဖူ ဇောချွေးပြန်နေပြီ။ ရှောင်ကျွယ်မှ မိမိစံအိမ်ခြံဝန်း၏ မြေအောက်ရာဇဝင်အကြောင်း သိခဲ့မည်ဟု မထင်ထားခဲ့သဖြင့် အံ့ကြိတ်၍ ငြင်းဆန်တုံ့ပြန်ခဲ့သည်။
"ဒီအလောင်းတွေက ဒီရာဇဝတ်ဝန် အိမ်တော်မှာ ပြစ်မှုကျူးလွန်ခဲ့သူတွေပါ သေတဲ့အထိ အရိုက်ခံခဲ့ရလို့ ဒီနေရာမှာ မြှုပ်ထားခဲ့တာပါ ဒီ... ဒီလိုကိစ္စတွေက အမတ်မင်းတွေ လူကုံထုံအိမ်အသိုင်းအဝိုင်းတွေမှာ မကြာခဏ ဖြစ်လေ့ရှိတဲ့ ကိစ္စပဲ"