မြေခွေးအပြုအမူနဲ့ သူ..

405 37 1
                                        

Unicode

ကျိုးထုံက ဟုန်လင်း၏အခန်းရှိရာသို့အပြေးရောက်ရှိချိန်မှာတော့ သူမအခန်းရှေ့တွင် ချန်ယွင် နှင့် ဟုန်ကုမင်က ရောက်ရှိနေပြီဖြစ်သည်။ ဟုန်ကုမင်က ကျိုးထုံကို မုန်းတီးရွံရှာဖွယ်အကြည့်နှင့် ကြည့်လိုက်ပြီး သူ့အား စတင်အော်ငေါက်လိုက်သည်။
" မင်း..^^ကောင်! မင်းတမင်လုပ်တာမလား..ညီမလေးက မြူခိုးပန်းနဲ့မတည့်မှန်းသိလို မင်းတမင်ထည့်လိုက်တာ..ငါ.ဒီနေ့ မင်းကို သတ်မယ်..မင်းကို မသတ်ရရင် ငါ ဆရာ့ရဲ့ တပည့်ကြီးမလုပ်တော့ဘူး.."
ဟုန်ကုမင်က ကျိုးထုံ၏ အင်္ကျီလည်ပင်းစ ကို ဆွဲလိုက်ပြီး သူ့အားတွန်းထုတ်လိုက်၏။ ကျိုးထုံက အဆောင်လှေကား ၃ ဆင့်မှ ပြုတ်ကျသွားပြီး မြေပြင်တွင်ခွေခွေလေး လဲကျသွား၏။ သူ ပြန်မထနိုင်ချိန်လေးတင်မှာပဲ ဟုန်ကုမင် က သူ့အားအပေါ်စီးမှ ဖိနင်းရင်ကြိုးစားလိုက်သည်။ တစ်ချိန်လုံး ရပ်ကြည့်နေသော ချန်ယွင်က ဟုန်ကုမင်ကို အနောက်မှ ချုပ်လိုက်ရပြီး..
" အကိုကြီး..သူ တမင်လုပ်တာ မဟုတ်လောက်ပါဘူး..အထင်လွဲတာဖြစ်မှာပါ..အထဲမှာ..ဆရာရှိနေတယ်လေ..ဆရာစီစဥ်လိမ့်မယ်"
"မင်းဖယ်စမ်း..လွှတ်.ငါ့ညီမကို အကောက်ကြံတဲ့ကောင်ကို ခွင့်မလွှတ်ဘူး"
ချန်ယွင်က ဟုန်ကုမင်အားဆွဲထားပေမယ့် သူက ဟုန်ကုမင်အားယှဥ်နိုင်သည့် အရည်အချင်းမရှိသေးပေ။ ဟုန်ကုမင် က သူ့လက်ထဲမှ ထပ်မံလွတ်ထွက်သွားပြီး ကျိုးထုံကို ကန်လိုက်ပြန်သည်။
" အားမင်..တော်တော့ "
ထိုစကားသံကြောင့် ဟုန်ကုမင်၏ လှုပ်ရှားမှုက ရပ်တန့်သွားပြီး နောက်သို့ပြန်လှည့်ကာ သူ၏ဆရာကို ဂါဝရပြုလိုက်သည်။ မြေ၌လဲကျနေသော ကျိုးထုံကို ချန်ယွင် ကဆွဲထူလိုက်ပြီးနောက် ဆရာဖြစ်သူကို အတူဂါဝရပြုလိုက်သည်။

ဂိုဏ်းချုပ်ဟုန်ရွှီက အမူအယာမဲ့မျက်နှာနှင့် တစ်လှမ်းချင်းလျှောက်လှမ်းလာပြီးနောက် သူတို့ ၃ ယောက်ရှေ့တွင် ရပ်တန့်လိုက်သည်။ သူ၏ အနောက်မှ ဟုန်လင်းက သူမ၏ မျက်နှာကို လက်နှင့်အုပ်ကာလိုက်လာ၏။ သူမက ကျိုးထုံကို အစိမ်းလိုက်ဝါးစားပစ်ချင်သည့် အကြည့်မျိုးနှင့်ကြည့်ပြီး အံတကြိတ်ကြိတ်ဖြစ်နေသည်။
" ကုမင်...မင်းမျက်လုံးထဲမှာ ငါရှိနေသေးရဲ့လား..." ဟုန်ရွီ၏ အေးစက်စက်စကားသံက ဟုန်ကုမင် ကို ဦးတည်သွားသောကြောင့် ဟုန်ကုမင် အနည်းငယ် တုန်လှုပ်သွား၏။ သူက လျင်မြန်စွာဖြင့် ခုခံစကားကို စတင်ပြောဆိုလေသည်။
" ဆရာ့ကို ကျွန်တော် ရိုင်းပြမိသွားပါတယ်..ကျိုးထုံက ည်ိမလေးအပေါ် အကောက်ကြံလိုက်တာကို ဒေါသထွက်သွားမိလို့ပါ...ဆရာ..ဒီကောင်..အဲ.ကျိုးထုံ ကို အပြစ်ပေးပေးပါ၊ သူက အားလင်းရဲ့ မျက်နှာသစ်ရေထဲကို မြူခိုးပန်းထည့်ခဲ့တာပါ..."
ဟုန်ရွီ က ဟုန်ကုမင်၏ စကားကို နားထောင်ပြီးနောက် ကျိုးထုံကို ကြည့်လိုက်၏။
" သူပြောတာဟုတ်လား...ကျိုးထုံ.. ".
" ကျွန်တော်..ကျွန်တော် ထည့်လိုက်မိပါတယ်..ဒါ..ဒါပေမယ့်..ဂိုဏ်းတူအမက အဲ့ပန်းနဲ့မတည့်တာကို မသိလိုက်လို့ပါ...ဆရာ..ကျွန်တော့်အမှားပါ..ဂိုဏ်းတူအမကို ထိခိုက်စေမိတယ်..ဆရာ..ကျွန်တော့်ကို အပြစ်ပေးပါ.."
ကျိုးထုံက သူ့ပြောစကားဆုံးသည်နှင့် ဒူးထောက်လိုက်ပြီး မြေပြင်နှင့် ဦးခေါင်းကို ထိကပ်ထား၏။
" နင်..လျှောက်ပြောတာ..ငါ. အဲ့ပန်းနဲ့မတည့်တာ နင်သိတယ်..နင်တမင်လုပ်တာ..အဖေ..သူသိတယ်..သူသိတယ်သိလား..သူ့ကိုအပြစ်ပေးပါ..သမီးမျက်နှာ ခု..ဘယ်လိုလုပ်မလဲ..သူ့ကို မကျေဘူး..သူ့ကို ဂိုဏ်းကနေမောင်းထုတ်လိုက်.."
" ဂိုဏ်းတူအမ အထင်လွဲနေတာပါ..ကျွန်တော် တကယ်မသိတာပါ...ကျွန်တော်က ဂိုဏ်းတူအမကို ဘာလို့အကောက်ကြံရမှာလဲ..ကျွန်တော်မလုပ်ရဲပါဘူး..ဆရာ..ကျွန်တော့်ကို မောင်းမထုတ်ပါနဲ့..ဆရာ..တကယ်အထင်လွဲခံရတာပါ.."
ကျိုးထုံက ဟုန်ရွီ၏ အင်္ကျီ လက်စကိုဆဲဲပြီး အသည်းအသန်တောင်းပန်နေသည်။ ဟုန်လင်းနှင့် ဟုန်ကုမင်က ဂိုဏ်းကနေမောင်းထုတ်ရန် ပြောနေကြသည်။ အခြေအနေက ဝရုန်းသုန်းကားဖြစ်နေသော်လည်း ချန်ယွင်ကတော့ နေရာတွင်တည်ငြိမ်စွာရပ်နေဆဲပင်။
" တော်ပြီ..တော်ပြီ..အားလုံးတိတ်တော့.." ဟုန်ရွီက လက်ကို ခါယမ်းလိုက်ပြီးနောက် အမိန့်ပေးလိုက်တော့မှ အားလုံးငြိမ်ကုန်ကြ၏။
" ချန်ယွင် ဒီကိစ္စကို မင်းဘယ်လိုထင်လဲ.." ဟုန်ရွီ က ချန်ယွင် ကိုလှည့်မေးလိုက်သောကြောင့် အားလုံး၏အကြည့်က ချန်ယွင် ဆီသို့ရောက်ရှိသွားသည်။
" ကျွန်တော်.." ချန်ယွင် က စကားစလိုက်ပြီးမှ..ပြန်လည်ရပ်တနွသွားသည်။
" ကိစ္စမရှိဘူး..မင်းသိထားတာပြောလို့ရတယ်.."
ဟုန်ရွီ၏ ခွင့်ပြုချက်ရမှ ချန်ယွင်က စကားပြန်စသည်။
" ကျွန်တော် ထင်တာတော့ အထင်လွဲခံရတာဖြစ်ပါလိမ့်မယ်.."
" ဘာမှ..အ" ဟုန်လင်း၏ ဝင်ပြောသံက မဆုံးလိုက် ဟုန်ရွီ က လက်ကာပြီးတားလိုက်သောကြောင့်ရပ်သွား၏။
" ကျိုးထုံက ဂိုဏ်းတူညီမလေးနဲ့ မြူခိုးပန်းမတည့်တာ သိပုံမရဘူး...ဘာလို့ဆို ကျွန်တော်တောင် ဒီနေ့မှ စသိတညမို့လို့ပါ...ကျိုးထုံက ဂိုဏ်းကိုရောက်တာ မကြာသေးတဲ့အပြင် သူက တစ်ပါးသူကို အကောက်ကြံရဲမယ့် သတ္တိရှိလောက်မှာမဟုတ်ဘူး..ဟုန်လင်းက ဆရာ့ရဲ့သမီးဆိုတာ သူသိနေတော့ ပိုလို့ထိရဲမှာမဟုတ်လောက်ဘူး..အထင်လွဲခံရတာဖြစ်မှာပါ.."
" ဟုတ်တယ်..ဟုတ်တယ်..ဆရာ..ကျွန်တော့်လို ဂိုဏ်းကိုရောက်တာမကြာသေးတဲ့ အငယ်ဆုံးတပည့်တစ်ယောက်က အကြီးတွေကို ရန်မပြုရဲပါဘူး..ဆရာ..ကျေးဇူးပြု၍ အထင်မလွဲပါနဲ့..ဂိုဏ်းတူအမ..ဂိုဏ်းတူအမကို ကျွန်တော် တမင်လုပ်တာမဟုတ်ပါဘူး..ကျွန်တော် တကယ် မသိလိုက်လို့ပါ..ခွင့်လွှတ်ပေးပါ..နောက်တစ်ခါမမှားစေရပါဘူး.."
ကျိုးထုံက ချန်ယွင် ၏စကားကိုနင်း၍ တောင်းပန်စကားဆိုသည်။ သူက အကုန်လုံးကို မြေကြီးနှင့်ဦးခေါင်းထိသည်အထိ ဦးညွှတ်ပြီး တောင်းပန်နေသည်။ ဟုန်ရွီ က ခေါင်းအနည်းငယ်ခါယမ်းလိုက်ပြီး ကလေးအချင်းချင်းအထင်လွဲသည့် ပြသနာဟုသာသက်မှတ်လိုက်သည်။..
" ကဲ..ထားလိုက်တော့ နောက်တစ်ခါ ဒီလိုကိစ္စ မဖြစ်စေနဲ့...ပြီးတော့ အားလင်း.သမီးရဲ့ မျက်နှာသစ်ရေကို ဘာလို့ကျိုးထုံကို လုပ်ခိုင်းရတာလဲ...သမီးမှာ ကိုယ်ပိုင်အစေခံတွေ ရှိသားပဲကို..."
ဟုန်ရွီ၏ အမေးကြောင့် ဟုန်လင်းဘာပြန်ဖြေရမလဲမသိတော့။ သူမက ဒီကောင်လေးကို အနိုင်ကျင့်ခြင်၍ လုပ်ခိုင်းခြင်းသက်သက်ဖြစ်ကာ အကြောင်းပြချက်က ရှာ၍မရပေ။
သူမက အကြောင်းပြချက်ကို အသည်းအသန်ရှာနေဆဲမှာပင်..
" ဆရာ..ဂိုဏ်းတူအမကို မဆူပါနဲ့..ကျွန်တော်အတွေ့အကြုံရအောင် ဂိုဏ်းတူအမက ခိုင်းတာပါ..အငယ်ဆုံးတစ်ယောက်အနေနဲ့ အကြီးတွေကို လုပ်ကျွေးပြုစုရမှာ တာဝန်ပါပဲ..ကျွန်တော် ဒီလိုလုပ်ရတာ မပင်ပန်းပါဘူး..ဂိုဏ်းတူစီနီယာတွေအတွက် မျက်နှာသစ်ရေလုပ်ပေးရတာ..ထမင်းယူပေးရတာ..အဝတ်လျှော်ပေးရတာတွေက ကျွန့်တော့်အတွက်မပင်ပန်းပါဘူး..စီနီယာတွေက ကျွန့်တော့်ကို အလေးထားပေးတယ်လို့ပဲထင်ပါတယ်.."
ကျိုးထုံ၏ စကားကို စေ့စေ့စပ်စပ်နားထောင်လိုက်ပြီးနောက် ဟုန်ရွီ သဘောပေါက်နားလည်သွားသည်။ သူ၏ သမီးဖြစ်သူနှင့် တူဖြစ်သူတို့က ဒီကလေးကို အနိုင်ကျင့်နေမှန်း၊ ဂိုဏ်းတွေထဲမှာ စီနီယာတွေက ဂျူနီယာတွေကို အနိုင်ကျင့်နေကြမှန်း သိပေမယ့် သူ၏ သမီးနှင့် တူဖြစ်သူမှာလည်း ထိုကဲ့သို့အကျင့်ဆိုးရှိနေမည်ဟုမထင်ခဲ့၊ သူက ဂိုဏ်းချုပ် တစ်ယောက်ဖြစ်ပြီး မှန်ကန်မှုကို အလေးထားသူဖြစ်သည်။ သူက သမီးဖြစ်သူနှင့် ဟုန်ကုမင်ကို ကြည့်လိုက်တော့ နှစ်ယောက်လုံးက အကြည့်ချင်းမဆိုင်ပဲ ခေါင်းငုံ့ထားကြသည်။ သူက ထိုနှစ်ယောက်ကို နောက်မှ အပြစ်ပေးတော့မည်ဟု ဆုံးဖြတ်လိုက်ပြီးနောက် ဒူးထောက်လျက်ရှိနေဆဲဖြစ်သော ကျိုးထုံကို မတ်တပ်ရပ်စေလိုက်၏။ ကျိုးထုံ က ဆရာဖြစ်သူ၏ စကားကိုနာခံပြီး မတ်တပ်ထရပ်ရန်ပြင်လိုက်သည်။ သူက အစောပိုင်းက ဟုန်ကုမင်၏ အရိုက်အနှက်ခံထားရသောကြောင့် မတ်တပ်ရပ်ဖို့အနိုင်နိုင်ပုံစံဖြင့် ဒယိမ်းဒယိုင် ထရပ်လိုက်သည်။ သူက ခြေထောက်ကိုမထောက်နိုင်ပဲ ဟန်ချက်ပျက်သွားပြီးနောက် သူ့ဆရာရှေ့တွင် လဲကျမလိုဖြစ်သွားသည်။
ဟုန်ရွီက ကျိုးထုံ ကိုလှမ်းဖမ်းထိန်းလိုက်သော်လည်း အင်္ကျီစကိုသာဆွဲမိကာ ကျိုးထုံ၏ ပြေလျော့လျော့အင်္ကျီက တစ်ဝက်မျှ လျှောကြသွား၏။
ကျိုးထုံက မြေပြင်သို့ပြန်လဲကျသွားပြီး ဟုန်ရွီ က သူ့အားဆွဲထူမပေးလိုက်သည်။ ဟုန်ရွီ မြင်လိုက်သည်က ကျိုးထုံ၏ ရင်ဘက်နှင့် ပုခုံးမှ အညိုအမဲဒဏ်ရာတွေပင်။ ဟုန်ကုမင်က ခေါင်းဆင်နင်းခံရတော့မည်ဟု အတွေးပင်ရောက်လာကာ ခြေဖျားလက်ဖျားတွေပင် အေးစက်လာတော့သည်။
" မင်း..ခန္ဓာကိုယ် က ဒဏ်ရာတွေက..."
" ဟို..ဟို..ကျွန်တော်..လေ့ကျင့်ရင်း ထိခိုက်မိတာပါ.." ကျိုးထုံ၏ အသံက တိမ်ဝင်သွားပြီး ခပ်တိုးတိုးဖြေ၏။
" လေ့ကျင့်ရင်းရတာ..ငါ့ကို သေချာပြောပြစမ်း..." ဟုန်ရွီ၏ အသံက အနည်းငယ်မြင့်လာသောကြောင့် ကျိုးထုံ က ခန္ဓာကိုယ် ကို ပိုကျုံ့ဝင်စေလိုက်သည်။ သူက ခေါင်းကိုသာ ငုံ့ထားပြီး မည်သည့်စကားမျှ ပြန်မဖြေပေ။ ဟုန်ရွီက ဟုန်ကုမင်နှင့် သမီးဖြစ်သူ ကိုလှည့်ကြည့်လိုက်ပြီးနောက် နောက်ဆုံး ချန်ယွင် ကိုသာ မေးခွန်းထုတ်လိုက်၏။
" ချန်ယွင်..ဒီကိစ္စ ဘယ်လိုဖြစ်တာလဲ..မင်းသိလား.."
ချန်ယွင်က ခေါင်းကို ခါယမ်းလိုက်ပြီး မသိကြောင်းဖြေ၏။ သူက ဆရာဖြစ်သူ၏ သင်ကြားမှုပြီးသည်နှင့် သီးသန့်တစ်ဦးတည်းနေလေ့ရှိသူဖြစ်သောကြောင့် သူမသိသည်မှာ သဘာဝကျပေသည်။ ဟုန်ရွီ ကမူ သက်ပြင်းအချို့ကို ထပ်ချလိုက်မိပြီး သမီးဖြစ်သူနှင့် တူဖြစ်သူတို့၏ အကျင့်စရိုက်နှင့်ပတ်သတ်၍ စီစစ်ဖို့လိုကြောင်း တေးမှတ်ထားလိုက်သည်။ ကျိုးထုံ၏ ဒဏ်ရာများက ရိုက်နှက်ခံထားရခြင်းမှ ရပုံပေါ်ပြီး နေ့စဥ်ရက်စက် ရိုက်ခံထားရပုံရသည်။ ဒဏ်ရာအညိုအမဲများက အထပ်ထပ်ဖြစ်လို့နေပြီး ဒီကောင်လေး ပြောသလို လေ့ကျင့်ရင်းရသည့်ဒဏ်ရာမဖြစ်နိုင်ပေ။ ဒီကလေးက သူမခေါ်လာခင်ကတည်းက အခြေတည်အဆင့်ရောက်ရှိပြီးသားဖြစ်ကာ သိုင်းပညာလည်းကောင်းမွန်နေပြီးသားဖြစ်သည်။ သူက အကြီးတွေဆီက အနိုင်ကျင့်တာခံထားရပုံပေါ်ပြီး ပြန်လည်ပြောပြရန်ကြောက်ရွံ့နေပုံရသည်။ ဟုန်ရွီက သူ၏ တပည့်များအပေါ်သင်ကြားပြသမှု မလုံလောက်သေးသောကြောင့် ဤကဲ့သို့အနိုင်ကျင့်မှုများဖြစ်ပေါ်လာသည်ဟုသာ သတ်မှတ်မိတော့သည်။

ကံကြမ္မာနှင့်ယှဥ်၍Место, где живут истории. Откройте их для себя