လူသားသစ္စာ စာစဉ် ၃၃
အခန်း (၄၄၇) : လူညာ
ချမ်ရှန်းက မိုဝူကျီအတွက် ထောင့်အခန်း၌ နေနိုင်ရန် ပြင်ဆင်ပေးထားသော်လည်း မိုဝူကျီက တစ်ယောက်ယောက်၏ အမိုးအကာအောက် နေနေရသည် ဖြစ်၍ စိတ်ထဲ မထားပေ။ သူ့၌ ထပ်တောင်းဆိုခွင့်လည်း မရှိချေ။ သူ့အခန်းကို ပြန်ရောက်ပြီးနောက် မိုဝူကျီ ပထမဆုံး လုပ်လိုက်သည့်အရာမှာ အခန်းအတွင်း အတားအဆီးများ ချထားလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူ့စိတ်စွမ်းအားကို အသိစိတ်ပင်လယ်အတွင်းမှ အဆိပ်အမှတ်အသားပေါ် ပို့လွှတ်လိုက်သည်။
မကြာခင်တွင် မိုဝူကျီက မည်သည့်အမှတ်အသား အမျိုးအစား ဖြစ်ကြောင်း နားလည်သွားပေ၏။ ဤအမှတ်အသား၌ ခြေရာခံအမှတ် ထည့်သွင်းထားပြီး အင်မတန် အားပြင်းသည့် အဆိပ်လည်း ပါဝင်ပေသည်။ ထိုအဆိပ်မှာ ထည့်သွင်းထားသူ လက်အောက် ထိန်းချုပ်မှု အပြည့်အဝ ရောက်ရှိနေပြီး သူမ အလိုရှိသည့် အချိန်တိုင်း သူ့ခန္ဓာအတွင်းမှ အဆိပ်ကို လောင်မြိုက်ပစ်နိုင်လိမ့်မည်။ မကြာခင် အဆိပ်က ထိုလူ၏ သူ့ခန္ဓာအတွင်းမှ ဝိညာဉ်လမ်းကြောင်းတိုင်း အပါအဝင် အသိစိတ်ပင်လယ်အတွင်းပါ ထိုးဖောက် ဝင်ရောက်သွားလိမ့်မည်။
အမှတ်အသားအတွက် မိုဝူကျီက စိတ်ထဲ အရမ်းမထားသောကြောင့် မထိတော့ပေ။ ပထမဦးစွာ သူက ထွက်ပြေးရန် ရည်ရွယ်ချက် မရှိသေးသောကြောင့် ဤနေရာရှိ မည်သူကိုမျှ စိတ်အနှောင့်အယှက် ပေးမည် မဟုတ်ပေ။ အများဆုံး သူက အင်မော်တယ်လျိုကို ဖြတ်၍ ခိုးဝင်လာသည့်အတွက် အလိုရှိစာရင်း အသွင်းခံရရုံသာ ဖြစ်၏။ ဒုတိယတစ်ချက်အနေဖြင့် သူ့တွင် အဆိပ်ဖြေ ချီသွေးကြော ရှိနေသောကြောင့် ထိုအဆိပ်ပေါက်ကွဲထွက်၍ သူ့ခန္ဓာထဲ ပြန့်နှံ့သွားလည်း ကိစ္စမရှိချေ။
ထိုအတွေးများကို ဘေးဖယ်ထားပြီးနောက် မိုဝူကျီက ဆေးလုံးကို ထုတ်ယူလိုက်သည်။
မိုဝူကျီအတွက် ဝိညာဉ်လမ်းကြောင်း ထောက်ပံ့ဆေးလုံးအကြောင်း ပထမဆုံးအကြိမ် ကြားဖူးခြင်း ဖြစ်၍ မည်သည့် အင်မော်တယ် ဆေးလုံးအဆင့်မှန်း သတိမပြုမိပေ။ မြေကမ္ဘာအင်မော်တယ် အဆင့် ကျင့်ကြံသူ တစ်ယောက်၏ ဝိညာဉ်လမ်းကြောင်းများကို ပြန်လည်ကောင်းမွန်လာစေနိုင်သည့်အတွက် ဤဆေးလုံးမှာ သေချာပေါက် ထူးခြားပေလိမ့်မည်။
ESTÁS LEYENDO
လူသားသစ္စာ Translation Book 4 ( 401 - 500)
Fantasíasequence of Book 3 ~~~ All credits given to original author