Unicode.
၃ ရက်ခန့်ကြာပြီးချိန်တွင် ချန်ဘုရင်နှင့် ကျန်းစစ်သူကြီး တို့သည် မြောက်ဘက်အရပ်သို့ ခရီးနှင်ခဲ့၏။ မြောက်အရပ်သို့ အရင်ရောက်ရှိနေပြီဖြစ်သော အိမ်ရှေ့စံ မသိစေရန်အလို့ငှာ နောက်လိုက်အနည်းငယ်သာခေါ်၍ အမဲလိုက်ခရီးထွက်ခဲ့ခြင်းဖြစ်သည်။ မင်းကြီးကိုမူ အမဲလိုက်ခရီးစဥ်ကိုလျို့ဝှက်သွားခြင်းက မင်ကြီး၏ လုံခြုံရေးအတွက် အပြင် မြောက်ဖက်အရပ်ကိုပါ လျို့ဝှက်လေ့လာနိုင်သည်ဟု ဆိုထားခဲ့သည်။
" စစ်သူကြီးကျန်း... နှစ်တစ်ထောင် အမွှေးနီ ဒရယ် တကယ်ရှိတာသေချာပါတယ်နော်.."
" အရှင်မင်းကြီး သားကောင်က တကယ်ရှိပါတယ်..ခိုင်လုံတဲ့ သတင်းအချက်အလက်လည်း ရထားပါတယ်..အစကတော့ ကျွန်တော်မျိုးကိုယ်တိုင် ဖမ်းပြီး အရှင့်ကို ဆက်သ ချင်ပေမယ့် အရှင်ကိုယ်တိုင် ဖမ်းရတာ ပိုနှစ်သက်မယ်ထင်လို့ပါ... ကျွန်တော်မျိုး အရှင့်ကို လိမ်လည် မလှည့်ဖျားရဲပါဘူး.. "
" ဟား..ဟား..ဟားဟား စစ်သူကြီး ကျန်းကို ယုံပါတယ်.. ကျုပ်တို့ အတူတူတိုက်ပွဲဝင်လာခဲ့တာလည်း နည်းမှမနည်းတော့တာ.. ကျုပ်က စကားအဖြစ် ပြောလိုက်တာပါ.. အမဲလိုက်တဲ့ အကြောင်းမဟုတ်ပဲ တခြားအကြောင်းအရာများရှိနေမလားလို့ပါ."
ကျန်းစစ်သူကြီး က သက်ပြင်းတစ်ချက် မသိမသာချလိုက်ရင်း
" တကယ်တော့ တစ်ခြားအကြောင်းအရာလည်းရှိပါတယ် အရှင်..ဒါပေမယ့် ကျွန်တော်မျိုးပါးစပ်ကနေထုတ်ပြောဖို့မသင့်လျော်လို့ အရှင့်မျက်စိ နဲ့မြင်ရရင် ပိုသင့်တော်မယ်ထင်လို့ ဒီလိုခေါ်ထုတ်လာရတာပါ.."
" အင်း.. အိမ်ရှေ့စံနဲ့ ပတ်သတ်နေတာလား စစ်သူကြီးကျန်း "
" ကျွန်တော်မျိုး သေချာပေါက် မပြောရဲသေးပါဘူး.. ကျွန်တော်မျိုးကြားထားတဲ့ သတင်းတချို့က စိုးထိတ်စရာကောင်းပေမယ့် အမှန်မဟုတ်ပါစေနဲ့လို့ပဲ ဆုတောင်းပါတယ် အရှင်"
ကျန်းစစ်သူကြီး သည် စကားဆိုရင်း ဘုရင်မင်းမြတ်၏ မျက်နှာအရိပ်အယောင်ကို သတိထားနေေသာ်လည်း ချန်ဘုရင်၏ မျက်နှာသည် မည်သည့်အရိပ်အယောင်မျှမပြပေ။ အိမ်ရှေ့စံနှင့်ပတ်သတ်၍ သွေးထိုးစကားများကို ဆိုချင်သော်လည်း ဘုရင်၏ စိတ်အခြေအနေကို ခန့်မှန်း၍ မရသောကြောင့် စကားကို ထိန်းပြီးသာ ပြောနေရသည်။ သို့ပေမယ့် မြောက်ဖက်အရပ်ကို ရောက်ဖို့က ၃ ရက်တာခန့်သွားရဦးမည်ဖြစ်ပြီး အချိန်ရှိနေသေးသည်။ ထိုအချိန်အတွင်း ဘုရင်မင်းမြတ်၏ အိမ်ရှေ့စံအပေါ်ထားသည့်စိတ်ကို အနည်းငယ် ယိမ်းယိုင်စေပြီး အိမ်ရှေ့စံ၏ မြောက်ဖက်မျိုးနွယ်စုများ၏ လျို့ဝှက်တွေ့ဆုံမှုသာ တွေ့သွားခဲ့ရင် အရာရာသည် မိမိဖြစ်စေချင်သည့်အတိုင်းဖြစ်ပေတော့မည်ဖြစ်သည်။ ကျန်းစစ်သူကြီး သည် စိတ်ထဲမှအကြံအစည်များကို ချမှတ်နေပြီး ကျေနပ်နေသည်။
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
