ကျိုးရွာလေး၏ အပြင်ဘက် စမ်းချောင်းတစ်ဝိုက်တွင် မီးအိမ်မျှောသူများနှင့် စည်ကားနေပြီး ရွာအတွင်းတွင်တော့ လူမရှိသလောက်ဖြစ်ကာ တိတ်ဆိတ်ငြိမ်သက်နေသည်။ လပြည့်ည ဖြစ်သောကြောင့် လ၏အလင်းရောင်က ထိန်ထိန်သာနေပြီး တစ်ရွာလုံးကိုဖြန့်ကျက်အုပ်မိုးထားသည်။
ကျိုးသူကြီးအိမ်တော် ဧည့်ခန်းမဆောင်တွင်တော့ ကျိုးထုံက ဖခင်၏ရှေ့မှောက်၌ ဒူးထောက်ထိုင်နေပြီး ကျိုးကျစ်လုံ ကတော့ တင်းမာတဲ့အကြည့်တွေနှင့် သားဖြစ်သူကို စိုက်ကြည့်နေသည်။ ကျိုးသခင်မကတော့ သာအဖနှစ်ယောက်ကြား မျက်နှာရိပ်မျက်နှာကဲကြည့်နေသည်။
" ပြသာနာက ဘယ်လိုစဖြစ်တာလဲ"
" ကျွန်တော့်ဘက်က ရန်အရင်စတာပါ"
ကျိုးထုံက ပြသာနာ၏အကြောင်းအရင်းကို ရှင်းပြချင်စိတ်မရှိပေ။ ဘယ်လိုဖြစ်ဖြစ် သူ့အဖေပေးမည့်အပြစ်ကို ခံယူလိုက်တာက သူ့စိတ်ကိုပိုအဆင်ပြေစေမည်ဟု သတ်မှတ်လိုက်သည်။ တကယ်တမ်း သူရန်ဖြစ်ချင်တာက တစ်ယောက်ဖြစ်ပြီး သူက ထိုစိတ်ကို တခြားလူတွေအပေါ် ပုံချလိုက်ခြင်းသာဖြစ်သည်။
" ဒီနေ့ဖြစ်တာတွေအကုန်လုံးက ကျွန်တော့်အပြစ်ပါ..အဖေ ကြိုက်တဲ့အပြစ်ပေးပါ..ကျွန်တော် နာခံပါတယ်.."
" မင်းနဲ့မတူအောင် ဒီနေ့ဘယ်လိုဖြစ်တာလဲ..အမြဲတမ်းလိမ္မာပါးနပ်တဲ့ကောင်လေးက..ဒီလိုပုံဆို ငါမင်းကို ကောင်းကင်ဓားဂိုဏ်းမှာ ဆက်ထားသင့်ရဲ့လားမသိတော့ဘူး..ဟူး..."
ကျိုးကျစ်လုံ က သက်ပြင်းတစ်ချက်ချလိုက်ရင်း ဆက်ပြောသည်။
" ဒီနေ့ ကိစ္စတော့ ထားလိုက်တော့၊ မင်းရဲ့ ဓားကျိုးသွားတာကပဲ အပြစ်လို့မှတ်လိုက်မယ်၊ နောက်တစ်ခေါက် ထပ်မဖြစ်စေနဲ့..ကောင်းကင်ဓားဂိုဏ်းကို ပြန်သွားဖို့တော့ ပြန်စဥ်းစားကြမယ်."
" အဖေ..ကျွန်တော် ဂိုဏ်းကိုပြန်သွားမှာပါ..ကျွန်တော့်အပြုအမူကို ပိုထိန်းသိမ်းပါမယ်..စိတ်ချပြီးလွှတ်ပေးပါ..အခုချိန်ထိလည်း ကျွန်တော်အဆင်ပြေနေသေးတာပဲ.ခွင့်ပြုပေးပါ.."
....
ကျိုးကျစ်လုံ က သားဖြစ်သူကိုစကားပြန်မပြောပဲ အတွေးတွေများနေရသည်။ မဖြစ်မနေအကြောင်းကြောင့်သာ သားဖြစ်သူကို ကောင်းကင်ဓားဂိုဏ်းသို့ လွှတ်လိုက်ရသည်။ ဖခင်တစ်ယောက်အနေနဲ့ သားဖြစ်သူကို လုံခြုံစိတ်ချစေချင်သော်လည်း တစ်ဖက်မှ ငြင်းလို့မရသည့်တာဝန် ဝတ္တရားတွေက ရှိနေသေးသည်လေ။ သူ့သားက ငယ်ငယ်ရွယ်ရွယ်နဲ့ တာဝန်ဝတ္တရားတွေကို ပခုံးပြောင်းလွှဲယူနေရသည်။ ဤကမ္ဘာကြီးရှိ ကျင့်ကြံသူတွေ မိစ္ဆာတွေ နဲ့ လူသားတို့အကြား ဟန်ချက်ညီနိုင်စေဖို့အတွက် သူတို့တွေ လက်ဆင့်ကမ်းထိန်းသိမ်းလာကြတာ..သူတို့ တိမ်လွှာဂိုဏ်း၏ တာဝန်ဖြစ်နေလေသည်။ အမည်ရှိပြီး ဒြပ်ထုမရှိသလို မြင်ရပေမယ့် ကိုင်လို့မရသည့် တိမ်လွှာလေးတစ်ခုအလား ဖြစ်တည်မှုနှင့် ဤဂိုဏ်း၏တာဝန်ကို ထိန်းသိမ်းခဲ့ကြသည်။ အခုချိန်ထိ တိမ်လွှာဂိုဏ်း ဂိုဏ်းချုပ်၏ ညွှန်ကြားမှုအတိုင်း တဖက်က အင်အားကြီး ကျင့်ကြံသူဂိုဏ်းထံသို့ သူလျှိုတစ်ယောက်အနေနှင့် ပို့လွှတ်ခဲ့သည်။ ဒီအတောအတွင်း လမ်းကြောင်းမှားလာခဲ့သည့် ကောင်းကင်ဓားဂိုဏ်း၏ အခြေအနေကို သားဖြစ်သူဆီမှ ထောက်လှမ်းသိရှိခဲ့ရသည်။ ဒီနေ့တော့ သားဖြစ်သူကို ဂိုဏ်းချုပ်နှင့် တရားဝင် မိတ်ဆက်ပေးရန်ပြင်ဆင်ခဲ့ပြီးချိန်မှာတော့ ဒီကောင်လေးက အရုပ်ဆိုးအကျဥ်းတန်တဲ့ လမ်းပေါ်က ရန်ပွဲကို ပြုလုပ်ခဲ့သည်။ ဂိုဏ်းချုပ်၏ စိတ်ပျက်မှုကိုခံရလျှင် မည်ကဲ့သို့ဖြစ်မည်နည်းကို ကြိုတင်တွေးဆ၍မရ၊ မိမိကိုယ်တိုင်လည်း ဂိုဏ်းချုပ်ကို မကြာခဏမြင်ရချင်းမရှိ၊ စိတ်ပျက်မှုကို ခေါင်းခါယမ်း၍သာနေရတော့သည်။
" ထလို့ရပြိီ ..သွား..အနားယူတော့.."
" အဖေ ကျွန်တော် ဂိုဏ်း ကိုပြန်သွားမှာ.."
" အဟက်ဟက်..ဟက်..ဟက်"
ကျိုးထုံ၏ စကားမဆုံးခင်မှာပင် ခပ်သြသြလှောင်ရယ်သံတစ်ခုက ထွက်ပေါ်လာသည်။ သူက အလျင်အမြန်လှည့်ကြည့်လိုက်ပြီးနောက် အိမ်ခန်းဝတံခါးကို မှိရပ်နေသည့် လူတစ်ယောက်ကိုတွေ့လိုက်ရသည်။ ပိန်ပိန်ပါးပါး အရပ်ရှည်ရှည်နှင့် ထိုသူမှာ အရိုးမရှိသကဲ့သို့ တံခါးဘောင်ကို မှီရပ်နေပြီး လရောင်ကြောင့် သူ့မျက်နှာတစ်ခြမ်းကိုမြင်နေရသည်။ အသက်၂၅ ခန့်ရှိပုံရပြီး ထိုအမျိုးသားက တစ်ချက်ကြည့်လိုက်သည်နှင့် ချောမောလှသည်ဆိုသည်မှာ မလွဲပေ။ မထင်မဲ့မြင် ရယ်သံနှင့် အကြည့်တို့က သူ၏ ချောမောလှပမှုကို ပိုမိုမြင့်မားစေပြီး ဆွဲဆောင်မှုရှိလွန်းနေသည်။
ကျိုးကျစ်လုံ က ထိုင်ရာမှအလျင်အမြန်ထလိုက်ပြီးနောက် ရိုသေမှုကိုပြလိုက်သည်။ သူ၏ နှုတ်ခွန်းဆက်စကားက ကျိုးထုံနှင့် ကျိုသခင်မကို အံသြသွားစေ၏။
" ကျွန်တော် ကျိုးကျစ်လုံ ဂိုဏ်းချုပ်ကို ဂါဝရပြုပါတယ်"
ထိုလူ ဂိုဏ်းချုပ်ဆိုသူက ပျင်းရိပျင်းတွဲ မှီရပ်နေရင်းမှ ခေါင်းညိမ့်၍သာအရိုအသေပြုမှုကို လက်ခံလိုက်သည်။
" ကျိုးသူကြီး..ဒီနေ့ ကျိုးရွာကို ကျုပ်လာတာပျော်ဖို့ကောင်းတဲ့အရာတွေ အများကြီးတွေ့ခဲ့တယ်..ခင်ဗျားရဲ့ သားအပါအဝင်ပေါ့."
" ဂိုဏ်းချုပ် ကျွန်တော့်ရဲ့သားက ငယ်ရွယ်ပြီးမလိမ္မာတဲ့အတွက် စိုးရွံမိပါတယ်..ဂိုဏ်းချုပ်ကို မျက်နှာမပြဝံပါဘူး."
" ထားလိုက်ပါ.လူငယ်တွေက မှားခွင့်ရှိပါတယ်..သူ့ကိစ္စက အရေးမကြီးပါဘူး.ကျုပ်သိချင်တာကိုသာ ဖြေပါ."
ဂိုဏ်းချုပ်က ကျိုးထုံနှင့်ပတ်သတ်၍ စိတ်ဝင်စားမှုမရှိသောကြောင့် ကျိုးကျစ်လုံစိတ်ပျက်သွားရသည်။ သူ့အနေနှင့် သားဖြစ်သူကို ဂိုဏ်းချုပ်သဘောကျနှစ်သက်အောင် မြောက်များစွာကြိုးစားခဲ့သည်။ သားဖြစ်သူက အမှားလုပ်မိ၍ ဂိုဏ်းချုပ်စိတ်ပျက်မှုကို ခံရလေမလား စိုးရိမ်မိပေမယ့် နောက်ဆုံးတော့ ဂိုဏ်းချုပ်က စိတ်ဝင်စားမှု အလျင်းမရှိဘူးတဲ့လား.သူ၏သားက တမိုးအောက်တစ်ယောက် ပါရမီရှင်မဟုတ်သော်လည်း လက်ရှိလူငယ်တွေထဲတွင်တော့ တော်တဲ့လူငယ်တစ်ယောက်ပဲလေ၊ ဒါကြောင့်မို့သာ ကောင်းကင်ဓားဂိုဏ်းချုပ်ရဲ့ အတွင်းဆောင်တပည့်တောင် ဖြစ်နေတာပေါ့..ဂိုဏ်းချုပ်ရဲ့ အမြင်က မြင့်လွန်းအားကြီးတာလား.သူ နားမလည်နိုင်တော့..
" ကျုပ်သိချင်တာက ကျိုးရွာထဲမှာ ခန့်မှန်းလို့မရတဲ့ဖြစ်တည်မှုတစ်ခုကို ခံစားသိခဲ့ရတယ်..လူလား.မိစ္ဆာလား မသဲကွဲတဲ့ခံစားမှုတစ်ခု.."
ဂိုဏ်းချုပ်ရဲ့အမေးကြောင့် ကျိုးကျစ်လုံ အံသြသင့်သွားမိသည်။ သူ့အနေနှင့် ထိုကဲ့သို့ဖြစ်တည်မှုကို မခံစားရပေ၊ သူ့အရည်အချင်းနှင့် မမှီသည့် ဖြစ်တည်မှုမို့လို့များလား..
" စိုးရွံ့မိပါတယ် ဂိုဏ်းချုပ် ကျွန်တော် မခံစားမသိရှိနိုင်ခဲ့ပါဘူး..ကျွန်တော့်အရည်အချင်းက နိမ့်ကျလို့."
" အင်း..ထားလိုက်တော့..ငါတောင်မခန့်မှန်းနိုင်တာ..ဘာပဲဖြစ်ဖြစ် အန္တရာယ်ပေးမယ့် အရာမဟုတ်ဖို့ပဲမျှော်လင့်တယ်..ဒီကိုလာရတဲ့ အကြောင်းကိုပဲဆက်ကြတာပေါ့..မင်းရဲ့ အရည်အချင်းရှိတဲ့သားကိုတော့ မြင်ပြီးပြီ.. သူ့အကြောင်းပြောပြပါဦး.."
ဂိုဏ်းချုပ်၏ အမေးကြောင့် ကျိုးကျစ်လုံက ကျိုးထုံကို မျက်နှာရိပ်ပြလိုက်သည်။ ကျိုးထုံက ဒူးထောက်အနေအထားဖြင့်ပင်
" ကျွန်တော် ကျိုးထုံ ဂိုဏ်းချုပ်ကိုနှုတ်ခွန်းဆက်ပါတယ်..အပြုအမူဆိုးတွေပြုလုပ်မိတဲ့အတွက်လည်း တောင်းပန်ပါတယ်.. ရှေ့လျောက် ဂိုဏ်းချုပ်ရဲ့ ညွှန်ကြားပြသမှုကို လိုက်နာဖို့ အဆင်သင့်ရှိပါတယ်.."
" အင်း.ကောင်းတယ်..ငါတို့ တိမ်လွှာဂိုဏ်း အနေနဲ့ အရည်အချင်းရှိတဲ့မျိုးဆက်သစ်တွေကို လိုအပ်နေတယ်..မင်း အရည်အချင်းကမဆိုးဘူး..တစ်ခုပဲ နောက်တစ်ခါ စိတ်လိုက်မာန်ပါ မလုပ်နဲ့.."
" ဟုတ်ကဲ့ ကျွန်တော် နားလည်ပါပြီ. "
" ဒါဆိုရင် ကျုပ်ပြန်တော့မယ်..အဲ့ဒိ့အရာကို လိုက်စုံစမ်းကြည့်လိုက်ဦးမယ်.."
" ဟို..ဂိုဏ်းချုပ်..ခဏ."
" ဘာပြောစရာကျန်သေးလဲ."
ကျိုးကျစ်လုံ၏ ဟန့်တားမှုကြောင့် စောင့်ဆိုင်းလိုက်ပြီး..
" ကျိုးထုံကို ကောင်းကင်ဓားဂိုဏ်းကို ပြန်ပို့သင့် မသင့်..အဲဒါ."
ဂိုဏ်းချုပ် က ကျိုးထုံကို တစ်ချက်ကြည့်လိုက်ပြီး ထိုကလေး၏ရှေ့သို့လျှောက်လှမ်းသွားသည်။ သူက ဒူးထောက်ထိုင်နေသော ကောင်လေး၏ပုခုံးကို တစ်ချက်ပုတ်လိုက်ပြီးနောက်...
" မင်းကိုယ်မင်း ကာကွယ်နိုင်မယ်ထင်ရန် ပြန်သွားလို့ရတယ်..ဒီအတောအတွင်း မင်းကျေးဇူးကြောင့် သတင်းတွေအများကြီးသိခဲ့ရတာ..ဒါပေမယ့် လူ့အသက်က ပထမဦးစားပေးမို့..သတိထားပါ.."
ကျိုးထုံက ဂိုဏ်းချုပ်၏ နူးညံ့တဲ့စကားသံကြောင့် အားတက်သွားရသည်။ သူက ကောင်းကင်ဓားဂိုဏ်း၏ တပည့်တစ်ယောက်အနေဖြင့် နေနေရသော်လည်း တကယ်တမ်းတော့ သူလျှိုတစ်ယောက်သာဖြစ်သည်။ ကောင်းကင်ဓားဂိုဏ်းချုပ် ဟုန်ရွီ၏ ဘယ်လိုသောမှတ်ချက်ကောင်းတွေရရ သူ့မူလဂိုဏ်းချုပ်၏ စကားတစ်ခွန်းလောက်တော့ အင်အားမဖြစ်စေခဲ့။ သူက သိတက်စအရွယ်မှာပင် သူ့ဖခင်မှတစ်ဆင့် တိမ်လွှာဂိုဏ်းသားတစ်ယောက်ဖြစ်လာခဲ့ပြီး ဂိုဏ်းချုပ်ကို မမြင်ဖူးခဲ့ပေ၊ သူ့အတွေးထဲမှ ဂိုဏ်းချုပ်ပုံရိပ်က ကြောက်ဖို့ကောင်းမည်ဟုထင်ခဲ့သော်လည်း ဤကဲ့သို့ လူငယ်လေးတစ်ယောက်အသွင်နှင့် နူးညံ့သော စိတ်ထားကောင်းပိုင်ဆိုင်ထားလိမ့်မည်ဟု မထင်ခဲ့ပေ။ ခုတော့ ဂိုဏ်းချုပ်ကို သူ၏ စံပြပုဂ္ဂိုလ်အဖြစ်သတ်မှတ်ပြီး ဂိုဏ်းချုပ်စကားအတိုင်းနေထိုင်မည်ဟု ဆုံးဖြတ်လိုက်သည်။
" ကျွန်တော် ဂိုဏ်းချုပ်ကို စိတ်မပျက်စေရပါဘူး.."
ဂိုဏ်းချုပ်က ခေါင်းတစ်ချက်ငြိမ့် အသိအမှတ်ပြုလိုက်ပြီးနောက် ည၏လေအဝှေ့တွင်ပင် ပျောက်ကွယ်သွားတော့သည်။
ကိုယ့်အပိုင်းသစ်လေးတွေ စောင့်ဖတ်ပေးတဲ့လူတွေရှိလို့ အားတက်ရပါတယ်..ဖတ်တဲ့လူနည်းနေသေးပေမယ့်လည်း...✌✌✌
Thanks all my readers and love u 😘😘😘
#바보천사
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
