Unicode
ကိုယ်ရံတော်ရှင်းသည် ရထားလုံးပေါ်မှ ခုန်ချပြီးသည်နှင့် တစ်ပြိုင်နက်တိုက်ခိုက်မှုကို စတင်လိုက်သည်။
" သခင်မ ကျွန်တော် သူတို့ကိုတားထားလိုက်မယ်..သခင်မတို့ သွားနှင့်ပါ"
ကိုယ်ရံတော်ရှင်း က ရဲမတ်များကိုရှေ့ဆက်တိုးမလာနိုင်အောင် တိုက်ခိုက်ရင်းကျန်နေခဲ့၏။ ကျန်းသခင်မသည် ရထားလုံးကိုအရှိန်တင် မောင်းနှင်ရင်း သူ၏ ကိုယ်ရံတော်ကို တစ်ချက်မျှသာ ငဲ့ကြည်နိုင်တော့၏။
ရထားလုံးသည် အရှိန်ပြင်းစွာမောင်းနှင်လာရင်းမှ လမ်းအချိုးတစ်ခုအရောက်တွင် ရှေ့မှ ပိတ်ရပ်ထားသည့် စစ်တပ်တစ်ခုကို တွေ့လိုက်ရ၏။ ကျန်းသခင်မသည် ရထားလုံးကို ရပ်လိုက်ပြီး ဆင်းလိုက်၏။ သမီးဖြစ်သူနှင့် ဒေါ်ဒေါ်ရှောင်းလည်း ဆင်းလာ၏။
မိုရန် မျိုးနွယ်စု တွေ...
မိုရန်မျိုးနွယ်စု သည် အလယ်ပိုင်း သစ်တောများတွင် နေထိုင်သော လူမျိုးစုများဖြစ်သည်။ အရင်က ဓါးပြများအဖြစ် အသက်မွေးပြီး ယခုဘုရင်လက်ထက်တွင်မှ ဘုရင်၏မြှောက်စားမှုကြောင့် ရာထူးရာခံများရကာ လူရာသွင်းခံရသောသူများဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ချန်ဘုရင်၏ လက်သုံးစေများဖြစ်ကြသည်။
" ဒေါ်ဒေါ်ရှောင်း..သမီးကို ခေါ်ပြီး ပြေးပါ..ကျွန်မ သူတို့ကို ခုခံထားမယ်.."
ကျန်းသခင်မ သည် လေသံတိုးတိုးဖြင့် ဒေါ်ဒေါ်ရှောင်း ကိုပြောလိုက်သည်။ ကျန်းစီကျူး က မိခင်၏ အင်္ကျီ စကိုဆွဲပြီး " ဟင့်အင်း.. မေမေ မပါရင် သမီးမသွားဘူး.." ကျန်းစီကျူး က ငိုရင်းပြောလေသည်။
" သမီးလေး... မေမေတို့ရဲ့ ကံက ဒီလောက်ပဲ...သမီးကတော့ ကြိမ်းသေပေါက်အသက်ရှင်ရမယ်..ဘယ်အခြေအနေဖြစ်ဖြစ် သမီးရဲ့ ကံကြမ္မာကို အရှုံးမပေးနဲ့..ကံစီမံရာအတိုင်းလည်း မဖြစ်စေနဲ့...ဖေဖေနဲ့မေမေအတွက် သမီးလက်နဲ့ လက်စားချေပေးပါ..."
ကျန်းသခင်မ က မျက်ရည်များကို ထိန်းချုပ်ရင်း စကားဆိုသည်။
" ခု တောင်ပိုင်းကို ရောက်အောင်သွား...ဒေါ်ဒေါ်ရှောင်း သမီးကို အပ်ပါရစေ..." ကျန်းသခင်မက သူမ၏ လည်ပင်းမှ ကျောက်စိမ်းနှင့်ပြုလုပ်ထားသော နဂါးပုံစံ လည်ဆွဲကိုဖြုတ်၍ သမီးဖြစ်သူကို ဆွဲပေးလိုက်၏။ သူမ၏ လက်မှ သွေးကိုဖောက်ကာ ကျောက်စိမ်းဆွဲပြားပေါ်တွင် အကာအကွယ် အစီအရင်ကိုရေးဆွဲလိုက်သည်။ ထိုနောက် သမီးဖြစ်သူနှင့် ဒေါ်ဒေါ်ရှောင်း ကို သူမ၏ နောက်သို့ပို့လိုက်ပြီး ဓါးဆွဲထုတ်ကာ တိုက်ခိုက်ရန်ပြင်လိုက်၏။
" မေမေက ပြေးဆိုတဲ့အချိန်မှာ တောင်အောက်ကိုဆင်းပြေး...လှည့်မကြည့်နဲ့..."
ကျန်းစီကျူး က ငိုရင်းခေါင်းခါ၏။
" မေမေလည်း တူတူလိုက်ခဲ့ပါ...မေမေ ပါမှသွားမယ်...အီး..ဟီးအီး....."
သူမက မိခင်ဖြစ်သူ၏ အင်္ကျီ စကိုဆွဲ၍ ငိုယိုပြီးသာပြောနေလေသည်။ ကျန်းသခင်မက သူမ၏ လက်ကိုဖြုတ်ချပြီး ဒေါ်ဒေါ်ရှောင်းကို ချုပ်ခိုင်းထား၏။
သူမက တိုက်ခိုက်ရန်အဆင်သင့်ဖြစ်နေလေပြီ။ သမီးဖြစ်သူ လွတ်မြောက်ဖို့အတွက် သူမ၏ အသက်ကို ရင်းရပေလိမ့်မည်။
မိုရန် အဖွဲ့ခေါင်းဆောင်က တိုက်ခိုက်ရန် အမိန့်ပေးလိုက်ပြီးနောက် မိုရန်များက အလုံးအရင်းနှင့် ဝင်လာခဲ့၏။ ကျန်းသခင်မသည် သူမ၏ ချီစွမ်းအင် တစ်ဝက်မျှစုစည်းပြီး မြေကြီးသို့ရိုက်ချလိုက်သည်။ မြေကြီးများက အပ်ကွဲကြောင်းတွေပေါ်လာပြီး လှုပ်ရှားမှုတွေဖြစ်ပေါ်လာသည်။ မိုရန်များသည် တည်ငြိမ်စွာ ရပ်တည်နိုင်ခြင်းမရှိဘဲ ပြိုလဲကုန်ကြ၏။
" အခု ပြေးတော့..."
ကျန်းသခင်မက သမီးဖြစ်သူနှင့် ဒေါ်ဒေါ်ရှောင်း ကို အမိန့်ပေးလိုက်ပြီး မိုရန်များဆီပြေးဝင်တိုက်ခိုက်လေတော့၏။
ကျန်းစီကျူး သည် မိခင်ဖြစ်သူကို ကြည့်နေရင်းမှပင် ဒေါ်ဒေါ်ရှောင်း ၏ ဆွဲခေါ်ရာနောက်သို့ ပါသွားလေသည်။
ESTÁS LEYENDO
ကံကြမ္မာနှင့်ယှဥ်၍
Ficción históricaနိမိတ်ဆိုးနှင့် မွေးဖွားလာသော မိန်းကလေးတစ်ယောက်၊ ကောင်းကင်ဘုံမှ နှင်ထုတ်ခံရသော နတ်မိစ္စာတစ်ပါး နှင့် ပျက်စီးတော့မည့် တိုင်းပြည်၏ အိမ်ရှေ့စံ...တို့၏ ကြား ပေါ်ပေါက်လာသော ချစ်ခြင်းမုန်းခြင်းနှင့် စစ်ပွဲ... ပထမဆုံး ရေးဖူးတဲ့ fic လေးမို့ မှားတာတွေ မပြည့်...
