အပိုင်း (၇)
ကလေးမလေးက မထိန်းချုပ်ထားတော့ဘဲ ဆိုဖာပေါ်မှ ခုန်ဆင်းကာ သူ(မ)အကိုဆီ အပြေးသွားလေ၏။
ရွယ်ကျစ်က ပို၍ပင်မြန်ပြီး သူ(မ)အရှေ့တွင် ဒူးထောက်ကာ ရွယ်ယန်အား ပွေ့ဖက်လိုက်ပြီး
“အားယန် ကိုကို့ကို သတိရနေလား?”
“ရတာပေါ့လို့!”
ရွယ်ယန်က ရွယ်ကျစ်ကို ပြန်ဖက်ထားပြီး တစ်ခဏကြာပြီးနောက်တွင် သူ(မ)က ဝမ်းနည်းစွာဖြင့် ကွန်ပလိန်းတက်လာ၏။
“ကိုကိုတို့က အားယန်ကို ဖုန်းလေးတောင် မခေါ်ကြဘူး”
ရွယ်ကျစ် တစ်ခဏ ကြက်သေသေသွားရင်း ထိုအရာများကို ပြန်မှတ်မိရန် ကြိုးစားလိုက်သည်။ သူ ထိုအချိန်တုန်းက လျို့ဟွားကို မျက်နှာချင်းမဆိုင်ချင်ခဲ့ပဲ ရွယ်ယန်ကိုလည်း သဘောမကျခဲ့ခြင်းကြောင့်ဆိုတာ နားလည်သွားသည်။ ထို့ကြောင့်လည်း သူ သဘောမကျတဲ့ ညီမဖြစ်သူကို ဖုန်းဆက်ဖို့ပင် စိတ်ကူးမရှိခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာတော့ ရွယ်ကျစ်တစ်ယောက် အလွန်အပြစ်ရှိသလိုခံစားနေရသည်။ သူ့ညီမလေးအား ကိုးရိုးကားရားနိုင်စွာဖြင့်သာ နှစ်သိမ့်ချော့မော့လိုက်သည်။
“အားယန် ကိုကို တောင်းပန်တယ်နော် ကိုကို မှားသွားပါတယ်၊ နောက်ဆို ကိုကို အဲ့လိုမလုပ်တော့ဘူးနော် ဟုတ်ပြီလား?”
ကောင်မလေးက လွန်စွာ ချော့ရလွယ်ကူ၏။
“အို့ခေ! ဒါဆို အားယန်က ကိုကို့ကို ထပ်ပြီးအပြစ်မတင်တော့ဘူး”
ရွယ်ကျစ်ရဲ့မျက်လုံးများ နူးညံ့သွားရပြီး အသံတို့က ညင်သာသွားကာ
“ဒီလိုဆို ကိုကိုက အားယန်လေးကို ကျေးဇူးတင်ရတာပေါ့”
“အားယန်”
ရွယ်ယွီရဲ့အသံကာ မထိန်းချုပ်နိုင်သော တုန်ရီမှုတို့ကို သယ်ဆောင်ထား၏။ သူက ရွယ်ယန်နှင့် မျက်လုံးချင်းဆုံနိုင်ရန် ဆောင့်ကြောင့်ထိုင်ချလိုက်သည်။။
ရွယ်ယန်က မျက်တောင်လေး ခတ်ပြီး လမ်းလျှောက်သွားကာ သူ့ကို ဖက်လိုက်ပြီး
“ကိုကိုကြီး!”
ယဲအန့်နင်မှာ ထိုမြင်ကွင်းကို ကြည့်ပြီး မသိစိတ်အရ မျက်မှောင်ကြုတ်မိသွားသည်။ အရင်တုန်းက.... ဒီလို မဟုတ်ပါဘူး
မဟုတ်မှလွဲ....
အစောပိုင်းက ထီကျစ်ရဲ့ပုံမှန်မဟုတ်သော အပြုအမူကို ပြန်တွေးမိရင်း လက်ရှိအခြေအနေများက သူ(မ)ကို အနည်းငယ်စိုးရိမ်စေပြီး ကြောက်လန့်စေ၏။
ယဲအန့်နင် ရွယ်ယန်ကို လှမ်းကြည့်လိုက်သည်။ ရွယ်ယန်သာ အရင်ဘဝကကိစ္စတွေကို သိနေခဲ့လျှင် ဘာတွေဖြစ်ပျက်သွားမလဲကို သူ(မ) စိတ်ကူးတောင်မယဉ်ရဲချေ။
သူ(မ)အတွေးများ ပျံ့နေစဉ် ရွယ်ယန်က အကိုနှစ်ယောက်၏လက်ကို တစ်ယောက်တစ်ဖက်စီဆွဲပြီး ရွယ်ယွိနဲ့ ရွယ်ကျစ်အား ဆိုဖာဆီ ခေါ်လာခဲ့သည်။
သူ(မ)က လူကောင်သေးသေးလေးဖြစ်သော်လည်း လွယ်အိတ်လေးအား တည်ကြည်စွာ ထုတ်လာခဲ့သည်။
ယဲအန့်နင်က ညင်သာစွာဖြင့်
“အားယန်ရဲ့လွယ်အိတ်လေးထဲမှာ ဘာတွေထည့်လာတာလဲ?”
ရွယ်ယန်က သူ(မ)ရဲ့လွယ်အိတ်သေးသေးလေးကို ဖွင့်ပြပြီး အထဲရှိ သကြားလုံးများကို ဖော်ထုတ်ပြလာ၏။ သူ(မ)က သူ(မ)ရဲ့ရတနာလေးများအား အကိုများနှင့် အမကို ပေးချင်လေသည်။
“ကိုကို ဒါက အားယန် ကိုကိုတို့အတွက် ယူလာပေးတဲ့ သကြားလုံးတွေ ပြီးတော့ ကျဲကျယ်အတွက်ရော!”
ရွယ်ယွိမျက်လုံးများ နီရဲသွားခဲ့သည်။ သူ့ကိုယ်သူ ပုံမှန်အတိုင်းဖြစ်အောင် အကောင်းဆုံးကြိုးစားရင်း
“ကျေးဇူးတင်ပါတယ် အားယန်လေး ဒါပေမယ့် ကိုကိုက အားယန်အတွက် လက်ဆောင်ယူလာပေးဖို့ မေ့သွားခဲ့တယ်၊ ဘယ်လိုလုပ်ရပါ့?”
ရွယ်ယန်က ချိုသာစွာ ပြုံးကာ
“ရတယ်! ကိုကိုတို့ကမှ အားယန်လာမယ်ဆိုတာ မသိတာ”
သူ(မ) ပိုပြီး သိတတ်နေလေ ရွယ်ယွိနှင့် ရွယ်ကျစ်အတွက် ပိုပြီး စိတ်သောကရောက်ရလေပင်။ ဤမျှလိမ္မာရေးခြားရှိပြီး ချစ်စဖွယ်ကောင်းသည့်ကလေးငယ်က ထိုအခြေအနေထိရောက်အောင် တစ်လှမ်းပြီးတစ်လှမ်း တွန်းပို့ခံခဲ့ရပြီး နောက်ဆုံးတွင် သူ(မ)အတွက် သေရန်မှတစ်ပါး ရွေးချယ်စရာမရှိတော့သည့်အဖြစ်ကို စဉ်းစားကြည့်ရုံဖြင့် သူတို့မှာ မွန်းကြပ်လာရသည်။
ယဲအန့်နင် ဆက်ပြီး သည်းမခံနိုင်တော့ကာ
“အားယန် ကျဲကျယ်က အားယန်လေးစားဖို့ ကိုကိုတို့ကိုခေါ်ပြီး တစ်ခုခု သွားယူပေးရမလား?”
ရွယ်ယန်က သူ(မ)အား ကြောင်အမ်းစွာ ကြည့်လိုက်သော်လည်း နာခံစွာဖြင့် ခေါင်းညိတ်ကာ
“အို့ခေ!”
ရွယ်ယွိနှင့် ရွယ်ကျစ် ထွက်မသွားချင်သေးသော်လည်း သေချာစဉ်းစားကြည့်ပြီးနောက် သူတို့လည်း ဖြစ်နိုင်ခြေရှိသည့် ကိစ္စတစ်ခုကို တွေးမိသွားကြသည်။
ရွယ်ယွိ ဆိုဖာပေါ်မှ ကလေးမလေးကို ဖက်လိုက်ပြီး သူ(မ)အားချစ်စရာခေါင်းအုံးလေးတစ်ခုကို ပေးထားခဲ့လိုက်သည်။ သူက ကလေးရဲ့ခေါင်းကို ညင်သာစွာ ပွတ်ပေးပြီး အလွန်တရာ ညင်သာလှသော အသံတို့ဖြင့်
“အားယန် လိမ်လိမ်မာမာနေပြီး ဒီမှာ ကိုကို ပြန်လာတာကို စောင့်နေနော် ဟုတ်ပြီလား?”
ရွယ်ယန်က ခေါင်းအုံးကို တင်းကျပ်စွာ ဖက်ထားပြီး သူ(မ)ပုံစံက အလွန်လေးနက်နေကာ
“အိုခေ ကိုကို စိတ်မပူပါနဲ့!”
ယဲအန့်နင် သူ(မ)ကို ကြည့်ပြီး မနေနိုင်အောင် ပြုံးမိသွားသည်။ သူ(မ)ဘေးမှနေ၍ အေးစက်စက်အသံတစ်ခု ထွက်လာခဲ့သည်။
“သွားမယ်”
ယဲအန့်နင် စကားပြောလိုက်သည့် ရွယ်ယွိကို ကြည့်လိုက်ကာ သူ(မ)အကြည့်တို့က ညင်သာမှု အလျဉ်းကင်းမဲ့သွားပြီး သဘောထားတို့ကလည်း အေးစက်စက်ဖြင့်
“အိုခေ”
သူ(မ)က အပိုစကားဆိုမနေဘဲ ဦးဆောင်သွား၏။ သူ(မ) ဝေးဝေးမသွားဘဲ လှေကားထောင့်နားတွင် ရပ်တန့်လိုက်သည်။
ရွယ်ယွိနှင့် ရွယ်ကျစ်တို့ သူတို့ရဲ့သံသယကို အတည်ပြုလုနီးပါးပင်။ ရွယ်ကျစ်က
“မင်း ဘာပြောချင်တာလဲ?”
ယဲအန့်နင် သူတို့ကို အေးစက်စွာ စိုက်ကြည့်ပြီး
“ငါလည်း အရင်က အားယန်ကို နာကျင်စေခဲ့ဖူးတော့ အခုချိန်မှာ ဒီလိုစကားမျိုး ပြောဖို့ မထိုက်တန်မှန်း သိတယ် ဒါပေမယ့် ဒီတစ်ခါတော့ ငါ သူ့ကို ကောင်းကောင်းကာကွယ်ပေးသွားမှာလို့ ပြောချင်သေးတယ်”
ရွယ်ကျစ် မျက်မှောင်ကြုတ်ကာ
“မင်းရော....”
ရွယ်ယွိက သူ့ပုခုံးကို လှမ်းကိုင်ပြီး သူ ထပ်ပြောမည့်စကားကို တားဆီးလိုက်သည်။ သူက အလေးအနက်ဖြင့်
“အဲ့လိုပြောရကျေးဆို ငါတို့ဘယ်သူကမှ သူများကို ပြောပိုင်ခွင့်မရှိဘူး၊ ငါတို့လည်း တူညီတဲ့အမှားမျိုးကို ထပ်ပြီးကျူးလွန်တော့မှာမဟုတ်ဘူး”
သူက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး
“ငါ သူ့ကို ကောင်းကောင်းကာကွယ်ပေးမှာ အရင်တစ်ခါကလို ထပ်မဖြစ်ရေဘူး”
ယဲအန့်နင် နှုတ်ခမ်းကို စေ့ထားပြီး
“ဒီလိုဆို အကောင်းဆုံးပဲပေါ့၊ နင်တို့စကား နင်တို့ တည်မယ်လို့ မျှော်လင့်ပါတယ်”
သူ(မ)က ထီကျစ်အကြောင်းကို ရုတ်တရက် အမှတ်ရသွားပြီး သူတို့ကို ကြင်နာစွာ သတိပေးထားလိုက်သည်။
“ဒါနဲ့ ဟိုမြေခွေးပေါက်စလည်း ငါတို့လိုပဲ ဖြစ်ဖို့များတယ်”
ရွယ်ကျစ်မှာ အံ့အားသင့်သွားပြီး
“ဖြစ်နိုင်တာကတော့ အဲ့ဒီတုန်းက အားယန်ကို ဂရုစိုက်ပြီး အားယန်နားမှာ ရပ်တည်ပေးခဲ့တဲ့ တစ်ဦးတည်းသောသူဖြစ်တာကြောင့် ထင်တယ်”
ရွယ်ယွိတစ်ယောက် သူ့မျက်ခုံးများကို ဖိထားပြီး
“ဒီလိုသာဆို နည်းနည်းတော့ အခက်တွေ့တော့မှာပဲ၊ ငါတို့တွေ အဲ့ဒါကို ကျေပွန်အောင်လည်း လုပ်ရမယ် ပြီးတော့ သူ့ရဲ့ စောင့်ကြပ်တာကိုလည်း ခံရမယ်”
ယဲအန့်နင် မျက်လွှာချကာ
“ဒါ ငါတို့လုပ်ခဲ့တာတွေပဲမလား”
ရွယ်ကျစ် ဒီကိစ္စအပေါ် လုံးဝသောကများမနေချေ။ သူက အမှန်တကယ်တွင် အတော်လေး ပျော်ရွှင်နေ၏။
“ဒီကိစ္စကိုပဲ အရမ်းတွေးမနေကြနဲ့၊ အခုလည်း အဆင်ပြေနေတာပဲမဟုတ်ဘူးလား?”
ထိုသို့တွေးရင်းဖြင့် ယဲအန့်နင်လည်း ဖွဖွလေး ပြုံးလိုက်ပြီး အနောက်သို့ လှည့်မကြည့်ဘဲ အပေါ်ထပ်သို့ တက်သွားလိုက်သည်။
“ဒါဆိုလည်း ဒီကိစ္စကို ဒီမှာပဲ ချန်ထားခဲ့ကြတာပေါ့၊ နောက်ထပ်ထပ်ပြောနေစရာ အကြောင်းမရှိတော့ဘူး”
ရွယ်ကျစ်က သူ(မ)ကို အလိုအလျောက် ခေါ်မိသွားသည်။
“မင်းဘယ်ကိုသွားမလို့လဲ?”
ယဲအန့်နင် သူတို့နှစ်ယောက်ကို ပြန်လှည့်ကြည့်ကာ
“အားယန်စားလို့ရအောင် တစ်ခုခုသွားယူပေးမလို့”
ရွယ်ယွိနှင့် ရွယ်ကျစ်တို့ တစ်ခဏ ကြက်သေသေသွားကြပြီးနောက် တစ်ချိန်တည်းဆိုသလို သူ(မ)နောက်ကို လိုက်သွားကြသည်။
-
အောက်ထပ်တွင်တော့ ကလေးမလေးတစ်ယောက်.....
ရွယ်ယန်က ခေါင်းအုံးကို ဘေးထားပြီး ထီကျစ်အား ခက်ခက်ခဲခဲ ကောက်ချီလိုက်သည်။ သူ(မ)ရဲ့လက်တုတ်တုတ်လေးတွေက ထီကျစ်ရဲ့ခေါင်းကို ထိုးပြီး သူ(မ)လေးက အသံတိုးတိုးဖြင့်
“ထီကျစ် နင့်ပုံစံက ဘာလို့ မသက်မသာဖြစ်နေတဲ့ပုံ ပေါက်နေတာလဲ?”
တကယ်တွင် ထီကျစ်က မသက်မသာဖြစ်ရုံတစ်ခုတည်းတင်မဟုတ်၊ အတော်လေးကို သောကရောက်နေရခြင်းပင်။
သူက မျက်လုံးများကို ကူကယ်ရာမဲ့စွာ ပိတ်ထားလိုက်သည်။ ထားလိုက်ပါတော့ ဒီလူတွေ အားယန်ကို အချိန်အတိုင်းအတာတစ်ခုထိတော့ ဒုက္ခပေးကြအုံးမှာမဟုတ်ဘူး၊ လောလောဆယ်တော့ မျက်စိဒေါက်ထောက် ကြည့်နေရုံပဲရှိတယ်...
ရွယ်ကျင်းဟုန်က မီးဖိုချောင်ထဲကနေ ခေါင်းထုတ်ကြည့်လိုက်သည်။ ဧည့်ခန်းထဲတွင် တစ်ယောက်တည်းထိုင်နေရသည့် သမီးငယ်ကို တွေ့ချိန်တွင် သူက အကျယ်ကြီး အော်ကာ
“အားယန် ဘယ်လိုလုပ်ပြီး သမီးတစ်ယောက်တည်း ရှိနေတာလဲ?”
အားယန်က ဗလာကျင်းစွာ လှမ်းကြည့်ပြီး တစ်ခဏကြာမှ ပြန်ဖြေဖို့ သတိရသွားကာ
“ဖေဖေ မမနဲ့ကိုကိုတို့က အားယန်စားဖို့ မုန့်သွားယူကြတယ်”
ရွယ်ကျင်းဟုန်ကာ အားယန်လောက်တော့ အရူးလုပ်ရန် မလွယ်ကူလှပေ။ သူက မျက်မှောင်ကြုတ်ကာ ထွက်လာပြီး
“သူတို့ ဘယ်သွားကြတာလဲ?” မုန့်သွားယူတာ လူသုံးယောက်တောင် သွားဖို့လိုလို့လား!"
ရွယ်ယန်က တုံးအစွာဖြင့် လမ်းကို ညွှန်ပြကာ
“ကိုကိုတို့နဲ့ မမက အပေါ်ကို သွားတာ”
ရွယ်ကျင်းဟုန် ချက်ချင်းဆိုသလို အပေါ်ထပ်သို့ တက်သွားလိုက်သည်။ လမ်းတစ်ဝက်တွင် မုန့်ကိုယ်စီသယ်ကာ ဆင်းလာနေကြသည့် သူ့သားနှစ်ယောက်နှင့် သမီးကြီးတို့ကို တွေ့လိုက်ရသည်။
ထိုမြင်ကွင်းကို မြင်ကာမှပင် သူက စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်ပြီး တည်ကြည်စွာဖြင့်
“မင်းတို့တွေ ဘာလို့ ညီမလေးကို အောက်ထပ်မှာ တစ်ယောက်တည်း ထားပစ်ခဲ့တာလဲ?”
ယဲအန့်နင်က သူ(မ)အမှားကို ဦးစွာ ဝန်ခံလာပြီး
“ဖေဖေ သမီးတို့က အပျော်လွန်သွားပြီး ကလေးအတွက် အရသာရှိတာလေးတွေ သွားယူပေးနေတာပါ”
ရွယ်ယွိနှင့် ရွယ်ကျစ်ကလည်း တညီတညွတ်တည်း ခေါင်းညိတ်ကာ
“ဟုတ်ပါတယ် ဖေဖေ”
ရွယ်ကျင်းဟုန် ရှည်ရှည်ဝေးဝေး မေးမနေတော့ချေ။ သူက ကလေးတွေအပေါ် ပိုပြီးအာရုံထားဖို့သာ ဆုံးဖြတ်လိုက်သည်။
ယဲအန့်နင် သူ(မ)လက်ထဲမှ သရေစာမုန့်များကို ကော်ဖီစားပွဲပေါ် တင်ပြီးနောက် ကလေးမလေးရဲ့လက်ကို ကိုင်လိုက်သည်။ ကလေးရဲ့လက်သေးသေးလေးက နူးညံ့နေပြီး သူ(မ)မှာ ၎င်းအား ထိတွေ့နေရသည်ကို အနည်းငယ် စွဲလမ်းနေ၏။
ရွယ်ကျစ်မှာတော့ အနည်းငယ် မနာလိုနေ၏။ သူက ယဲအန့်နင်က ဘေးသို့တွန်းထုတ်ပြီး သူ့ညီမလေးအား ဖက်ကာ
“အားယန် ကိုကို့ကို သဘောကျလား?”
ရွယ်ယန်က သူ(မ)လက်ထဲတွင် သရေစာအပုံလိုက်ကို ကိုင်ထားပြီး မျက်လုံးဝိုင်းဝိုင်းလေးများက ကျေနပ်မှုများ အပြည့်နှင့်။ ရွယ်ကျစ်အား အနမ်းကြီးကြီးပေးပြီး
“သဘောကျတာပေါ့! ကိုကိုက အကောင်းဆုံး!”
ရွယ်ယွိမှာ ပိုလို့ပင် အားကျသွားရပြီး
“ဒါဆို ကိုကိုကရော အားယန်?”
ရွယ်ယန်က သူ့ရင်ခွင်ထဲ တိုးဝင်ပြီး သူ့မျက်နှာကိုလည်း နမ်းကာ
“ကိုကိုကြီးကလည်း အရမ်းကောင်း!”
ယဲအန့်နင်တစ်ယောက် အနောက်ကနေ တိုးဝင်လာပြီး
“အားယန်! မမရော!”
ရွယ်ယန် သူ(မ)ကိုလည်း နာခံစွာ ထပ်နမ်းလိုက်ပြီး
“မမ အရမ်းကောင်း!”
ဘေးရှိ ထီကျစ်မှာတော့ မှန်းချက်နှင့် နှမ်းထွက် မကိုက်သော ရုပ်ပေါက်နေ၏။ ဟမ့်! အကုန်လုံးကို ကောင်းနေတော့တာပဲ ခုကျ အဆင်ပြေနေပေမယ့် နောက်ကျ ဘာဖြစ်မယ်ဆိုတာ ဘယ်သူက သိမှာမို့လို့လဲ!