အတွဲ ၂၊ အခန်း ၁၃
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ကုတင်ထက် လဲလျှောင်းမေ့မျောကာ ခွဲစိတ်ရန်အသင့်ဖြစ်နေသော မီးလေးကိုကြည့်ပြီး လွန်ခဲ့သော ရက်ဆီသို့ ပြန်တွေးမိ၏။
"ဦးဆရာဝန် မီးပုံ့လက်က ပြန်မကောင်းတော့ဘူးလားဟင်..."
"ကောင်းမှာပါသမီးရဲ့"
"မီးပုံ့ကြားတယ် မီးပုံ့လက်ကိုဖြတ်ရမယ်တဲ့ အဲ့တာဟုတ်လားဟင်..."
ငိုသံစွပ်၍ မေးလာသောမေးခွန်းကြောင့် မီးလေးလက်ကိုဆေးထည့်ပေးနေရင်းမှ ခေါင်လွင်ခဏ တန့်သွားရသည်။
ယခုထိ မီးလေးကို ခွဲစိတ်မည့်အကြောင်း ပြောမပြရသေးပေမယ့် ဘယ်လိုသိသွားမှန်းမသိပါပေ။
"မီးပုံ့လက်က မပျောက်တော့ဘူးပေါ့ ဟုတ်လားဟင်..."
"ပျောက်မှာပါမီးလေးရဲ့ ဦးဦးက ဆရာဝန်လေ သမီးလက်ကိုပျောက်အောင် ဦးဆရာဝန်ကုပေးမှာကွ"
"မီးပုံ့လက်ကလေ အများကြီးနာနေတာ...ဒီလက်တစ်ခုလုံးက အများကြီးနာနေလို့ အဲ့တာကရော မပျောက်တော့ဘူးလားဟင်..."
"ဆေးကုလိုက်ရင် ပျောက်မှာသမီးရ"
"အခုကရော ဘာလုပ်တာလဲဟင် မီးပုံ့ကိုဆေးကုပေးတာပဲ ဟုတ်ဘူးလားဟင်...."
"အင်း...ဒါလဲဟုတ်တာပဲ..."
ဝါရင့်ဆရာဝန်တစ်ယောက်ဖြစ်လင့်ကစား မီးလေးပြောသည့်စကားကြောင့် ခဏမျှ တွေဝေရပ်တန့်သွားရပါသည်။
"မီးလေးလက်ကို အခုဆေးထည့်ပေးတာကလဲ ဆေးကုတာလို့ခေါ်တယ်...ဒါပေမယ့် သေချာထိရောက်တဲ့ကုသမှုက နောက်ရက်မှ စ ရမှာမီးလေးရဲ့...အဲ့ကုသမှုပြီးရင် မီးလေးလက်အခုလိုမနာတော့ဘူးလို့ ဦးဆရာဝန် ကတိပေးတယ်"
"မီးပုံ့က အခုလဲ မနာချင်တော့ဘူး...ဟင်း..."
ကုတင်ပေါ်တွင် ပက်လက်ကလေးလန်၍ သက်ပြင်းချလိုက်သော မီးလေးဟာ လူကြီးလေးတစ်ယောက်လို တစ်ခုခုကို တွေးပူနေသည့် အနေအထားမျိုးလေးနှင့် နေနေရှာသည်။
"မီးပုံ့ သစ်ပင်ပေါ်မှာတင်နေတုန်းကလဲ လက်က အများကြီးနာတာ...ဦးဆရာဝန်ကိုတွေ့ပြီဆိုတော့ မီးပုံ့က မနာတော့ဘူးလို့ထင်ထားတာ...အခုက ဦးဆရာဝန်က မကုတတ်လို့လားဟင်..."
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
