Unicode
" ဟူး...ဒီနေ့တော့ ဟင်းရွက်ခူးပြီးပဲပြန်ရတော့မယ်ထင်တယ်..သားကောင်လည်း တစ်ကောင်မှ မတွေ့ဘူး"
ကျန်းစီကျူးက တောအတွင်းတစ်ကိုယ်တည်းလမ်းလျှောက်နေရာမှ ရေရွတ်မိသည်။
ယနေ့မနက် အစောပိုင်းကပင် သူမ အမဲလိုက်ရန် တောထဲသို့ဝင်ခဲ့ပြီး ယခု ညနေစောင်းချိန်ထိ သားကောင်အကြီးတင်မက ယုန်တစ်ကောင်ပင်မတွေ့ပေ။
အရင်က ဒီလိုမဖြစ်ဖူးပါဘူး...ဒီနေ့ သားကောင်မတွေ့ရုံမက တောက အရမ်းတိတ်ဆိတ်နေတယ်။ မူမမှန်တာ တစ်ခုခုပဲ။ သူမက သတိချပ်လိုက်ပြီး သူမ၏ လေးနှင့်မြှားကို အဆင်သင့်ပြင်ထားသည်။ တော်တော်ကြာကြာ ဆက်လျှောက်ကြည့်သော်လည်း မည်သို့သော ထူးခြားမှုမျိုးကိုမှမတွေ့။ နောက်ဆုံးတော့ သူမ လက်လျှော့လိုက်ပြီး အိမ်ပြန်ရန်သာဆုံးဖြတ်လိုက်သည်။ သူမက ခြေလှမ်းငါးလှမ်းခန့် လှမ်းအပြီးနောက်မှာတော့ ဆုံးဖြတ်ချက်ကိုပြန်ပြင်လိုက်သည်။ ရွာသို့ သားကောင်မပါဘဲ ပြန်ရသည်မှာ ရှက်စရာကောင်းသည်ဟု သူမထင်သည်။ သူမ တစ်ခါမှမသွားဖူးခဲ့သည့် တောင်၏တစ်ဖတ်ခြမ်းသို့သွားရန် ဆုံးဖြတ်လိုက်သည်။ တောင်၏တစ်ဖတ်ခြမ်းတောအုပ်သည် တားမြစ်ခံနေရာဖြစ်သည်။ ရွာမှ မုဆိုးအရင့်အမာများပင် မသွားဝံ့ပေ။ ကျန်းစီကျူး ကိုလည်း ဦးလေးကျိုးက လုံးဝမသွားခိုင်းသည့်နေရာဖြစ်သည်။ ထိုနေရာမှာ မိစ္ဆာတစ်ပါးနေထိုင်သည်ဟု ကြားဖူးပြီး လူတွေမရောက်သည်မှာ နှစ်ပေါင်းဆယ်နှင့်ချီနေပြီဖြစ်သည်။
ကျန်းစီကျူး က တောတိရစ္ဆန်တွေကို မကြောက်သော်လည်း မိစ္ဆာကိုတော့ နည်းနည်းလန့်၏။ သူမက တားမြစ်တောအစပ်နားလောက်သာဝင်ပြီး သားကောင်တစ်ခုခုရသည်နှင့် ချက်ချင်းပြန်ထွက်မည်ဟု ဆုံးဖြတ်ထားသည်။ ဒါဆိုရင် မိစ္ဆာ နဲ့တော့မဆုံလောက်ပါဘူးလေ ဟု သူမကိုယ်သူမ အားတင်းရင်း လျှောက်လာခဲ့သည်။
ကျန်းစီကျူး တစ်ယောက် တားမြစ်တောစပ်နားရောက်လာသည်နှင့် ခြေသံကို အထူးဂရုပြု၍ နင်းလျှောက်လာခဲ့သည်။ သူမ ကံကောင်းသည်။ တောအစပ်နားတွင်ပင် ဒရယ်ပေါက်လေးတစ်ကောင် အစာစားနေသည်ကိုတွေ့ရသည်။ သူမက လေကြောင်းကိုစစ်ဆေးကြည့်ပြီး ဒရယ်ပေါက်လေး သူမကို အနံ့မခံနိုင်သည့်ဘက်မှ ဖြည်းညင်းစွာလျှောက်ရင်း တိုးကပ်သွား၏။ ဒရယ်ပေါက်လေးနှင့် မနီးမဝေးခြုံပုတ်အတွင်းနေရာယူရင်း အသက်ကိုအောင့်၍ လေးကိုဆွဲတက်လိုက်ကာ သားကောင်ကို ချိန်ယွယ်လိုက်သည်။ သူမက ဒရယ်ပေါက်လေး၏ လည်ပင်းနေရာကိုချိန်ပြီး မြှားကိုလွှတ်ရန်ပြင်ဆင်လိုက်ချိန်တွင် သူမ၏ အနောက်ဖက်မှ လေတိုးသံနှင့်အတူ ရိပ်ခနဲလှုပ်ရှားမှုကို သတိထားမိလိုက်၏။ သူမက လေးတင်ထားသည့်ပုံစံဖြင့်ပင် ခန္ဓာကိုယ် ကို နောက်သို့လှည့်ကြည့်လိုက်သည်။ သူမ၏ နောက်ဖတ်တွင် ရှင်းလင်းနေပြီး မည်သည့်အရာမျှမရှိပေ။ ကျန်းစီကျူး က ကျောရိုးတစ်လျှောက်အေးစိမ့်သွားပြီး အနည်းငယ်လန့်လာသည်။ သို့သော် သူမက တည်ငြိမ်စွာဖြင့် ပတ်ဝန်းကျင်အနေအထားကို အကဲခတ်နေတုန်းပင်။ အတန်ကြာ သူမ ပတ်ဝန်းကျင်ကို အကဲခတ်သော်လည်း ဘာမျှမတွေ့၍ သူမက ဒရယ်ပေါက်လေးဘက်သို့ ပြန်ဦးတည်လိုက်သည်။ သို့သော် ဒရယ်ပေါက်လေးက နေရာတွင်မရှိတော့ပေ။
" တောက်. လွတ်သွားပြီ"
သူမက တောက်တစ်ချက်ခေါက်လိုက်ပြီး ခပ်တိုးတိုးရေရွတ်လိုက်သည်။ ကျန်းစီကျူးက တားမြစ်တော အတွင်းပိုင်းထိမဝင်ဘဲ အပြင်ဘက်ခြမ်းမှပင် သားကောင်များကို ဆက်ရှာနေသာ်လည်း တစ်ကောင်မျှပင် မတွေ့တော့ပေ။ ညနေစောင်းလာပြီဖြစ်၍ သူမက တကယ်လက်လျှော့လိုက်ရပြီး ရွာသို့ပြန်လာခဲ့ရသည်။
နောက်တစ်နေ့မနက်မလင်းခင်ပင် ကျန်းစီကျူး က အမဲလိုက်ရန် ထပ်မံထွက်လာပြန်သည်။ သူမအနေဖြင့် မနေ့က အမဲမရသည်ကို ယချချိန်ထိ ဒေါသထွက်နေဆဲပင်။ သူမက တောအတွင်းခြေခြလိုက်သည်နှင့် မနေ့က အခြေအနေနှင့်တူတူပဲဆိုသည်ကို ခံစားသိရှိလိုက်ရသည်။ သူမက တစ်နာရီနီးပါးမျှ လှည့်ပတ်ကြည့်သော်လည်း အခြေအနေက မထူးလာသည့်အတွက် တားမြစ်တောကို ထပ်မံသွားရန်ဆုံးဖြတ်လိုက်သည်။
ကျန်းစီကျူး တားမြစ်တောအစပ်နားသို့အရောက် မနေ့ကတွေ့ခဲ့သည့်နေရာ၌ပင် ဒရယ်ပေါက်လေးကို တွေ့ပြန်၏။ သူမက ဒီတစ်ခါတော့ အလွတ်မပေးဘူးဟု ဆုံးဖြစ်ပြီး ချည်းကပ်သွားသည်။ သူမ၏ လေးနှင့်မြှားကို ချက်ချင်းပင်ချိန်ယွယ်ကာ ဒရယ်လေးရှိရာသို့ပစ်လွှတ်လိုက်သည်။ ထိုအချိန်တွင် ဒရယ်ပေါက်လေးက အသံတစ်သံသံကြားလိုက်ပုံပေါက်ပြီး ခေါင်းစောင်းလိုက်သဖြင့် သူမ၏ မြှားချက်က နားရွက်ကိုသာ ပြတ်ရှသွားစေသည်။ ဒရယ်ပေါက်လေးက အန္တရယ်ကို ခံစားမိပြီး ပြေးထွက်သွားတော့သည်။
ကျန်းစီကျူးက မြှားနောက်တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး ဒရယ်ပေါက်လေး၏ အနောက်သို့ပြေးလိုက်သွားသည်။ သူမက အမဲလိုက်ရန်သာ စိတ်စောနေပြီး သူမပြေးဝင်သွားသည်မှာ တားမြစ်တောအတွင်းပိုင်းဆိုသည်ကို သတိမရတော့ပေ။
ကျန်းစီကျူး က ဒရယ်ပေါက်နောက်သို့ လိုက်ရင်းပင် မြှားကို ချိန်ပြီးထပ်မံပစ်လွှတ်လိုက်ပြန်၏။ မြှားတံက ဒရယ်ပေါက်လေးဆီသို့ ပြေးဝင်ရောက်သွားပြီး ထိခါနီးအချိန်တွင်...
" ရွှီ...ဖျောက်.." တစ်စုံတစ်ခုက သူမ၏မြှားတံကို ကျိုးသွားစေပြီး လမ်းကြောင်းလွဲသွားစေ၏။ သူမ ပြေးနေရာမှ ရပ်လိုက်ပြီး အသင့်အနေထားဖြင့် ထိုအရာလာရာဘက်သို့ ရင်ဆိုင်လိုက်သည်။ လှုပ်ရှားမှု၊ အရိပ်အယောင် မည်သို့မျှမတွေ့ရပေ။ သူမက သတိကြီးစွာထားလိုက်ပြီး မြှားတံပြုတ်ကျရာနေရာသို့ ချည်းကပ်လိုက်သည်။ မြှားတံက ထက်ပိုင်းပြတ်ထွက်နေပြီး ပြတ်ရာက တိကျလွန်းသည်။ သူမက ဘေးဘီဝဲရာသို့ ရှာကြည့်သော်လည်း မည်သည်လက်နက်က မြှားကို ထက်ပိုင်းဖြတ်လိုက်မှန်း မတွေ့ရပေ။
ကျန်းစီကျူးအနေနှင့် ပတ်ဝန်းကျင်ကို တစ်ချက်စူးစမ်းလေ့လာပြီးနောက် သူမ တားမြစ်တောအတွင်းပိုင်းထိပင် ရောက်ရှိလာပြီဖြစ်ကြောင်း သိရသည်။ ပြီးတော့ အခုချိန်တွင် တိုက်ခိုက်သူကိုလည်း မမြင်ရသဖြင့် သူမအတွက် အန္တရယ် များမှန်းသိကာ တောထဲမှ ပြန်ထွက်ရန်ပြင်တော့သည်။
" ပြသနာပဲ ငါ..လမ်းပျောက်နေပြီ." သူမ တကယ်လမ်းပျောက်နေလေပြီ။ သူမက လမ်းတွေကို အမှတ်အသားတွေပြုလုပ်ရင်း အကြိမ်ကြိမ်လျှောက်နေသော်လည်း ဤနေရာသို့ပင်ပြန်ပြန်ရောက်နေတော့သည်။
ကျန်းစီကျူး တစ်ယောက် တားမြစ်တောအတွင်းလမ်းပျောက်နေရင်း သားကောင်များတွေ့သော်လည်း ပစ်ချင်စိတ်မရှိတော့။ သူမက တစ်စုံတစ်ယောက်၏ စောင့်ကြည့်ခြင်းခံနေရသည့် ခံစားချက်မျိုးရနေပြီး ထိုအရာက အင်အားကြီးမားသည့်အရာဖြစ်မည်ဟု ထင်ရသည်။ ယခုအချိန် ထိုအရာထွက်လာလျှင် ကျန်းစီကျူး အသက်လွတ်အောင်ပြေးဖို့သာ လုပ်ရလိမ့်မည်။
သူမက ဆက်လက်လျှောက်လှမ်းနေရင်း ရေစီးသံအချို့ကြားလိုက်ရသည်။ ကျိုးရွာ၏ နံဘေးတွင် ချောင်းငယ်လေးတစ်ခုစီးဆင်းနေပြီး တောင်ပေါ်တောအုပ်မှ စီးလာခြင်းဖြစ်ခြင်းကြောင့် ရေစီးသံရှိရာသို့ သွားသည်က သူမအတွက် လမ်းစ ဖြစ်ပေလိမ့်မည်။ သူမက မပြေးရုံတမည် ခြေလှမ်းဖြင့် ရေသံကြားရာဘက်သို့ ဦးတည်လိုက်သည်။
ကျန်းစီကျူး က အတန်ကြာသွားပြီးနောက်တွင် ရေစီးသံက ပိုမိုပြင်းထန်လာသည်ကိုကြားရ၍ အရှိန်မြှင့်ကာ ပြေးသွားလိုက်မိပြီး...
" ဟာ....အ..ဝရုန်း...ရော."
သူမ၏ရှေ့မှ ဘွားခနဲပေါ်လာသော ချောက်ကမ်းပါးကြောင့် အရှိန်ထိန်းရန်ကြိုးစားလိုက်သော်လည်း မမှီတော့ပေ။ သူမက ချောက်ကမ်းပါးအတွင်းပြုတ်ကျသွားရင်း နီးစပ်ရာသို့ လှမ်းဆွဲသော်လည်း မြတ်ပင်အချို့သာ ပါလာပြီး ပြုတ်ကျသွားတော့သည်။
![](https://img.wattpad.com/cover/208506452-288-k665559.jpg)
YOU ARE READING
ကံကြမ္မာနှင့်ယှဥ်၍
Historical Fictionနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...