သနားဂရုဏာသက်ခြင်းက သူ့ရဲ့အားနည်းချက်

373 36 0
                                        

Unicode

သူက ထိုကလေးမကို နှမြောတသစွာနှင့်ကြည့်နေမိပြီးနောက် သူမကို ဆေးလိမ်းပေးလိုက်၏။ ကလေးမကတော့ ဆေးလိမ်းပေးနေတာတောင် သိပုံမရ။ သူက တစ်ချက်တစ်ချက်နာလို့ထင် မျက်နှာက အနည်းငယ်ရှုံ့မဲ့သွားသော်လည်း အိပ်ပျော်ရာကတော့ နိုးလာခြင်းမရှိပေ။
သူက ရှုပ်ထွေးလှသော လူသားလောကနှင့် ခပ်ခွာခွာနေချင်ခဲ့သည်။ သူ့ရဲ့ နေရာမှန်ကိုပြန်ရောက်ချိန်အထိ အေးဆေးငြိမ်သက်စွာနှင့် သီးသီးသန့်သန့်နေပြီး သူချစ်ရတဲ့ တိရစ္ဆာန် လေးတွေကိုသာ စောင့်ရှောက်ရင်းနေချင်သည်။ ဒါကြောင့်လည်း ဒီလို လူသူရောက်ဖို့မလွယ်တဲ့ တောထဲတောင်ထဲကိုရွေးချယ်ခဲ့ခြင်းပင်။ ကုသိုလ်ကောင်းမှုလုပ်ရမယ်ဆိုပေမယ့် သူ့က တိရစ္ဆာန်တွေကိုသာ ကူညီပေးချင်သည်။ ရှုပ်ထွေးပွေလီတဲ့စိတ်ဓာတ်နဲ့ လောဘကြီးလွန်းတဲ့ လူသားတွေကိုတော့ သူမကူညီချင်ခဲ့။ ဒါကြောင့်လည်း သူရှိရာဤတောဤတောင်ကို မိစ္ဆာ ရှိသည်ဟုသတင်းလွှင့်ကာ နေထိုင်ခြင်းဖြစ်သည်။
ဒါပေမယ့် ခုတော့ သူမမြင်ချင်တဲ့ လူသားမိန်းကလေးတစ်ယောက်က သူ့ကို အနှောင်အယှက်ပေးလေပြီ။ လူသားတွေကို ထိခိုက်နစ်နာအောင်မပြုရဟုသည့် စည်းကမ်းချက်ကြောင့် ထိုကလေးမငယ်ကို သူထိလို့မရပါ။ ကလေးမကို ခြိမ်းခြောက်သော်လည်းမကြောက်တော့ ကိုယ့်ဘာသာကိုယ်သာ ထွက်သွားရန်သာတက်နိုင်တော့သည်။
သူက သက်ပြင်းတစ်ချက် ချလိုက်မိပြီး ဂူထဲသို့ပြန်လည်ဝင်ရောက်ကာ ပစ္စည်းတွေကို သိမ်းလိုက်၏။ သူ့အတွက် နှစ်ပေါင်းလေးရာမျှနေခဲ့သော ဤနေရာကို သံယောဇဉ်တွယ်နေမိသော်လည်း သူဘာတက်နိုင်မည်နည်း။
ပစ္စည်းသိမ်းပြီး အပြင်ထွက်ရန်ပြင်ဆင်ချိန်မှာပဲ စည်းအပြင်မှ အသံများကြားရသည်။
ခွေးအတွေရဲ့အသံ...
စည်းအပြင်မှ ကလေးမကိုစိတ်ပူမိသွားပြီး စည်းအပြင်ပြေးထွက်ခဲ့၏။
သူထင်သည့်အတိုင်း ခွေးအ ၆ ကောင်က ကလေးမကို ဝိုင်းထားပြီး သူမလက်ထဲမှာတော့ သွေးစွန်းနေတဲ့ ဓါးမြောင်တစ်ချောင်း ၊ သူမက သတ်ဖြတ်လိုစိတ်ပြည့်နေကြောင်းကို နီရဲနေသော သူမ၏ မျက်လုံးများက သက်သေခံနေသည်။ ခွေးအ ၆ ကောင်ထဲမှ တစ်ကောင်က သူမလက်ချက်မိထားပုံရသည်၊ ခါးအောက်ပိုင်းတွေ သွေးတစ်စက်စက်ကျလျက်၊ ကလေးမက သူ့ကိုလှမ်းမြင်လိုက်သည်နှင့် သတိပေးစကားလှမ်းပြောသည်။
" ဒီမယ်..လူကြီးမင်း ရှင် စည်းထဲအမြန်ပြန်ဝင်နေ..ခွေးအတွေ ရှင့်ကို ကိုက်လိမ့်မယ်၊"
ဘယ်သူက ဘယ်သူ့ကို သတိပေးစကားပြောရမှာလဲ သူမလို ကလေးမငယ်ငယ်လေးက ကိုယ့်ကို သတိပေးနေတ​ော ့အနည်းငယ်ရယ်ချင်သွားသည်။
" မင်း သူတို့ကို တစ်ယောက်တည်း တိုက်နိုင်မယ်ထင်လို့လား"
" ဟွန်း..ဒီကောင်တွေက နည်းနည်းစိတ်ရှုပ်ရပေမယ့် အဲ့လောက်ကြီးမဟုတ်ပါဘူး" သူမက အဖြေပြန်ပေးနေတုန်းမှာပဲ ညာဘက်အစွန်က ခွေးအတစ်ကောင်က သူမကို ခုန်အုပ်လိုက်သည်၊
"သတိထား.."
ကိုယ်က စိတ်ပူလို့သတိပေးလိုက်သောလည်း သူမက တစ်ချက်လေးမတွန့်သွား ခြေတစ်လှမ်းနောက်ဆုတ်ရင်း ခန္ဓာကိုယ် ကို အနည်းငယ်တိမ်းစောင်းလိုက်သည်။ တစ်ပြိုင်နက်ထဲမှာပင် သူမ၏ လက်ထဲမှ ဓားမြောင်က ခွေးအ၏ ဝမ်းဗိုက်တစ်ကြောကို ထိုးခွဲလိုက်၏။ ဘယ်ဘက်မှ ခွေးအက သူမ၏ နောက်ဆုတ်လိုက်သော ခြေထောက်ကို ပြေးဆွဲရင်း နောက်ခွေးအတွေပါ တစ်ပြိုင်နက်ခုန်အုပ်ကုန်ကြ၏။ သူမက ခြေလှမ်းကို အမြန်ရွေ့လျားရင်း ရှောင်တိမ်းနေသည်။ ညာဘက်လက်မှ ဓါးမြောင်က ခွေးအတစ်ကောင်၏ ခေါင်းကို ထိုးခွဲရင်း ဘယ်ဘက်လက်က သူမ၏နောက်ကျောရှိ မြှားကျည်တောက်မှ မြှားတစ်ချောင်းကို ဆွဲထုတ်လိုက်သည်။
နံဘေးကရပ်ကြည့်နေရင်း ခွေးအတွေကဒီလောက်နီးကပ်နေတာ သူမ မြှားနဲ့ပစ်လို့မရဘူးလို့ အတွေးရောက်သွားသည်။ ဒါပေမယ့် သူမက မြှားကို ခွေးအတစ်ကောင်ရဲ့မျက်လုံးကို ထိုးစိုက်လိုက်ချိန်မှာတော့ သူ့စိုးရိမ်မှုတွေက အပိုတွေသာဟုသိလိုက်သည်။
သူမရဲ့ သိုင်းပညာက အရွယ်နှင့်မလိုက်အောင်ကောင်းမွန်လွန်းနေသည်။ ကျင့်ကြံခြင်း စွမ်းအင်သာ ပိုကောင်းလာရင် နောင်တစ်ချိန်မှာ သူမက အင်အားကြီးမားတဲ့လူတစ်ယောက် ဖြစ်လာလိမ့်မည်ဟု တွေးမိသည်။ သူမရဲ့ ကျင့်ကြံခြင်းတွေသာ မှားယွင်းသွားရင် အရမ်းနှမြောဖို့ကောင်းလိမ့်မည်။
သူက အတွေးတွေထဲမှာနစ်မျောနေစဥ်မှာပဲ သူမ၏ တိုက်ပွဲက အဆုံးသတ်သွားသည်။
နောက်ဆုံးကျန်သည့်ခွေးအ ၂ ကောင်က ဒဏ်ရာရပြီးနောက် ထွက်ပြေးသွား၏။ သူမက လက်တစ်ဖတ်က ဓါးမြောင်၊ တစ်ဖတ်က မြှားတံကိုကိုင်ပြီး သူရှိရာသို့ စစ်သူကြီးတစ်ဦးအောင်ပွဲခံသည့် ခြေလှမ်းမျိုးဖြင့် လှမ်းလျှောက်လာသည်။
" ဘယ်လိုလဲ ကျွန်မတိုက်ခိုက်တာ အရမ်းမိုက်တယ်မဟုတ်လား"
"အင်း..မင်းက အရွယ်နဲ့ မလိုက်အောင် တော်ပါတယ်..ဒါပေမယ်​့ ရက်စက်လွန်းတယ်.."
ထိုလူက ခပ်အေးအေးလေသံနဲ့ပြောလိုက်ပြီးနောက် သူမကိုဖြတ်ကျော်သွား၏။
" အဲ..ရှင်..လူကြီးမင်း..လူကြီးမင်း ဘယ်သွားမလို့လဲ..ကျွန်မကို စောင့်ဦး"
သူမက သူ့နောက်သို့အပြေးတပိုင်းခြေလှမ်းနှင့်လိုက်လာ၏။ သူက ခြေလှမ်းကိုရပ်လိုက်ရင်း သူမဘက်သို့လှည့်လိုက်၏။
" မင်းက ဘယ်လိုက်မလို့လဲ"
"ရှင် သွားတဲ့နေရာလေ..ဘယ်သွားမလို့လဲ..စားစရာသွားရှာမလို့လား..ကျွန်မ အမဲလိုက်ပေးမယ်လေ..သွား..ဂူထဲမှာစောင့်နေ..ကျွန်မ ယုန်သားကင်ကျွေးမယ်..ဟုတ်ပြီလား "
သူထင်ချင်ရာထင် ပြောချင်ရာပြောနေသော ကလေးမကို သူစိတ်ပျက်နေပြီး ခေါင်းကို ခါယမ်းလိုက်၏။
" မဟုတ်ဘူး..ငါ ဒီနေရာကနေ ထွက်သွားတော့မလို့.."
" ဘာ..ထွက်သွားမယ်..ဘာလို့လဲ"
" ငါ့ရဲ့ အေးဆေးငြိမ်သက်ခြင်းကို မင်း လာဖျတ်ဆီးနေလို့"
သူမရဲ့ မျက်နှာက အလိုမကျမှုတွေပြည့်နှက်သွားပြီး နှုတ်ခမ်းက ဆူထွက်လာသည်။
" ကျွန်မက ဘယ်မှာနှောင့်ယှက်နေလို့လဲ..ကျွန်မက ရှင့်ကိုရန်ရှာမယ့် ခွေးအတွေကိုတောင် တိုက်ထုတ်ပေးထားတာလေ..ရှင်က တကယ်ကျေးဇူးမသိတက်တဲ့သူပဲ..မထင်ရဘူး..ကျေးဇူးရှင်ကို ကျေးဇူးမတင်တဲ့အပြင် ထွက်ပြေးဖို့ပါလုပ်နေတယ်"
" မင်း..မင်းလျှောက်ပြောမနေနဲ့..ခွေးအတွေက ငါ့ကိုဘာလို့ ရန်ရှာရမှာလဲ..သူတို့က မင်းကိုတိုက်ခိုက်တာလေ..ငါ့ကိုမှ မဟုတ်တာ..မင်းကဘာလို့ ငါ့ကျေးဇူးရှင် ဖြစ်ရမှာလဲ"
" ခွေးအ တွေက ရှင့်ကိုစားချင်လို့ စည်းအပြင်ကနေချောင်းနေတာပေါ့..ကျွန်မနဲ့သာ မတွေ့ရင် ရှင်ထွက်လာတာနဲ့ ဝိုင်းဆွဲကြမှာ..ကျွန်မက စိတ်ထားကောင်းလို့ ကိုယ်နဲ့မဆိုင်ပေမယ့် ရှင့်ကို ဝင်ကူညီတာ"
ဒီ..လျှာရိုးမရှိတိုင်းလျှောက်ပြောနေတဲ့ကလေးမကို သူ အနိုင်မပြောနိုင်မှန်းသိလိုက်သည်။ ထားလိုက်တော့ ဒီလို ကလေးမလေးတစ်ယောက်နဲ့ ငါက ဘာလို့စကားနိုင်လုရမှာလဲ..သူမကိုယ်ထားခဲ့ပြီး ကိုယ့်လမ်းကိုယ်သွားတာပဲကောင်းတယ်။
စိတ်ထဲက အတွေးပေါ်ပြီးနောက် သူမကို အရေးမလုပ်တော့ပဲ လှည့်ထွက်လာခဲ့သည်။
" အယ်..ရှင် ရှင်ဘယ်ထွက်သွားတာလဲ..ဒီမှာ စကားပြောလို့မပြီးသေးဘူးလေ.."
သူမက နောက်က ပြေးလိုက်ပြီး သူ့ရဲ့လက်ကို ဖမ်းဆွဲထား၏။ သူက သူမလက်ထဲမှ လွတ်ရန်ရုန်းကြည့်တော့ သူမရဲ့ မရှိမဲ့ရှိမဲ့ ချီစွမ်းအင်တွေကို အားစိုက်ပြီး သူ့ကို ဆုပ်ကိုင်ထား၏။
" မင်း ငါ့လက်ကို လွှတ်တာကောင်းမယ်.."
" မလွှတ်ဘူး..ရှင့်လို ပညာရှင်တစ်ယောက်ကို တွေ့ဖို့ဆိုတာမလွယ်ကူဘူး..ကျွန်မစကားကို ပြီးအောင်နားမထောင်မချင်း မလွှတ်ဘူး..ရှင် ကျွန်မကို သေအောင်ရိုက်ချင်ရိုက်သတ်လိုက်..ကျွန်မ​သေသွားရင်တောင် ဝိညဥ်ဘဝနဲ့ လိုက်ဆွဲထားမှာ"
သူမက ပြောရင်းလက်နှင့်ခြေထောက်တွေက သူ့ကို တင်းကျပ်စွာ ဖက်တွယ်ထား၏။ သူက သူမကိုခါချဖို့ကြိုးစားနေသော်လည်း သူမက တောက်တဲ့တစ်ကောင်အလား။



ကံကြမ္မာနှင့်ယှဥ်၍Место, где живут истории. Откройте их для себя