Chapter 36

1.5K 125 0
                                    

အပိုင်း (၃၆)

ထိုဖြစ်ရပ်ရဲ့ နောက်ဆက်တွဲရလဒ်အရ...
ရွယ်ယန်တစ်ယောက် ယခုအခါတွင် ထီကျစ်ရှေ့ ဆောင့်ကြောင့်ထိုင်ပြီး တရားဟောရတော့သည်။

လျို့မန်က တိတ်တဆိတ်နှင့် ကလေးမလေး၏အနောက်မှ လျှောက်သွားလိုက်ပြီးနောက် သူ(မ)လေး၏ အဆက်မပြတ် တိုးဖျဖျ ရေရွတ်သံကို ကြားလိုက်ရသည်။
"ထီကျစ် ဝံပုလွေတွေက လူတွေကို ‌ကိုက်တယ်ဆိုပေမယ့် အိမ်မှာတော့ ဒီလိုလုပ်လို့ မဖြစ်ဘူးနော်"

ထီကျစ်မှာ အလွန် ကူကယ်ရာမဲ့စွာဖြင့် သူ(မ)အလိုကို သဘောတူရတော့သည်။

"အာဝု!" ငါ ပေါက်စလေးမဟုတ်တော့ဘူး!

ကလေးမလေးက သူ(မ)ရဲ့နူးနူးညံ့ညံ့ လက်ဖဝါးလေးကို ဆန့်ထုတ်ပြီး ထီကျစ်၏ခေါင်းကို ပွတ်ပေးလိုက်သည်။

"ထီကျစ်က အရမ်းလိမ္မာတာပဲ!"

လျို့ဟွားက လျှောက်လာပြီး ရွယ်ယန်ကို ချီမလိုက်သည်။

"အားယန် သမီးအကိုရဲ့ ရှေ့ရက်ကရိုက်ထားတဲ့ ကြော်ငြာ ကြည့်လို့ရနေပြီ"

ရုန်းကန်ရန် ဟန်ပြင်နေသည့် ကလေးမလေးက အံ့အားသင့်သွား၏။ သူ(မ)က တစ်ဖက်သို့ လှည့်ကာ ထီကျစ်ကို အော်ခေါ်လိုက်သည်။

"ထီကျစ်! ငါတို့ကိုကိုကို တူတူသွားကြည့်ကြစို့!"

'အိမ်စာလုပ်ပြီး' သွားကြသည့် ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့က အောက်ထပ်သို့ ဆင်းလာကြသည်နှင့် ဆိုဖာပေါ်တွင် ကျက်သရေရှိရှိ လဲလျောင်းနေသည့် လျို့ဟွားကို တွေ့လိုက်ရသည်။ သူ(မ)ဘေးတွင် ဆိုဖာပေါ် လဲလျောင်းနေကြသည့် အရွယ်အစားအမျိုးမျိုးနှင့် ပေါက်စီလုံးလေးတို့ ရှိနေပြီး တစ်စုံတစ်ခုကို တီးတိုးကာ တတွတ်တွတ်ပြောနေ၏။

အင်း ရွယ်ယန်ကသာ ထီကျစ်ကို တစ်ယောက်တည်း စကားတွေ ပြောနေခြင်းပေ။

အနည်းငယ် ရင်းနှီးသော သီချင်းသံက သူ့နားထဲ ပျံ့လွင့်လာသည်နှင့် ရွယ်ကျစ်၏မျက်ခွံက လှုပ်ခပ်သွားပြီး မျှော်လင့်ထားသည့်အတိုင်း တီဗီစခရင်ပေါ်တွင် သူ့ပုံ‌ကို တွေ့လိုက်ရသည်။

ရွယ်ကျစ်တစ်ယောက် အနီးသို့ တိုးကပ်သွားချိန်တွင် ရွယ်ယန်၏အသံကို ကြားလိုက်ရသည်။

"အဲဒီအင်္ကျီတွေ အရမ်းလည်း မကောင်းပါဘူး အားယန်ရွေးပေးတဲ့ဟာလောက်တောင် မကောင်းဘူး"

လျို့ဟွားက အညှာအတာမဲ့စွာ လှောင်လိုက်သည်။

"အားယန်ရွေးတယ်ဆိုတဲ့ အနီနဲ့ အစိမ်းလား"

ရွယ်ယန်က နှုတ်ခမ်းထော်လာပြီး

"အရောင်စုံလေးက အရမ်းလှတဲ့ဟာကို!"

လျို့ဟွားက သရော်လာခဲ့သည်။

"သေအောင်ရုပ်ဆိုးလိုက်တာမှ"

ရွယ်ယန်က ထထိုင်လိုက်ပြီး

"‌မေမေ ရွေးပေးတဲ့ဟာတွေကသာ ရုပ်ဆိုးတာ အားယန်ရွေးတာက ကြည့်အကောင်းဆုံးတွေပဲ!"

လျို့ဟွားတစ်ယောက် ရွယ်ကျစ်ကို မြင်လျှင် ဤသို့သော ညီမမျိုးရှိနေသည့် သူ(မ)သားကို အတော်လေး ကရုဏာသက်မိသွားသည်။

"အားယန်က မင်းကို အနီနဲ့အစိမ်းဝမ်းဆက်ကို ရွေးပေးလိုက်တာမလား"

ရွယ်ကျစ်မှာ အနည်းငယ် ပြောစရာစကားမဲ့သွား၏။

"ဟင့်အင်း ဝမ်းဆက်လို့တော့ မဟုတ်ပါဘူး ကလေးက သူ့ဘာသာသူ တွဲလိုက်တာ ဓာတ်ပုံဆရာက ဒါက သူ့မျက်လုံးကို နာစေတယ်လို့ပြောပြီး သူတို့သာ ဒီပုံကို ကြော်ငြာထဲ ထည့်သုံးရင် သူတို့ကုမ္ပဏီ ဒေဝါလီခံသွားရလိမ့်မယ်တဲ့"

ရွယ်ကျစ်၏ ကြည့်ကောင်းလှသည့် ရုပ်ရည်ဖြင့်တောင် ဒါက မျက်စိထဲ ထင်းထွက်လွန်းလှသည်... ရွယ်ယန်၏အလှပခံစားတတ်တဲ့အမြင်က တော်တော်ဆိုးဆိုးရွားရွားပဲ။

ရွယ်ယန်မှာ ဝမ်းနည်းသွားရပြီး

"ဒါပေမယ့် တကယ်လည်း ကြည့်ကောင်းတာပဲကို..."

ထီကျစ်က တိတ်တဆိတ်နှင့် သူ့မျက်လုံးကို ဘေးသို့ လှိမ့်လိုက်တော့သည်။ ကံကောင်းထောက်မစွာ ရွယ်ယန်က ယခင်ဘဝတွင် သူ(မ)ကိုယ်သူ(မ) ပြင်ဆင်ဖို့ စိတ်ကူးမရှိခဲ့ပေလို့ မဟုတ်လျှင် သူ(မ)ရဲ့အနုသုခုမက ကမ္ဘာမြေပေါ် ဆိုးဆိုးရွားရွား ကပ်ဆိုက်တာပင်။

ချောင်းကျဲ၏အကြည့်တို့က ညင်သာနေပြီး

"ဒါပေါ့ ကိုကိုတို့အားယန်ရွေးတဲ့ အဝတ်စားတိုင်းက ကြည့်အကောင်းဆုံးပဲ"

ရွယ်ကျစ်ကတော့ စိတ်မဝင်စားဟန်ဖြင့်

"ဒီလိုဆို အားယန်က ချောင်းကျဲအတွက် အဝတ်စားများများ ရွေးပေးသင့်တာပေါ့"

ရွယ်ယန်တစ်ယောင် အလွန်ပျော်ရွှင်သွားပြီး

"ဒါပေါ့! ရှောင်ကျဲကောကော ကိုကို စိတ်ချ အားယန်က ကိုကို့အတွက် အကောင်းဆုံးအဝတ်အစားကို ရွေးပေးမှာ"

ချောင်းကျဲ : "... အိုခေ..."
သူ ဘာလုပ်နိုင်တော့မှာလဲ! ပြောပြီးသားစကားကို ပြန်ပြင်လို့မှ မရတော့တာ!

လျို့ဟွားက ကလေးမလေး၏ခေါင်းကို ဖိလိုက်ပြီး

"ပြဿနာရှာမနေနဲ့တော့ သမီးအကိုတွေက ပုံမှန်ဆို ကျောင်းယူနီဖောင်းကိုပဲ ဝတ်ရတာ"

ဤကလေးအား နောင်တွင် သူ(မ)ဘာသာ အဝတ်စားမရွေးစေဖို့ သူ(မ) စိတ်ပိုင်းဖြတ်ထားပြီးပြီပင်။

ရွယ်ယန်က တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြလိုက်သည်။

"ဟုတ်..."

ရွယ်ယွိက ရွယ်ကျစ်၏ဗီဒီယိုကို အဆုံးထိ ကြည့်ပြီးနောက် လှမ်းမေးလိုက်သည်။

"ဒီဗီဒီယိုက ဘယ်တော့လွှင့်မှာလဲ"

ရွယ်ကျစ်က မေးကို ပွတ်ပြီး

"လွှင့်တောင်လွှင့်ပြီးနေလောက်ပြီလားမသိဘူး"

ရွယ်ယွိက စဉ်းစားနေဟန်ရပြီး ရုတ်တရက် သူ့ဖုန်းကို ထုတ်ပြီး စတင်ဖတ်လိုက်သည်။

ရွယ်ယန်မှာ ရွယ်ယွိ၏ဖုန်းအား သဘောကျနေခြင်းဖြစ်သည်။ သူ(မ)က ရွယ်ယွိဘက်သို့ ပြေးသွားပြီး

"ကိုကို အားယန်လည်း ကြည့်ချင်တယ်"

ရွယ်ယွိက သူ(မ)ကို ဖက်လိုက်ပြီး သူ့အနားသို့ တိုးကပ်စေလိုက်သည်။

"ဒါဆို တူတူကြည့်ကြတာပေါ့"

အချိန်အတန်ကြာ ကြည့်ပြီးနောက် ရွယ်ယန်မှာ နားမလည်နိုင်သေးချေ။

"ကိုကို ဘာလုပ်နေတာလဲ"

ရွယ်ယွိက စိတ်ရှည်လက်ရှည်ဖြင့် သူ(မ)ကို ရှင်းပြလိုက်သည်။

"လူတိုင်းက ရှောင်ကျစ်ရဲ့ဗီဒီယိုကိုမြင်တာနဲ့ သဘောကျလိမ့်မယ်လို့ အားယန်ပဲ ပြောခဲ့တယ်မဟုတ်လား ဒီတော့ ကိုကိုတို့ကလည်း ရှောင်ကျစ်ကို အားပေးသင့်တာပေါ့"

ရွယ်ကျစ်က သည်ဘဝတွင်လည်း ဖျော်ဖြေရေးလောကထဲ ဝင်အုံးမည့်ဟန်ပင်။ ထို့ကြောင့် သူ့ရဲ့အကိုတစ်ယောက်အနေဖြင့် ယခုအချိန်တွင် သူ့ကို နည်းနည်းပါးပါး ကူညီပေးလိုက်ဖို့က သူ့အတွက် ပြဿနာ မရှိချေ။

ကလေးမလေးက မျက်တောင်လေးခတ်ပြီး သေချာနားမလည်သော်လည်း သူ(မ) အနည်းငယ် နားလည်နေသေး၏။

"အိုခေ! ဒါဆို အားယန်တို့ ကိုကို့ကို အားပေးရအောင်!"

ရွယ်ကျစ်က သဘောတွေ့စွာ ကြည့်ပြီး

"အားယန်က ဘာသိလို့လဲ ကိုကို့ကို အားပေးချင်တာပဲ ရှိတာလေ"

ရွယ်ယန်က သူ(မ)ကိုယ်သူ(မ) ခုခံလာ၏။

"အားယန်က မသိပေမယ့် သာ့ကောကောကတော့ သိတယ်လေ! ဒီတော့ အားယန်က သာ့ကောကောကို အားပေးမယ် သာ့ကောကောက ကောကောကို အားပေးမှာပေါ့"
(T/N : သာ့ကောကော - ကိုကိုကြီး)

သာ့ကောကောက ရွယ်ယွိဖြစ်ပြီး ကောကောဆိုသည်မှာ ရွယ်ကျစ်ဖြစ်သည်။ ကလေးမလေးက သူတို့နှစ်ယောက်ကို ခွဲမပြောတတ်သည့်အခါတိုင်း ထိုသို့ခေါ်တတ်၏။

အနည်းငယ် ကလေးကလားဆန်သော်လည်း ရွယ်ကျစ်မှာတော့ မမျှော်လင့်ထားစွာဖြင့် ထိုအခေါ်အဝေါ်ကို သဘောကျမိတော့သည်။

သူက ကလေးမလေးထံမှ အကြည့်လွှဲလိုက်ပြီး 'အရူးလေး' ဟု ပြောရင်းဖြင့် ရယ်နေခဲ့သည်။

ချောင်းကျဲက သူ(မ)အား ညင်သာသော အကြည်ဖြင့် ကြည့်နေခဲ့သည်။ သူတို့မိသားစု၏ လေထုက အလွန်ကောင်းပြီး ဒါကြောင့်လည်း သူကား အပြင်လူတစ်ယောက်လို မခံစားရချေ။

အဘယ်ကြောင့်ဆိုသော် သူတို့တွင် လူတွေကို အမှုမဲ့အမှတ်မဲ့ဖြင့် နွေးထွေးစေသည့် အရူးလေးတစ်ယောက် ရှိနေသည်လေ။

အရူးလေးကတော့ ဒီတစ်ကြိမ်တွင်လည်း ရွယ်ကျစ်နှင့် ငြင်းမနေချေ။ ထို့အစား သူ(မ)က ရွယ်ယွိဘေးနား ဒူးထောက်ထိုင်ပြီး သူ့ဖုန်းအား စူးစိုက်စွာ ကြည့်နေလေ၏။

လျို့ဟွားက လှမ်းကြည့်လာပြီး စားပွဲခုံအား ခေါက်ကာ

"အားယန် ဖုန်းကို အရမ်း နီးနီးကပ်ကပ် မကြည့်နဲ့"

ရွယ်ယန်က ခေါင်းပင် မထောင်လာခဲ့ပဲ

"အားယန် သိပါတယ် မေမေရဲ့"

သူ(မ)က ပြောရင်းဖြင့် အနည်းငယ် နောက်ဆုတ်လိုက်သည်။

ရွယ်ယွိက ပြုံးပြီး ရွယ်ယန်၏ခေါင်းလေးကို ပုတ်ကာ သူလည်းပဲ ဖုန်းကို အနည်းငယ် ဝေဝေးရွှေ့လိုက်၏။

သူက ကြော်ငြာအောက်မှ မှတ်ချက်များကို ဝင်ကြည့်ပြီး အနည်းငယ် အံ့အားသင့်သွား၏။

"တကယ်ပဲ ရှောင်ကျစ်ကို သတိထားမိတဲ့သူတွေက များသား"

လက်ရှိတွင် သူ ကူညီဖို့ လိုအပ်မည် မထင်တော့ပေ။

ရွယ်ယန်က နားမလည်သဖြင့် ခေါင်းငုံ့ကာ ခက်ခက်ခဲခဲ လေ့လာကြည့်ပြီးနောက်တွင်မှ ရွယ်ကျစ်အား ချီးမွမ်းနေကြသည့် မှတ်ချက်များကို ဖတ်လိုက်ရသည်။

သူ(မ)က ဂုဏ်ယူစွာဖြင့်

"တွေ့လား အားယန်ပြောသားပဲ ကိုကိုက အရမ်းကြည့်ကောင်းပါတယ်လို့ သေချာပေါက် သူများတွေက ကြိုက်မှာပေါ့"

ရွယ်ကျစ်က ကူကယ်ရာမဲ့စွာ ပြုံးရင်းဖြင့် ခေါင်းခါလိုက်သည်။ အချိန်အကြောင်းကို ပြန်တွေးမိသွားပြီး သူ့အဖေကြောင့် သူ့ကို အားပေးချင်ကြသည့် လူများစွာ ရှိကြောင်း အမှတ်ရမိသည်။

ချောင်းကျဲသည်လည်း အနည်းငယ် အတွေးများနေ၏။ ရွယ်ယွိနှင့် ရွယ်ကျစ်တို့က ယခင်ဘဝက သူတို့ဝင်ရောက်ခဲ့ကြသည့် နယ်ပယ်အသီးသီးဆီ စတင် ဝင်ရောက်နှင့်နေကြပြီ ဖြစ်၍ သူလည်း နောက်ကောက်ကျန်ခဲ့လို့ မဖြစ်ချေ။

သူ အရင်က လျို့ဟွား၏ ဆေးဖက်ဆိုင်ရာ စာအုပ်များကို စတင်ဖတ်ရှုနေပြီဖြစ်ပြီး လျို့ဟွားက သူ့အတွက် မေးခွန်အသေးအမွှားများအား ပြန်ဖြေပေးနေခြင်းဖြင့်၊ သူလည်း မိသားစုကို ဆွဲချပြီး သူတို့ကို အရှက်မရစေသင့်ဘူးမလား?

လူတိုင်းက အတွေးကိုယ်စီဖြင့် ဖြစ်နေချိန် တံခါးဘဲလ်က ရုတ်တရက် မြည်လာ၏။

လျို့မန်က တံခါးကို ပြေးသွားဖွင့်လိုက်သည်။ ယဲအန့်နင်က သူ(မ)ကို အမြန် နှုတ်ဆက်လိုက်ပြီးနောက် ဧည့်ခန်းထဲသို့ ပြေးဝင်လိုက်သည်။

"အန်တီ မင်္ဂလာပါ! သမီး အားယန်နဲ့ အကိုရွယ်ယွိတို့ကို ဆော့ဖို့ ခေါ်သွားချင်လို့ ရမလား"

လျို့ဟွားက လက်ခါလိုက်ပြီး

"သွားလေ သွား ဂရုစိုက်အုံးနော်"

ယဲအန့်နင် ခေါင်းညိတ်လိုက်သည်။

"အိုခေ!"

ရွယ်ယွိက ကြောင်အမ်းနေသည့် ရွယ်ယန်ကို ကောက်ချီလိုက်ပြီး ယဲအန့်နင်နောက်သို့ လိုက်သွားလိုက်၏။ ရွယ်ကျစ်နှင့် ချောင်းကျဲတို့က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ပြီး သူတို့လည်းပဲ လိုက်ထွက်လိုက်သည်။

ထီကျစ်က သူတို့အနောက်သို့ အလျင်စလို မလိုက်ရဲပဲ လျို့ဟွားကို လှမ်းကြည့်လိုက်သော်လည်း လျို့ဟွားက အေးစက်စွာသာ နှာမှုတ်လာခဲ့သည်။

"ဘာတွေလာကြည့်နေတာလဲ အခုနေ မသွားရင် အဲ့ဒီကလေးတွေ နင်နဲ့ ကစားတော့မှာမဟုတ်ဘူး"

ထီကျစ်မှာ ထူးဆန်းစွာ အနည်းငယ် ခံစားသွားရသည်။ သူက လျို့ဟွား၏ခြေထောက်ကို ပွတ်လိုက်ပြီးနောက် သူတို့နောက်သို့ ခုန်ဆွခုန်ဆွ ပြေးလိုက်သွား၏။

သူတို့ တံခါးဝသို့ ရောက်သည်နှင့် ဘယ်သူမှ ဘာမှ မမေးရသေးခင် ယဲအန့်နင်က မျက်မှောင်ကြုတ်ကာ

"လုယွင့်လင်မိဘတွေ ရှန်နျန်အိမ်ကို ရောက်နေတယ် သူတို့က တောင်းပန်ချင်လို့တဲ့"

ရွယ်ယန်က ခေါင်းရှုပ်နေဆဲဖြစ်ပြီး

"ကျဲကျယ် ဘာတောင်းပန်တာလဲ"

ယဲအန့်နင်က ရပ်သွားပြီးမှ

"နျန်နျန်မွေးနေ့ပွဲတုန်းက ဟိုစိတ်ရှုပ်ဖို့ကောင်းတဲ့ မိန်းကလေးလေ"

ရွယ်ယန် အနည်းငယ် သဘောပေါက်သွားပြီး သူ(မ)က နှုတ်ခမ်းစေ့ကာ

"အားယန်တို့ မသွားလို့ မရဘူးလား အားယန် သူ့ကို မကြိုက်ဘူး" သူက အားယန်ကိုတောင် ဆူလိုက်သေးတာ!

ယဲအန့်နင်က လက်များကို ကူကယ်ရာမဲ့စွာ ဖြန့်ပြီး

"ဒါပေမယ့် အားယန် နျန်နျန်က သူ့ကို ကလေးကို တောင်းပန်ဖို့ ပြောထားတာလေ"

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now