အခန်း- ၃၉
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻
ကပွဲတွင် မကတော့ဘူးဟုဆိုပြီး အိမ်ပြန်မည်ကြည့်လုပ်နေသည့်သမီးလေးကို ပမာတို့မနည်းချော့ပြောပေမယ့်လဲ သမီးကခေါင်းမာစွာဖြင့် အတင်းငြင်း၏။ ဆရာမများက ဝိုင်းပြီးလာပြောသည်တောင် သမီးက ခေါင်းတစ်ချက်မညိမ့်ပဲ ခေါင်းမာလေသည်။ ပမာ့သမီးဆိုတော့လဲ ပမာ့လိုခေါင်းမာတာဖြစ်သင့်ပါတယ်လေ။ ပမာ့စိတ်ကြည့်ဆို ဒီလောက်ထိဖြစ်ထားပြီးတော့မှတော့ သမီးစိတ်တိုင်းကျ မကလဲ နေပါစေဆိုပြီး ပြန်ခေါ်သွားချင် ခေါ်သွားမိမည်။ သို့ပေမယ့် အစ်ကိုထက်က သမီးလေးနောက်ရက်ကျ မက လိုက်ရလို့ဆိုပြီး နောင်တရလိမ့်မည်ဟု တွေးပြီး သမီးကို ကဖို့ အတင်းတိုက်တွန်းနေလေ၏။
နောက်ဆုံးတွင် အစ်ကိုထက်ကပဲ သမီးနှင့် အပေးအယူတစ်ခုလုပ်လိုက်၍သာ အငိုတိတ်ပြီး လက်ခံသွားလေသည်။
မိတ်ကပ်အသစ်ပြန်လိမ်းထားပြီး ဂါဝန်လေးနှင့်သမီးက စင်ပေါ်တွင် ပြုံးရယ်၍ စည်းချက်အတိုင်း ဖင်လေးလှုပ်လှုပ်ပြီးက၏။ အိမ်တွင်အချိန်ပြည့် အကတိုက်ခြင်း၏ အကျိုးကျေးဇူးကြောင့် ကလေးများအားလုံးထဲတွင် သမီးက အသွက်ဆုံးနှင့် စည်းဝါးအကိုက်ဆုံးဖြစ်လေသည်။ ဒီလိုအရွယ်လေးတွေက ဖင်လေးတွေလှုပ်တာကျ အမြင်မရိုင်းပဲ ချစ်စရာကောင်းနေသည်ကို အားလုံးကလက်ခံစွာဖြင့် သဘောကျစွာ အားပေးကြ၏။
"အောင်မလေးလေး...သမီးတော့ ဖင်တွေပြုတ်ထွက်ကုန်တော့မှာပဲ..."
"ကိုကို့တူမက ချစ်စရာအကောင်းဆုံးကွ ဟားဟား..."
ငလက်မကိုကြည့်ပြီး မောင်နှမ နှစ်ယောက်ပြုံးပျော်နေသည်ကိုတွေ့ရတော့ ဘုန်းစေလဲ ကျေနပ်ရ၏။ ညီမအဆင်ပြေလို့တော်သေးတာပေါ့။
ပမာတို့အိမ်ပြန်ရောက်ရောက်ချင်းပင် သမီးက သူ့ဖွားဖွားတို့ဆီတွင်အိပ်ချင်ကြောင်း ခွင့်တောင်းသည်ကြောင့် ပမာခွင့်ပြုလိုက်ပါသည်။
ဒီနေ့တစ်ရက်တော့ သမီးစိတ်ကြိုက်နေပါစေလေ။ သမီးစိတ်ပျော်သွားရင် ကျေနပ်ပါပြီ။
သမီးမရှိပဲ ကိုကိုနှင့်နှစ်ယောက်ထဲ အိမ်တွင်ကျန်ခဲ့သည့်ညဟာ ပမာ့အတွက် အတွေးများစေသည့် ညဖြစ်ခဲ့ပါသည်။ ကိုကိုဟာ အိမ်ရှေ့ခန်းတွင် နှစ်နှစ်ခြိုက်ခြိုက်အိပ်နေပေမယ့်လဲ အိမ်ခန်းထဲမှပမာ့မှာတော့ တစ်ညလုံးလိုလို အတွေးများစွာနှင့် နှစ်ပါးသွားရ၏။
YOU ARE READING
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
