Chapter 168
အခမ်းအနားကို မကြာမီအချိန်၌ တရားဝင်စတင်တော့မည်ဖြစ်၍ ရင်ပြင်တစ်ခုလုံး လူများစွာဖြင့် ပြည့်နှက်လာသည်။ ရှန်းလျိုရှန့် ကြည့်လိုက်သည့်အခါ စားပွဲပေါ်တွင်လည်း မည်သည့်စားစရာမှ ရှိမနေပေ။ သူ သစ်သီးပန်းကန်သွားယူပြီးမှ လှေကားပေါ် ပြန်တက်တော့မည့်အချိန်၌ တစ်စုံတစ်ယောက်က သူ့ကိုဟန့်တားလိုက်သည်။
သူလှည့်ကြည့်လိုက်သည့်အခါ အဖြူရောင်ဝတ်ရုံပေါ်တွင် မက်မွန်ပွင့်များပုံဖော်ထားသည့် ချင်းလင်ဂိုဏ်းဝတ်ရုံကို ဝတ်ထားသည့်လူငယ်လေးက သူ့ကို ဦးလေးရှန်းဟု ခေါ်နေသည်။
ရှန်းလျိုရှန့် မျက်တောင်တစ်ချက်ခတ်လိုက်ပြီးနောက် သူ့က်ု ဦးလေးဟု ခေါ်နေသူက သူ့ရှစ်ရှုန်း၏ တပည့်ဖြစ်မည်ဟု တွေးလိုက်မိသည်။ သူက ချင်းလင်ဂိုဏ်း၏ တပည့်များအကြားမှ ပြိုင်ပွဲတွင် ကျိုးရွှမ်လန်ကို အနိုင်ယူခဲ့သောကြောင့် ရှန်းလျိုရှန့်၏ ဝိညာဉ်ကျောက်တုံးတစ်သောင်း ဆုံးရှုံးခဲ့ရခြင်းဖြစ်သည်။
သို့သော် အချိန်အလွန်ကြာမြင့်သွားပြီဖြစ်၍ ရှန်းလျိုရှန့်က သူ့နာမည်ကို မမှတ်မိဖြစ်နေသည်။ ကံကောင်းသည်မှာ သူ့အကြားအာရုံက ကောင်းမွန်နေသေးသည်။
မနီးမဝေးမှ လူတစ်ယောက်က တီးတိုးပြောနေသည်ကို သူ ကြားလိုက်သည်။
" ဂိုဏ်းချုပ်လင်ယဲ့က ချင်းလင်ဂိုဏ်းချုပ်နေရာကနေ ထွက်သွားပြီးတော့ သူ့တပည့် လင်မူရှန်းကို လွှဲပေးခဲ့တယ်လေ... ဒီဂိုဏ်းချုပ်လေးက သိုသိုသိပ်သိပ်ပဲ နေတတ်တော့ ဒီနေ့မလာဘူးလို့တောင် ထင်ထားတာ... ရှုမိသားစုကတော့ ခြေတံလက်တံတွေ တော်တော်ရှည်တာပဲ..."ရှန်းလျိုရှန့် သူ့ကို သစ်သီးပန်းကန် လှမ်းပေးလိုက်သည်။
" တူလေးမူရှန်း ဖြစ်နေပါလား... သစ်သီးစားဦးမလား..."လင်မူရှန်းက ရယ်လိုက်ပြီး ခေါင်းခါကာ ပွဲကြည့်စင်တစ်ခုကို လက်ညှိုးထိုးပြလိုက်သည်။
" ကျွန်တော် ဦးလေးနဲ့ မတွေ့ရတာကြာပြီ... အခု ဦးလေးတစ်ယောက်တည်းဆိုတော့ ကျွန်တော်နေရာကို လာပါလား..."ချင်းလင်ဂိုဏ်းချုပ်ဖြစ်သော လင်မူရှန်းက နေရာကောင်းတစ်ခုရထားသည့်အပြင် ရှုမိသားစုကလည်း သူ့ကို အပြစ်မပြုရဲကြပေ။