Chapter 170
ပွဲကြည့်စင်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်နေပြီး လေတိုးသံသဲ့သဲ့ကိုသာ ကြားနေရသည်။
လိမ္မော်သီးလေးက တုန်ယင်နေပေသည်။ ရှန်းလျိုရှန့်က သူ့လက်ဖျားများဖြင့် တင်းကြပ်စွာဆုပ်ကိုင်ထားကာ တုန်ယင်နေသည်ကို ရပ်တန့်အောင် ပြုလုပ်သော်လည်း မရပ်တန့်သွားသည့်အပြင် တဖြည်းဖြည်းပိုဆိုးလာသည်။
မ မလှုပ်နဲ့တော့...
ရှန်းလျိုရှန့်မှာ ထိုကဲ့သို့မြင်ကွင်းမျိုးကို တစ်ကြိမ်မှ မမြင်ဖူးခဲ့ပေ။
ရှန်းလျိုရှန့် နှုတ်ခမ်းစူလိုက်ပြီး ခေါင်းမော့ကြည့်လိုက်ပြီး စားပွဲပတ်ပတ်လည်တွင်ထိုင်နေသည့် အခြားလူများကိုကြည့်၍ မနည်းအားတင်းကာ ပြုံးပြလိုက်ပြီးနောက် ခေါင်းပြန်ငုံ့ထားလိုက်သည်။
မည်သို့ကြည့်သည်ဖြစ်စေ သူ့ပုံစံက စစ်ဆေးမေးမြန်းခံနေရသည့် အကျဉ်းသားတစ်ယောက်နှင့် တူနေသည်။
သူ့ ရင်ထဲ ထိတ်လန့်နေမိသည်။
ဘာလို့ အကုန်လုံးက တစ်ချိန်တည်းရောက်လာကြတာလဲ... သူတို့တွေကြားက ဆက်ဆံရေးကလည်း ကောင်းမှ မကောင်းတာကို...ကျိုးရွှမ်လန်နှင့်လင်ယဲ့တို့ကလည်း တစ်ယောက်နှင့် တစ်ယောက် အစေးမကပ်ကြပေ။ လင်ယဲ့နှင့် ရှုရှင်းချန်တို့ကလည်း သူ့အလောင်းကိုယူရန်အတွက် တိုက်ခိုက်ခဲ့ကြသည်။ ရှုရှင်းချန်ကလည်း ကျိုးရွှမ်လန်နှင့် ပြဿနာကို မရှင်းရသေးပေ။ ကျိုးရွှမ်လန်ကလည်း ယဲ့ပင်းရန်နှင့် မကြာသေးမီအချိန်ကမှ တိုက်ခိုက်ထားသည်။ နန်ယောင်ချွမ်မှလွဲ၍ အခြားလူအားလုံးက တစ်ယောက်နှင့်တစ်ယောက် မတည့်ကြပေ။
ရှန်းလျိုရှန့်၏စိတ်ထဲ မကြောက်လန့်ဘဲ မနေနိုင်အောင် ဖြစ်နေမိသည်။ သူတို့ အခုချိန်တွင် ရန်ထဖြစ်ပါက ပွဲပျက်သွားနိုင်ပေသည်။
ငါ ဘယ်သူ့ကို စကားစပြောရမလဲ...
ရှန်းလျိုရှန့် အသက်ပြင်းပြင်းရှုလိုက်သည့်အခါ သူ့လက်ထဲမှ လိမ္မော်သီးကိုပင် ဖိချေမိလုမတတ်ဖြစ်သွားသည်။
ယခုအချိန်၌ မည်သူ့ကိုမှ စကားစပြော၍မဖြစ်ပေ။ တစ်ခုခုပြောလိုက်မိသည်နှင့် မျှခြေက ပျက်စီးသွားနိုင်သည်။ အခြေအနေက ထိန်းမနိုင်သိမ်းမရ ဖြစ်သွားမည်စိုး၍ ရှန်းလျိုရှန့် မစွန့်စားရဲဖြစ်နေသည်။