မြောက်ဘက်အရပ်မှာ တရားစီရင်ခြင်း

487 38 0
                                        

Unicode

" အရှင်...အိမ်ရှေ့စံက."
ကျန်းစစ်သူကြီးသည် ထိတ်လန့်မှုကို ထိန်း၍ ချန်ဘုရင်အား စကားဆိုလိုက်၏။
" အိမ်ရှေ့စံက ငါ့ကို စိတ်ဝင်စားဖို့ကောင်းတာ တစ်ခု ပြောပြခဲ့တယ်။ စစ်သူကြီးကျန်း ပြောတဲ့ သားကောင်ထက် ပိုကောင်းတဲ့ သားကောင်ရှိတယ်တဲ့။ ငါက အသင်တို့နှစ်ယောက်ရဲ့ သားကောင်မှာ ဘယ်ဟာက ပိုကောင်းလဲ သိချင်နေခဲ့တာ...ခုတော့ ပိုကောင်းတဲ့သားကောင်က ဘာလဲသိလိုက်ရပြီ...စစ်သူကြီးကျန်းရော ဘယ်သူ့သားကောင်က ပိုကောင်းလဲ မသိချင်ဘူးလား...ဟားဟား..."
" ကျွန်..ကျွန်တော်မျိုး...  အရှင်မင်းကြီးဆိုလိုရင်းကို သေချာနားမလည်မိလို့... တောင်းပန်ပါတယ် အရှင်.."
" ကောင်းပြီ... စစ်သူကြီးကျန်း နားလည်အောင် ပြောပြပေးရမှာပေါ့... အိမ်ရှေ့စံ က မြောက်ဘက်ကို မလာခင်တုန်းက သူ့ကိုအိမ်ရှေ့စံနေရာကနေ ဖယ်ရှားချင်နေတဲ့ လူရှိတယ်လို့ပြောတယ်။ အဲ့ဒီ့လူက သူ့အင်အားနဲ့ မရင်ဆိုင်နိုင်တဲ့သူမို့လို့ ငါ့ကို အကူအညီတောင်းခဲ့တယ်။ အဲ့ဒီ့လူက မကြာခင်မှာ ငါ့ဆီရောက်လာပြီး ချောက်တွန်းစကားဆိုမယ်လို့ပြောတယ်။ အဲ့ဒီ့အချိန်ထိ ငါ အိမ်ရှေ့စံစကားကို အလေးမထားခဲ့ဘူး...နောက်တော့ စစ်သူကြီးကျန်း ရောက်လာခဲ့တာပဲ..."
" အရှင်...လွဲမှားစွတ်စွဲခံရတာပါ...ကျွန်တော်မျိုးကသာ ဒီအခြေအနေထဲ တွန်းပို့ခံရတာပါ...အိမ်ရှေ့စံက တကယ်ပဲ မျိုးနွယ်စုတွေနဲ့ လျို့ဝှက်တွေ့ဆုံနေတာပါ... အရှင်..ကျွန်တော်မျိုးချောက်တွန်းခြင်းမဟုတ်ပါ..တကယ်ပဲ...အိမ်ရှေ့စံက..."
" ခမည်းတော်...မှားယွင်းစွပ်စွဲတာပါ...သားတော်က ဘယ်လိုလုပ် ခမည်းတော်ကို သစ္စာဖောက်တဲ့ လုပ်ရပ် လုပ်ရဲရမှာလဲ...ခမည်းတော် ကျေးဇူးပြု၍ အမှန်တရားကို ဖော်ထုတ်ပေးတော်မူပါ...ကျွန်တော်မျိုး မြောက်ဖက် ကိုလာတဲ့အကြောင်းအရင်းကို ခမည်းတော်လည်း သိပါတယ်..."
" တိတ်စမ်း. မင်းတို့စိတ်ထဲမှာ ငါ့ကို ခပ်တုံးတုံးဘုရင်လို့ ထင်နေတာလား..."
ချန်ဘုရင်၏ အသံသည် တိတ်ဆိတ်ခြင်းကို ဖြစ်ပေါ်သွားစေ၏။ ချန်ဘုရင်က ဒေါသကို ထိန်းချုပ်ရင်း ဆက်ပြော၏။
" စစ်သူကြီးကျန်း ငါ့ကို ထိန်ချန်ထားတာ တွေများနေပြီမလား...မင်းရဲ့ သမီးအကြောင်းကို ပုရောဟိတ်ကြီး ဆီကနေငါအကုန်ကြားပြီးပြီ.."
" ဒါ..ဒါက.... " သမီးဖြစ်သူ၏ အကြောင်းကိုပါ အရှင်သိသွားပြီဆိုတော့ ကျန်းစစ်သူကြီး ဆက်လက်တောင့်မခံနိုင်တော့ပေ။ ဒီလိုအခြေအနေရောက်မှတော့ ပြန်လည်တိုက်ခိုက်ရုံကလွဲပြီး လုပ်စရာမရှိတော့ကြောင်း သိလိုက်၏။ ဤခရီးသည် လျို့ဝှက်ခရီးစဥ်ဖြစ်သောကြောင့် အရှင်မင်းကြီး၏ ကိုယ်ရံတော်များလည်း အနည်းငယ်သာပါလာသည့်အပြင် မိမိ၏ လူအချို့ကိုပါ အစားထိုးထည့်ထားသောကြောင့် လက်ရှိအခြေအနေမှ ဖောက်ထွက်ပြီး တောင်ပိုင်းသို့အမြန်ပြန်ခြင်းသည် အကောင်းဆုံးဖြစ်မည်ဟု ဆုံးဖြတ်လိုက်၏။
ကျန်းစစ်သူကြီး စိတ်ထဲမှ အစီအစဥ်ရေးဆွဲနေချိန် ချန်ဘုရင်မှ စကားဆက်လိုက်၏။
" သမီးဖြစ်သူရဲ့ အကြောင်းကို ထိန်ချန်တာ ဖခင်တစ်ယောက်ရဲ့မေတ္တာကြောင့်လို့ လက်ခံလို့ရတယ်။ ဒါပေမယ့် လောဘတက်ပြီး သမီးဖြစ်သူအတွက် နန်းလုပေးတာတော့ လက်မခံနိုင်ဘူး... လာကြစမ်း ခုချက်ချင်း စစ်သူကြီးကျန်းကို ထိန်းသိမ်းစေ.."
ချန်ဘုရင်၏ အမိန့်ပေးမှုအပြီးတွင် ကိုယ်ရံတော်များက ကျန်းစစ်သူကြီး အားဖမ်းဆီးရန်ပြင်လိုက်၏။ မြေပြင်မှာဒူးထောက်နေသော ကျန်းစစ်သူကြီးသည် အသင့်အနေအထားနှင့်စောင့်ဆိုင်းကာ တိုက်ခိုက်ရန်ပြင်လိုက်၏။
ကျန်းစစ်သူကြီး သည် သာမာန်ယောကျာ်းတစ်ယောက်ထက် ထွားကြိုင်းသောခန္ဓာကိုယ်ရှိပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအင်မှာလည်း နတ်အမြူတေ ပထမဆင့်သို့ရောက်ရှိနေပြီဖြစ်သောကြောင့် တိုက်ခိုက်ရေးစွမ်းရည်ကောင်းမွန်သောသူတစ်ယောက်ဖြစ်သည်။ လက်ရှိအခြေအနေသည် အလွယ်တကူဖောက်ထွက်နိုင်သော အခြေအနေရှိသည်။
ကိုယ်ရံတော်များ၏ ဓားများသည် ကျန်းစစ်သူကြီး အားချိန်ယွယ်၍ ရှေ့သို့တိုးလာကြသည်။ အရှေ့ဆုံးမှ ကိုယ်ရံတော်နှစ်ယောက်သည် ကျန်းစစ်သူကြီးနှင့် ခြေနှစ်လှမ်းအကွာမှ စတင်တိုက်ခိုက်လိုက်သည်။ ကျန်းစစ်သူကြီး က လက်မှဓားဖြင့် ကိုယ်ရံတော်တစ်ယောက်၏ ဓားကိုခုခံရင်း တခြားဓားခုတ်ချက်ကို မူ ခန္ဓာကိုယ် ကို အနည်းငယ် တိမ်းစောင်းကာရှောင်တိမ်းလိုက်၏။ တစ်ဆက်တည်းပင် လက်မှ ချီစွမ်းအင်ကို စုစည်းပြီး ဒုတိယကိုယ်ရံတော်၏ ရင်ဘက်သို့ရိုက်ချလိုက်သည်။ ထိုအချိန်တွင်း နောက်မှ ကိုယ်ရံတော်များ ရှေ့သို့ တိုးပြီးတစ်ပြိုင်နက်တိုက်ခိုက်ရန်ပြင်လေ၏။ သို့သော် ကျန်းစစ်သူကြီး ၏ လူယုံတစ်ဖြစ်လဲ ကိုယ်ရံတော်များက တခြားသောကိုယ်ရံတော်များကို စတင်တိုက်ခိုက်လေ၏။ ကိုယ်ရံတော်များ အချင်းချင်း တိုက်ခိုက်ကုန်၍ ကျန်းစစ်သူကြီး ၏ ဓားဦးသည် အိမ်ရှေ့စံနှင့် ချန်ဘုရင်ဆီသို့ ဦးတည်လိုက်လေသည်။
အိမ်ရှေ့စံက ချန်ဘုရင်၏ ရှေ့မှ ကာဆီးကာ ကျန်းစစ်သူကြီး ကိုတားဆီးလိုက်၏။ အိမ်ရှေ့စံ၏ သိုင်းပညာသည် ကျန်းစစ်သူကြီး နှင့်ယှဥ်နိုင်သည့် အနေအထားမရှိပေ။ သူသည် ကျန်းစစ်သူကြီး ၏ ဓားခုတ်ချက်များကို အသည်းအသန်ရှောင်တိမ်းနေရ၏။ ယခုအချိန်ထိ အခြေအနေကို ငြိမ်သက်စွာကြည့်နေသည်က ချန်ဘုရင်ပင်ဖြစ်သည်။ ကျန်းစစ်သူကြီး သည် အိမ်ရှေ့စံအပေါ်ဓားခုတ်ချက်များက ပိုမိုပြင်းထန်လာသည်။ တစ်ကြိမ်တွင်မူ လက်တစ်ဖက်က ချီစွမ်းအင်သုံး၍ ကျန်တစ်ဖက်က ဓားခုတ်ချက်ကြောင့် အိမ်ရှေ့စံ ရှောင်တိမ်းသော်လည်း ဓားခုတ်ချက်က အိမ်ရှေ့စံ၏ ရင်ဘက်နားသို့နီးကပ်သွားလေသည်။
"ချွင်..."
စူးရှသော သတ္တချင်းထိခတ်သံက ပေါ်လာပြီး ကျန်းစစ်သူကြီး၏ ဓားသည် ယိမ်းယိုင်ကာ လက်ထဲမှ လွတ်ကျသွား၏။ ကျန်းစစ်သူကြီး ၏ ဓားကို တားဆီးလိုက်သည့် အရာမှ ငွေရောင် ခြူလုံးလေးဖြစ်သည်။ ထိုနောက် အဖြူရောင် အရိပ်တစ်ခုသည် တိုက်ပွဲထဲသို့ခုန်ဝင်လာလေသည်။ လှုပ်ရှားမှုက မြန်ဆန်ပြီး အဖြူအရောင်အရိပ်ရှင်သည် အနည်းငယ်မျှ လှုပ်ရှားမှုပြုလိုက်ရုံဖြင့် ကျန်းစစ်သူကြီး ၏ လူယုံကိုယ်ရံတော်များသည် မြေပြင်ပေါ်သို့လဲကျကုန်လေ၏။ အဖြူရောင်အရိပ်ရှင်သည် ချန်ဘုရင် မင်းမြတ်၏ရှေ့တွင် ရပ်တန့်လိုက်ကာ နှုတ်ဆက်စကားဆိုလိုက်လေ၏။ 
" ကျွန်တော် ဟုန်ရွီ အရှင်မင်းကြီးနဲ့ အိမ်ရှေ့စံကို နှုတ်ခွန်းဆက်ပါတယ်။ "
အဖြူရောင်အရိပ်ရှင်မှာ သူ၏ သရုပ်မှန်ကို ထုတ်ပြလိုက်ချိန်တွင် ကျန်းစစ်သူကြီး အနေဖြင့် ပြေး၍မလွတ်နိုင်မှန်း သိလိုက်ရသည်။ ဤလူသည် ကျင့်ကြံခြင်း လောက၏ ဂိုဏ်းကြီး ၃ ဂိုဏ်းထဲမှ ကောင်းကင်ဓား ဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။
" စစ်သူကြီးကျန်း က ငါကိုယ်တော် ဘာမှ မစီစဥ်ပဲ ထွက်လာတယ်လို့ထင်နေတာလား...ကိုယ်တော့်ကို အထင်သေးလွန်းတယ် မဟုတ်ဘူးလား "
" စစ်သူကြီးကျန်း အနေနဲ့ အရှင်မင်းကြီးအမိန့်တော်ကို ငြင်းဆန်နေမယ်ဆိုရင် ကျွန်တော့်ဘက်က အလွန်မဆိုပါနဲ့ "
ကျန်းစစ်သူကြီး သည် ကျသွားသောဓားအားပြန်လည်ကောက်ယူရင်း မျက်နှာတွင် မဲ့ပြုံးတစ်ချက်ကို ဆင်မြန်းကာ.
" ဒီအခြေအနေရောက်မှတော့ ဘာမှ မထူးတော့ဘူးလေ..ယောကျာ်း တစ်ယောက်အနေနဲ့ လုပ်ရဲရင် ခံရဲတယ်..ကျုပ်ကတော့ အဆုံးထိ တိုက်မှာပဲ.."
ကျန်းစစ်သူကြီး က စကားဆုံးသည်နှင့် ဟုန်ရွီ ဆီသို့ပြေးဝင်ကာ တိုက်ခိုက်လိုက်၏။ ဟုန်ရွီ ကမူ ကျန်းစစ်သူကြီး ၏ ဓားချက်ကို အသာအယာရှောင်တိမ်းရင်း လက်ကောက်ဝတ်အား ရိုက်ချလိုက်၏။ ကျန်းစစ်သူကြီး သည် ဒုတိယအကြိမ် ဓားလွတ်ကျသွားပြန်၏။
" မင်းရဲ့ အသက်ကို မနှမြောရင်တောင် မင်းမိသားစုနဲ့ တောင်ပိုင်းလင်းမျိုးနွယ်စု အတွက်စဥ်းစားပေးသင့်တယ်..စစ်သူကြီးကျန်း အညံခံလိုက်ပါ။ ငါ ကိုယ်တော် မင်းကို မသတ်ချင်ဘူး.."
ချန်ဘုရင်၏ စကားကြောင့် ကျန်းစစ်သူကြီး အနည်းငယ်တွေဝေသွားလေသည်။
" ကျွန်တော် အသာတကြည် အဖမ်းခံရင် ကျွန်တော့်မိသားစုအသက်ရှင်မှာလား..."
" စစ်သူကြီးရဲ့ လုပ်ရပ်ပေါ်မူတည်ပါတယ်...တချို့သော ပေးဆပ်မှုတွေတော့ လိုတာပေါ့..."
" ကျွန်တော့်အသက်ကိုပေးမယ် ကျွန်တော့်ဇနီးနဲ့ သမီးကို အသက်ရှင်ခွင့်ပေးပါ.."
ကျန်းစစ်သူကြီး သည် ချန်ဘုရင်၏ ရှေ့မှောက်တွင် ခေါင်းငိုက်စိုက်ပြီး ဒူးထောက် တောင်းပန်နေလေ၏။ ဟုန်ရွီ က ငွေရောင် တစ်လတ်လတ်တောက်နေသော ကြိုးတစ်ချောင်းဖြင့် ကျန်းစစ်သူကြီး အား တုံ့နှောင်လိုက်၏။
" နန်းတော်သို့ အမြန်ပြန်ကြမယ်...နန်းတော်ပြန်ရောက်မှ စစ်သူကြီးကျန်း ရဲ့ အမှုကို ဆက်စီစစ်တာပေါ့.."
ချန်ဘုရင်၏ အမိန့်အောက်တွင် အားလုံးသည် နာခံလျက် နန်းတော်သို့အပြန်ခရီး စတင်ခဲ့တော့၏။
ကျန်းစစ်သူကြီး သည် ကြိုးတုပ်လျက်ပင် ကိုယ်ရံတော်နှစ်ယောက်၏ ဆွဲခေါ်ရာနောက်သို့ပါသွားလေသည်။ ထိုအချိန်တွင် သူမြင်ရသည်က အိမ်ရှေ့စံ၏ မျက်နှာထက်မှ ထီမထီသည့်အကြည့်နှင့် အောင်နိုင်သူအပြုံးပင်ဖြစ်သည်။ ကျန်းစစ်သူကြီး၏ ဒေါသတို့သည် ငယ်ထိပ်အထိရောက်နေပြီဖြစ်သော်လည်း မိမိက ရှုံးခဲ့သည့်လူမို့ ဘာမျှမတက်နိုင်တော့ပေ။ ချန်ဘုရင်သည် အိမ်ရှေ့စံ၏ အရှေ့သို လျှောက်လှမ်းလာပြီး..
" အိမ်ရှေ့စံ မှာလည်း ခမည်းတော်ကို ပြောပြစရာတွေကျန်ဦးမယ်လို့ထင်တယ်...တစ်ခါတလေ အသိပေးနောက်ကျရင် အထင်လွဲစရာတွေ ဖြစ်လာနိုင်တယ်လေ...ဟုတ်တယ်မလား.. သားတော် "
ချန်ဘုရင်က အိမ်ရှေ့စံ၏ ပုခုံးတစ်ဖက်ကို အသာအယာပုတ်လိုက်ရင်း လှည့်ထွက်သွားခဲ့၏။

ကံကြမ္မာနှင့်ယှဥ်၍Wo Geschichten leben. Entdecke jetzt