နိမိတ်ဆိုးနဲ့မွေးဖွားသူ

4.6K 108 7
                                    

Unicode.

ချန်နိုင်ငံ၏ စစ်သူကြီးအိမ်တော်...

အိမ်တော်၏ အနောက်ဘက်ခြံဝင်းထဲရှိ အဆောင်ရှေ့တွင် စစ်သူကြီး ကျန်းမင် တစ်ယောက် ဂနာမငြိမ်စွာလျှောက်လှမ်းနေမိ၏။ အဆောင်ထဲမှ မီးဖွားရန်ကြိုးစားနေသော ဇနီးသည်အသံ က သူ့ရင်အား ပူလောင်နေစေ၏။ သူ့ဇနီးသည် ဗိုက်နာနေသည်မှာ လေးနာရီမျှပင်ကြာမြင့်နေသော်လည်း ကလေးက ယခုချိန်ထိ ထွက်မလာသေးပင်။
"ဒေါ်လေး ရှောင်..အားရီ..အားရီ အဆင်ပြေရဲ့လား.."
"သခင်မ..အဆင်ပြေပါတယ်စစ်သူကြီး..ကလေးကမကြာခင်ထွက်လာတော့မှာပါ..စစ်သူကြီး စိတ်မပူပါနဲ့"

စိတ်မပူပါနဲ့ ဟုဆိုသော်လည်း သူရဲ့စိတ်က မပူပဲမနေနိုင်ပါ။ရှိရှိသမျှ နတ်ဘုရားနာမည်အစုံရွတ်၍ ဆုတောင်းနေမိတော့သည်။
"အူဝဲ...အူဝဲ...အူဝဲ"
" မွေးပြီ မွေးပြီ စစ်သူကြီး...မိန်းကလေး..မိန်းကလေး.."
မွေးခန်းထဲမှ ပြေးထွက်လာသော အဒေါ် ရှောင်း။ သူမ လက်ထဲတွင်တော့ အနှီးထုတ်ထဲမှ ကလေးကို စစ်သူကြီးအားပြရင်း
"သခင်မလည်း နေကောင်းတယ်။ ကလေးလည်း နေကောင်းတယ်။ ဂုဏ်ယူပါတယ် စစ်သူကြီး။ စစ်သူကြီး အဖေတစ်ယောက်ဖြစ်ပါပြီ။"
"ဟုတ်ပြီ ဟုတ်ပြီ ကောင်းတယ် ကောင်းတယ် ကျွန်တော့် သမီးမွေးတဲ့ အထိမ်းအမှတ်နဲ့ အလှူအတန်းလုပ်ရမယ်..ဟား...ဟား...ဟား...လာကြစမ်း.. စံအိမ် ဂိုထောင်ထဲက ဆန်အိတ် တစ်ရာ.ပြောင်းအိတ် တစ်ရာ..ကို မြို့တော်ကလူတွေကို ဝေပေးကြ... စစ်သူကြီးရဲ့ မြင့်မြတ်တဲ့သမီးတော် မွေးဖွားတဲ့ အထိမ်းအမှတ်လို့ပြော..ဟား...ဟား...ဟား.."

ခုနှစ်ရက်ခန့်ကြာသော် စစ်သူကြီးအိမ်တော်တွင် မြို့တော်ရှိဂုဏ်သရေရှိလူကြွးမင်းများ အရာရှိ အရာခံ သူဌေးသူကြွယ်များ လာရောက်ကြ၍ စစ်သူကြီးမင်း၏ သမီးတော် အမည်ပေးအခမ်းအနားသို့တက်ရောက်ကြ၏။ တက်ရောက်ကြသောလူအများ၏ သမီးတော်လေးအတွက် လက်ဆောင်ပဏာများမှာလည်း စစ်သူကြီး အိမ်တော် ဂိုထောင်ပြည့်၍မျှ များပြားလေ၏။

အိမ်တော်၏ အနောက်ဘက် သခင်မအဆောင်တွင် စစ်သူကြီး သခင်မနှင့် အစေခံများသည် သမီးတော်လေးနံဘေးတွင် ဝိုင်းအုံချော့မြူနေကြသည်။ သမီးတော်လေးမှာ ဖြူစင်သည့် အသားအရေတွင် နီရွမ်းသည့်နှုတ်ခမ်း ဝိုင်းစက်နက်မှောင်သည့် မျက်လုံးတို့ရှိသည်။ စစ်သူကြီးမှာ သမီးဖြစ်သူ၏ မျက်နှာကို ကြည့်မဝဖြစ်နေလေတော့၏။ ထိုစဥ်.
"စစ်သူကြီး တော်ဝင်ပုရောဟိတ်ကြီး ကြွရောက်လာပါပြီ" အဆောင်အပြင်ဘက် အစေခံ၏ စကားသံကြောင့် စစ်သူကြီးကျန်း သည် နေရာမှ ထကာ အဆောင်အပြင်ဘက်ထွက်၍ တော်ဝင်ပုရောဟိတ်ကြီးအား ခရိီးဦးကြို ပြုလိုက်သည်။
"တော်ဝင်ပုရောဟိတ်ကြီး ကြွချီလာပေးတဲ့ အတွက် ကျွန်တော် ကျန်းမင် ဂုဏ်ယူမိပါတယ်..ပုရောဟိတ်ကြီး အထဲကိုကြွပါ"
"စစ်သူကြီး ကျန်း အားနာစရာမလိုပါဘူး။ အရှင်မင်းကြီးကိုယ်တိုင်က စေလွှတ်လိုက်တာမို့လို့ ကြိမ်းသေပေါက် လာပေးရမှာပေါ့...အရှင်မင်းကြီးက စစ်သူကြီးရဲ့သမီးတော်လေး မွေးဇာတာကို သေချာပေါက် သိချင်နေတယ်ဆိုတော့လေ..."
"သမီးတော်လေးက အထဲမှာပါ ပုရောဟိတ်ကြီးကြွပါ"
အရှင်မင်းကြီးက သမီးတော်ရဲ့ဇာတာကို ဘာလို့သိချင်နေပါလိမ့် စစ်သူကြီးကျန်း၏ စိတ်ထဲတွင် ဇဝေဇဝါဖြစ်မှုနဲ့အတူ ဖြေသိမ့်သည့်အတွေးများလည်း ဝင်လာသည်။ အရှင်မင်းကြီးနဲ့ငါက ငယ်သူငယ်ချင်း မင်းကြီးရဲ့ နန်းလုပွဲကိုလည်း ငါနဲ့အတူတူ တိုက်ပွဲဝင်ပြီး ရခဲ့တာ ငါနဲ့မင်းကြီးက သူငယ်ချင်းဆိုလည်းဟုတ် ညီအကိုဆိုလည်း ဟုတ်တော့ ငါ့သမီးနဲ့ပတ်သတ်တာ သိချင်မှာပဲလေ၊ ဘာကိစ္စ မှ မရှိလောက်ပါဘူး။ စစ်သူကြီး ကျန်းမင် အတွေးများကို ဖယ်ကာထုတ်ပြီး ပုရောဟိတ်ကြီးကို ခေါ်ဆောင်ကာ အဆောင်တွင်းသို့ဝင်သွားလေသည်။
"ရှင်မ..တော်ဝင်ပုရောဟိတ်ကြီးလာတယ်..ကိုယ်တို့ သမီးလေးရဲ့ ဇာတာကိုတွက်ချက်ပေးမလို့တဲ့"
"တော်ဝင် ပုရောဟိတ်ဆရာကြီးကို ကျွန်မ လင်းရီ ဂါဝရပြုပါတယ်"
"ကျန်းသခင်မ သက်သာသလိုနေပါ...ကျွန်တော်က အရှင်မင်းကြီးရဲ့အမိန့်နဲ့ သမီးတော်လေးကို ဇာတာလာတွက်ပေးတာပါ..ကျန်းအိမ်တော်ရဲ့သမီးတော်က ကံကောင်းမှုတွေ ယူလာပေးမယ်နဲ့တူတယ်..အရှင်မင်းကြီးရဲ့ အာရုံစိုက်မှုတွေကို ရထားနေပြီဆိုတော့.."
" ကျေးဇူးတင်ပါတယ် ပုရောဟိတ်ကြီး ချီးကျူးစကားကို မခံယူဝံ့ပါဘူး..သမီးတော်လေးရဲ့ ဇာတာကိုသာ အကောင်းမွန်ဆုံးဖြစ်အောင် တွက်ချက်ကြည့်ရှုပေးပါ..ပုရောဟိတ်ကြီးလည်း ကံကောင်းမှုတွေရရှိမှာပါ..."စစ်သူကြီးကျန်း၏ စကားကြောင့် ပုရောဟိတ်ကြီး၏ မျက်နှာတွင် အလိုမကျမှုတစ်ချက်ဖြတ်ပြေးသွားပြီးနောက် အပြုံးတုတစ်ခုကို လျင်မြန်စွာ တပ်ဆင်လိုက်ပြီး
" အကောင်းမွန်ဆုံးဆိုတာ ဘယ်လိုမျိုးလဲ ကျွန်တော်သေချာ မသိပေမယ့် စစ်သူကြီးကျန်း စိတ်ချပါ၊ ကျွန်တော်မြင်တဲ့အတိုင်း မချွင်းမချန် မကွယ်ဝှက်ပဲ အရှင်မင်းကြီးကို ပြောပြပေးမှာပါ...ကျွန်တော့်ကို သမီးတော်လေးကို ပြပါ.."

ကံကြမ္မာနှင့်ယှဥ်၍Where stories live. Discover now