147

3K 287 10
                                    

Unicode Ver

၁၄၇။ မှတ်ညဏ်

"စားပြီးရင် ကိုယ်အိမ်ကို ခေါ်သွားပေးမယ်။ ညန်ညန်ရဲ့ အမေက စောင့်နေတယ်"

ရှုချင်းရီ၏မျက်နှာက အမူအရာမရှိပေ။ သူမစားနေသည့် အစားအသောက်က သူမအတွက် အရသာမရှိသလိုဖြစ်သည်။ သူတို့သုံးယောက်က တိတ်ဆိတ်စွာဖြင့် ကုန်အောင် ဆက်စားကြသည်။

သူတို့စားပြီးသည့်အခါ ရှုချင်းရီက ကားထဲသို့ ဝင်သွားသည်။ သူမဘေးကနေ လိုက်ပါလာသည့် မော့ဟန်က ရှုချင်းရီကားထဲရောက်သည်နှင့် ဟန်လျန်၏အနားသို့ကပ်ကာ တိုးတိုးပြောလိုက်သည်။
"ငါအခုပြောတာကို မင်းမေ့မနေနဲ့"

ဟန်လျန်က ကားထဲမှ ရှုချင်းရီကို ကြည့်ပြီး
"ကျွန်တော်ကလည်း ရှေ့နေကြီးကို ဒီလိုပဲပြန်ပြောမယ်။ အရမ်းယုံကြည်မှုရှိမနေနဲ့"

မော့ဟန်က ပြန်ပြောသည်။
"မင်းနားမကောင်းဘူးထင်တယ်။ ငါလည်း ထပ်ပြောမနေချင်တော့ဘူး။ ဒီညအထိပဲ ငါမင်းကို စောင့်ကြည့်မယ်။ နောက်ငါတို့ကို ယုံအောင် ဒီလိုဟာကွက်တွေ အများကြီးနဲ့ ကိစ္စတွေကို ထပ်မလုပ်ဖို့ ငါမျှော်လင့်ပါတယ်"

ဟန်လျန်က စိတ်ဆုံးဖြတ်ပြီးသလိုမျိုး ပြုံးလိုက်ကာ
"ဟုတ်ပြီဗျာ။ ဒီညဘယ်သူကလိမ်နေလဲ ခင်ဗျားသိရမှာပါ"

သူတို့ကားထဲရောက်ပြီး သိပ်မကြာခင်မှာပဲ ဟန်လျန်က အနောက်တိုင်းပုံစံ တစ်ထပ်အိမ်လေးရှေ့တွင် ကားရပ်လိုက်သည်။ ထိုအိမ်လေးမှာ အနေတော်ခြံဝင်းလေးရှိကာ ဘေးတွင် ခြံစည်းရိုးခတ်ထားသည်။

"ရောက်ပြီ။ ဆင်းလို့ရပြီ။ ဒါညန်ညန်ရဲ့အိမ်ပဲ"

ရှုချင်းရီက ကားပေါ်မှဆင်းကာ ခြံဝင်းထဲရှိ မြက်ခင်းပေါ်ကို ခြေချလိုက်ကာ ထိုအိမ်ကို ကြည့်လိုက်သည်။ မြင်စက ဘယ်လိုမှ သူမမနေသော်လည်း သေချာကြည့်လေ သူမရင်ခုန်သံမြန်လေ ဖြစ်သည်။ သူမဒီကို ရောက်ဖူးသလို ခံစားချက် ဖြစ်သည်။ ဒီနေရာကို သူမရင်းနှီးလွန်းလို့ သူမတစ်ကိုယ်လုံး တုန်ရီလာတော့မလို ဖြစ်သွားသည်။

"ဒီလမ်းက. . ."
ရှုချင်းရီက အိပ်မက်မက်နေသလို သူမအသံက တုန်နေသည်။ မော့ဟန်က သူမကြည့်နေသည့်လမ်းကို သေချာလိုက်ကြည့်လိုက်သည်။

If the Deep Sea forgets you (Myanmar Translation)Where stories live. Discover now