အခန်း - ၁၁
မေတ္တာဝေဆာ ဆည်းလည်းပမာ 🌻
ဘုန်းစေခြေလှမ်းများက ခြံအပြင်သို့ ဘယ်လိုရောက်၍ရောက်လာမှန်းမသိ အမြန်ပင်ပြေးထွက်လာခဲ့မိ၏။ လမ်းတစ်လျှောက်တွင်လဲ လူပြတ်သလို လမ်းမီးတိုင် ခပ်ဖျော့ဖျော့ကြောင့် သူပြေးလျှင်တောင် ဘယ်သူမှ သတိထားမိမည်မဟုတ်သည်ကြောင့် ခြေလှမ်းကျဲတို့ဖြင့်ပြေးခဲ့သည်။
သူ့မျက်လုံးထဲတွင် လှမ်းမြင်နေရသည့်ဆိုင်အတွင်းဝယ် ပမာရှိမည်လော မရှိမည်လောကိုသာ လှမ်းစူးစမ်းကြည့်ပြီး ကျန်သည့် ဘယ်ပစ္စည်းကိုမှ သူ့မျက်လုံးထဲ မမြင်မိပေ။
"ဝုန်း...."
"အမလေးတော့...."
"ဗုဒ္ဓေါ....."
ပမာနှင့် မငယ်မတို့နှစ်ဦးမှာ ဝုန်းဆိုသည့်အသံကြီးကြောင့် လန့်ဖြန့်သွားရပြီး နှစ်ယောက်လုံးအော်မိလိုက်၏။
ဆိုင်ရှေ့တွင် မုန့်များစီထားသည့် စဉ်ကလေးမှာ မြေပြင်ပေါ်ပြုတ်ကျ၍ ပွစာကျဲနေရှာသလို အကိုထက်၏ အင်္ကျီလက်မောင်းမှာလဲ အနည်းငယ်ပဲ့သွားသည်ကိုတွေ့ရ၏။
မောဟိုက်နေသည့် အနေအထား၊ ချွေးများစ်ို့နစ်နေသည့် နဖူးပြင်နှင့်အတူ အင်္ကျီနှင့်ချိတ်ဆွဲထား၍ မုန့်များပြုတ်ကျနေသည်ကို ပမာခပ်ကြောင်ကြောင်နှင့်ပင် ကြည့်နေမိ၏။
အံဩမှင်သက်စွာ ကြည့်နေသည့် ပမာ့ကိုမြင်မှ သူစိတ်ဒုန်းဒုန်းချလိုက်နိုင်သည်။
""အအေး အအေးလာဝယ်တာဗျ နဲနဲ အလျှင်လိုသွားလို့တိုက်မိသွားတာ ကျွန်တော်ပြန်စီပေးပါ့မယ်...ဟူး..."
"ငါ့မောင်ရယ် သတိထားမှပေါ့..."
အားနာဟန်ဖြင့် ဘုန်းစေပြုံးပြပြီး မြေပြင်တွင်လဲကျနေသည့် စဉ်လေးကိုကောက်၍ ပြန်မတ်လိုက်ပြီး မုန့်ထုတ်များကို သူပြန်ထည့်သည့်အခါ သူ့ဘေးတွင် ပမာက ဝင်၍ ကောက်ကူသည်။
ပမာ ဘာမှမမေးပဲ ပစ္စည်းများကိုကူကောက်၍ ပလာစတာလေးတစ်ခုပါ ဝယ်လိုက်သည်။ ကြွပ်ကြွပ်အိတ်ထုတ်လေးလက်မှဆွဲပြီး ဆိုင်ထဲတွင်ကျန်ခဲ့သည့် အကိုဘုန်းစေကို ပမာရပ်စောင့်သည်။
VOCÊ ESTÁ LENDO
မေတ္တာဝေဆာ ဆည်းလည်းပမာ🌻(Complete)
Romanceမီးပုံ့နာမည် မီးပုံ့၊ ပုံ့ပုံ့၊ ပုံပန်းချီပါရှင့်။ မေမေကတော့ သမီးရေလို့ခေါ်တယ်...ဦးဘုန်းကတော့ ငလက်မလို့ခေါ်ပါတယ်ရှင့်။
