အခန်း - ၃၁
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
မြေဆီလွှာဆီသို့ဖောက်ထွက်လာသည့်နေကြာပင်ငယ်လေးများဟာ ရုပ်လုံးကြွ၍ ဝါမြန်းသော နေကြာခင်းကြီးအဖြစ်ရှင်သန်လာလေ၏။
နေကြာတွေပွင့်လာကတည်းက ဒီခြံထဲကကို ခေါ်၍မရသည့်သမီးလေးကြောင့် တန်းလျားလေးတစ်လုံးကို နေကြာခင်းဘက်မျက်နှာမူ၍ ထားပေးသည့်အစ်ကိုထက်ကြောင့် ပမာသက်တောင့်သက်သာရှိစွာဖြင့်ထိုင်၍ ရနေ၏။
နေကြာပန်းခင်းထဲသို့ ပြေးဝင်သွားပြီး နေကြာပွင့်တစ်ပွင့်ခူးလာသည့်သမီးက ပမာ့ဘေးတွင် ဝင်ထိုင်သည်။
"မေမေသိလား မီးပုံ့က ဒီလိုအိမ်လေးမှာနေချင်တာ"
"တိုက်အိမ်မှာနေချင်တာလားသမီး"
"မှုတ်ပါဘူး...ဒီလို ပန်းပင်တွေအများကြီးနဲ့ အိမ်လေးကိုပြောတာ"
ပွင့်ဖက်ဝါဝါကလေးများကို တယုတယဖြင့် ကိုင်ပြီး သဘောတွေကျနေသည့်သမီးလေးက ပမာ့ကိုမော့ကြည့်ပြီး။
"မီးပုံ့ကလေ အိမ်ထဲက ထွက်လာတာနဲ့ နေကြာခင်းကြီးကိုမြင်ချင်တာ...မီးပုံ့ကစားချင်ရင် အဲ့ပန်းခင်းကြီးထဲပြေးဝင်ပြီး ကစားမယ် မေမေ့အတွက်ပန်းလှလှလေးရွေးပြီး ခူးပေးမယ်...အဲ့လိုဆိုပျော်စရာကြီးနေမှာနော်မေမေ"
ကဗျာဆန်ဆန်တွေထိုင်ပြောနေသည့်သမီးကို ပမာဖြင့်အံဩရသည်။ ဒီလိုအတွေးမျိုးလေး သမီးဘယ်အချိန်ကများ ရသွားတာပါလိမ့်။
"နောက်တော့မေမေတို့အိမ်ရှေ့မှာ သမီးကြိုက်တဲ့နေကြာပင်လေးစိုက်ပေးမယ်..."
"ဟုတ်...မေမေကြိုက်တဲ့နှင်းဆီပန်းတွေလဲ စိုက်ကြမယ်နော်"
"အွန်း...တစ်ရက်လောက် ပန်းပင်တွေစိုက်ပြီး မေမေတို့အပန်းဖြေကြတာပေါ့"
"ဟုတ်...မေမေရော့ မီးပုံ့ထပ်သွားခူးလိုက်အုံးမယ်"
"အယ်... အပင်တွေက ယားမယ်သမီးရဲ့"
သမီးအရပ်ထက်မြင့်သည့်နေကြာပန်းများဟာ နေရှိရာအရပ်သို့ မျက်နှာမူ၍ အစွမ်းကုန်ပွင့်လန်းနေကြသည်မှာ မျက်စိပဒေသာ ဖြစ်ရပါသည်။ အစိမ်းရောင် အရွက်များ၏ ထိပ်တွင် ဝါမြန်းသော နေကြာပန်းဟာ အစ်ကိုထက်၏ အိမ်နောက်ခြံဝန်းထဲတွင် နေရာလပ်မကျန် ပွင့်နေကြသည်မှာ အမြင်အေးလွန်း၍ ပမာလဲထိုင်ကြည့်နေမိ၏။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
