အပိုင်း (၁၇)
ရှန်နျန်နှင့် ယဲအန့်နင်တို့က ကျောင်းတူတူပင်။ အတန်းပြီးသည်နှင့်အတူ ရှန်နျန်တစ်ယောက် စီနီယာအတန်းများဘက်ဆီ ပြေးလာခဲ့လိုက်သည်။
ယဲအန့်နင်က သူ(မ)ထိုင်ခုံတွင် ထိုင်နေပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချလို့နေ၏။ သူ(မ)မှာ တစ်ကြိမ်ကူးပြောင်းလာသည်နှင့် ဆယ်နှစ်တာစာသင်ချိန်များကို ပြန်ဖြတ်သန်းနေရလိမ့်အုံးမည်ဟု မမျှော်လင့်ထားခဲ့မိချေ။
သူ(မ)တွေးနေစဉ် စာသင်ခန်းတံခါးနားတွင် လာချောင်းနေသည့် ကလေးမလေးတစ်ယောက်၏ပုံရိပ်ကို လှမ်းတွေ့လိုက်သည်။
ကလေးမလေးကလည်း သူ(မ)ကို မြင်၏။ သူ(မ)က နှုတ်ခမ်းကိုဖိထားပြီး ယဲအန့်နင်ကို လက်ဝှေ့ယမ်းပြလာသည်။
ယဲအန့်နင်က ထိုင်ခုံကို မှီချပြီး မတ်တတ်ထရပ်ကာ စာသင်ခန်း အပြင်ဘက်သို့ လျှောက်လာလိုက်သည်။
သူ(မ)က ရှန်နျန်ကို ငုံ့ကြည့်ပြီး
“နင် ငါ့ကို လာရှာတာလား?”
ရှန်နျန်အကြည့်တို့က သူ(မ)ကို ပြန်ကြည့်ရင်း နက်ရှိုင်းလျက်ရှိနေပြီး
“ဘယ်လောက်တောင်လဲ?” (ဘယ်နှယောက်တောင်လဲ)
မေးခွန်းက မရေရာဖြစ်နေသော်လည်း သူ(မ) ဘာကိုဆိုလိုချင်မှန်း ယဲအန့်နင် သဘောပေါက်သည်။
“ရွယ်ယွိ၊ ရွယ်ကျစ်၊ ချောင်းကျဲနဲ့ ဟိုဝံပုလွေ”
ရှန်နျန် မျက်လုံးများကို တစ်ခဏ မှိတ်ချလိုက်ပြီး
“သဘောက အဲ့ဒီအချိန်တုန်းက အဲ့ဒီနေရာမှာရှိနေခဲ့ကြတဲ့လူတွေအကုန် ပြန်ရောက်လာခဲ့ကြတာပေါ့”
ယဲအန့်နင် မျက်မှောင်ကြုတ်လိုက်ပြီး
“လုယွင့်လင်ရောလား?” သူ(မ) လုယွင့်လင်ကို သိပ်ပြီးသဘောမကျ၊ သူ(မ)ပုံစံက အမြဲတမ်း အယောင်ဆောင်နေသလိုပင်။
ရှန်နျန်က ခေါင်းခါလိုက်ပြီး
“သူ(မ)ကတော့ မဟုတ်လောက်ဘူး.... ဒါပေမယ့် ဘာလို့ သူတစ်ယောက်တည်း ကွဲထွက်နေရတာလဲ?”
ယဲအန့်နင်က ထေ့ငေါ့စွာ
“ငါက ဘယ်လိုသိမှာလဲ? သူနဲ့အနီးစပ်ဆုံးက နင်မဟုတ်ဘူးလား?”
ရှန်နျန် ခွန်းတုံ့ပြန်စကားမဆိုဘဲ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးနောက်
“အဲ့တော့ နင်တို့အားလုံး ဘယ်လိုလုပ်ဖို့စဉ်းစားထားလဲ?”
ယဲအန့်နင် သူ(မ)အား တည်ငြိမ်စွာ ကြည့်ကာ
“နင်လည်း သိနေတာပဲ မဟုတ်ဘူးလား? အဲ့ဒီတုန်းက ချီလင်းဟန် ပြောခဲ့တာ.... အနည်းဆုံးတော့ ဒီကိစ္စတွေထဲမှာ အားယန် ပါဝင်ပတ်သက်နေလားဆိုတာ ငါကတော့ အဆုံးထိ ရှာဖွေသွားမှာ၊ ငါ အားယန်ကို ဒီလိုအဖြစ်အပျက်မျိုး ထပ်ပြီး မတွေ့ကြုံစေရဘူး၊ သူ့ကို ထပ်ပြီးလည်း မနာကျင်စေရတော့ဘူး”
ထိုအကြောင်းအရာသို့ ရောက်လာသည့်အချိန်တွင် ရှန်နျန်မှာ မနေနိုင်အောင် အနည်းငယ် တုန်ယင်မိသွားသည်။
“အားယန် အခု ဘယ်လိုနေလဲ?”
ယဲအန့်နင်ရဲ့အကြည့်တို့က ချစ်စရာကလေးငယ်အကြောင်း တွေးရင်း နူးညံ့ပျော့ပျောင်းသွားပြီး
“အားယန်က အဆင်ပြေပါတယ် ဒီတိုင်း ကျောင်းသွားတက်ချင်နေတဲ့အကြောင်း ပူဆာနေတာ”
ရှန်နျန်မှာလည်း မနေနိုင်အောင် ရယ်မိသွားပြီး
“အရူးမလေး ကျောင်းသွားတက်ရင် အနိုင်ကျင့်ခံလာရမှာကို”
ယဲအန့်နင်ရဲ့နှုတ်ခမ်းက အနည်းငယ် ကွေးညွတ်သွားပြီး
“ငါတို့အိမ်ယာဝင်းဘက်မှာ အိမ်တစ်လုံး ဆောက်ပြီးကာစပဲ တရားဝင်တောင် မရောင်းရသေးဘူး... ငါ ဘာကို ဆိုလိုချင်လဲဆိုတာ နင် သဘောပေါက်တယ်မလား”
ရှန်နျန်က လက်ရန်းကို မှီလိုက်ပြီး
“ငါ သဘောပေါက်တော့ရော ဘာအသုံးဝင်မှာမို့လို့လဲ၊ ငါ့အဖေမှာက စိုးရိမ်စရာတွေ အများကြီးရှိနေပြီးသား”
ယဲအန့်နင်က ရွှတ်နောက်နောက်ဖြင့် ရှန်နျန်ရဲ့ခေါင်းကို ပုတ်လိုက်ပြီး
“ဘာအရေးမှတ်လို့ နင် ကောင်းကောင်းဖြေရှင်းနိုင်မှာပါ... နျန်နျန်...”
ရှန်နျန်မှာ ယဲအန့်နင်ကို ကြောက်လန့်တကြား ကြည့်ပြီး ခိုက်ခိုက်တုန်သွား၏။
ရှန်နျန်၏ကြောက်လန့်နေသော အကြည့်များအောက်တွင် သူ(မ)က စာသင်ခန်းထဲသို့ ပြုံးရင်းဖြင့် ပြန်ဝင်သွား၏။
…
အားမန်တစ်ယောက် မီးဖိုချောင်ထဲမှ လတ်လတ်ဆတ်ဆတ်လှီးထားသည့် သစ်သီးပန်းကန်ကို ကိုင်ကာ ထွက်လာ၏။ တစ်ချက်ကြည့်ရုံဖြင့် ဧည့်ခန်းထဲတွင် စိတ်ဓာတ်ကျစွာ ထိုင်နေသည့် ကလေးမလေးကို ချက်ချင်း သတိထားမိလိုက်သည်။
ရွယ်ယန်က ဆိုဖာပေါ် ပစ်လှဲချလိုက်ပြီး အတော်လေး စိတ်ဓာတ်ကျနေသည့်ဟန်။
လျို့ဟွားက အပေါ်ထပ်ရှိစာကြည့်ခန်းတွင် အလုပ်လုပ်ပြီးကာစဖြစ်ပြီး သူ(မ) အောက်ထပ်သို့ဆင်းလာသည့်အချိန် ငေးမှိုင်ကျနေသည့် ကောင်မလေးအား တွေ့လိုက်ရသည့်အခါ မရယ်ဘဲ မနေနိုင်တော့ချေ။ ဘာလို့ ဒီကလေးက သားသမီးတွေထွက်သွားလို့ အထီးကျန်နေတဲ့မိဘပုံပေါက်နေရတာလဲ?
“မဒမ်”
လျို့မန်(အားမန်)က အသံတိုးတိုးဖြင့် သူ(မ)ဘေးနားမှ လျို့ဟွားအား
“မဒမ် အားယန်သနားပါတယ်”
လျို့ဟွားက သူ(မ)လက်ထဲမှ အသီးကို ယူပြီး
“ကိစ္စမရှိဘူး ငါ သူ(မ)ကို အချိန်များများပေးလိုက်မယ်”
သူ(မ)က လျှောက်သွားလိုက်ပြီး ရွယ်ယန်ဘေးနား ဝင်ထိုင်ကာ ကလေးရဲ့ခေါင်းအား ပွတ်ပေးပြီး
“ဘာဖြစ်လို့လဲ? အားယန်က ဘာလို့ မပျော်မရွှင်ဖြစ်နေရတာလဲ?”
ရွယ်ယန်က လျို့ဟွားအား ကြေကွဲဝမ်းနည်းစွာကြည့်ပြီး
“မေမေ ဘာလို့ အားယန်က ကျောင်းသွားလို့မရတာလဲ?”
လျို့ဟွား၏အပြုအမူက တစ်ခဏ တန့်သွားပြီး
“အားယန် အိမ်မှာပဲ သမီးကို မေမေသင်ပေးတော့ မကောင်းဘူးလား?”
ကလေးမလေးက နှုတ်ခမ်းကို စေ့ကာ
“ဒါပေမယ့် ကိုကိုပြောတာ ကျောင်းမှာဆို သူငယ်ချင်းတွေအများကြီး ရှာနိုင်မှာတဲ့”
လျို့ဟွားရဲ့အသံက ညင်သာနေပြီး
“သမီးကိုအနိုင်ကျင့်မဲ့ သူငယ်ချင်းဆိုးဆိုးရလာခဲ့ရင်ရော?”
လျို့ဟွား တွင်တွင်ငြင်းနေတာကြောင့် ဖြစ်ကောင်းဖြစ်နိုင်ပြီး ရွယ်ယန်က ဘာမှထပ်မပြောတော့ဘဲ မျက်လုံးများကို ပွတ်လိုက်သည်။
လျို့မန်မှာ ထိုအခြင်းအရာကို မြင်သည့်အချိန် သက်ပြင်းချပြီး လျို့ဟွားအား ဖျောင်းဖျရန် ဘေးသို့ဆွဲခေါ်ကာ နူးညံ့စွာဖြင့်
“မဒမ် ဒီလိုမျိုးလုပ်တာက အားယန်ကို ပိုပြီးဝမ်းနည်းစေတယ်နော်”
လျို့ဟွား အထီးကျန်ပြီး ငြိမ်သက်နေသည့် ကလေးရဲ့ကိုယ်ကို ကြည့်ပြီး မျက်လွှာချကာ အချိန်အတန်ကြာသည်အထိ တွေးတောနေခဲ့သည်။
လျို့မန် ထွေထွေထူးထူးပြောမနေတော့ဘဲ လျို့ဟွားအား သူ(မ)ဘာသာ စဉ်းစားရန် အချိန်ပေးထားလိုက်သည်။
ရွယ်ယွိနှင့် ရွယ်ကျစ်တို့၏ကျောင်းက သူတို့မကြာခဏ ပြန်လာဖို့ရာအတွက် အိမ်နှင့် ဝေးလွန်းလှသည်။ ထို့ကြောင့် အားလုံးနှင့် တိုင်ပင်ဆွေးနွေးပြီးနောက် ရွယ်ကျင်းဟုန်က သူတို့အား အိမ်နှင့်နီးသည့် ကျောင်းသို့ ပြောင်းပေးလိုက်သည်။
ထို့ကြောင့် နေခင်းဘက်ကျောင်းဆင်းသည်နှင့် ကောင်လေးသုံးယောက်သားက အိမ်သို့ အပြေးအလွှားပြန်လာကြသည်။
ရွယ်ယွိက Grade 9 တွင်ဖြစ်ပြီး ပုံမှန်အားဖြင့် အိမ်သို့ နေ့တိုင်းပြန်လာခွင့်မရှိသော်လည်း သူ့ရဲ့အလွန်ကောင်းမွန်သော အဆင့်များကြောင့် ကျောင်းက သူ့အား အထူးအခွင့်အရေးပေးထား၏။
သူက တံခါးသို့ ခြေလှမ်းကျဲကြီးများဖြင့် လျှောက်ဝင်လာပြီး
“အားယန် ကိုကိုပြန်လာပြီ!”
ပုံမှန်ဆို အသံကြားသည်နှင့် ပျော်ရွှင်စွာ ပြေးလာပြီး ချွဲချွဲနွဲ့နွဲ့ပြုမူရင်း သူ့ခြေထောက်အား ပြေးဖက်တတ်သည့် ကလေးက အချိန်အတော်ကြာသည့်တိုင်အောင် အရိပ်အယောင် ပြမလာသေးချေ။
ရွယ်ယွိမှာ အနည်းငယ် ပဟေဠိဖြစ်သွားပြီး ဧည့်ခန်းမကြီးဆီသို့ လျှောက်ဝင်သွားလိုက်သည်။ သူ ထပ်အော်ခေါ်ရန် ဟန်ပြင်လိုက်သည့်အချိန် ဆိုဖာပေါ်တွင် ကွေးကွေးလေးအိပ်နေသည့် ကလေးမလေးကို သတိထားမိလိုက်တော့သည်။
သူ တစ်ခဏ အံ့အားသင့်သွားပြီးနောက် ဂရုတစိုက်ဖြင့် အနားသို့ လျှောက်သွားပြီး ရွယ်ယန်အား စောင်သေးလေးတစ်ထည်ဖြင့် ခြုံပေးလိုက်သည်။
သူ(မ) စောင်ခြုံပေးပြီးသည်နှင့် သူ ထွက်သွားရန် ဟန်ပြင်လိုက်သည့်အချိန် အမှုမဲ့အမှတ်မဲ့ဖြင့် ကလေး၏နီရဲနေသောမျက်လုံးအနားဝန်းလေးများကို တွေ့လိုက်ရသည်။
ရွယ်ယွိမျက်ခုံးများကို ကြုတ်ထားရင်း လျို့ဟွားအား သွားမေးလေ၏။
“အမေ၊ တစ်ယောက်ယောက် အားယန်ကို အနိုင်ကျင့်ထားတာလား?”
လျို့ဟွားက အားမန်နှင့် ညစာချက်နေခြင်းဖြစ်ပြီး သူ့အမေးကို ကြားသည့်အချိန် အနည်းငယ် ခေါင်းရှုပ်သွားပြီး
“မကျင့်ပါဘူး၊ ကလေးက အိမ်မှာ တစ်နေကုန် ရှိနေတာလေ”
ရွယ်ယွိ၏မျက်မှောင်ကြုတ်မှုက နက်ရှိုင်းသွားပြီး
“ဒါဆို အားယန်က ဘာလို့ ငိုနေရတာလဲ?”
လျို့ဟွားမှာ ထိတ်လန့်သွားပြီး လက်ထဲမှ အလုပ်ကို ချက်ချင်းချကာ မီးဖိုချောင်ထဲမှ ပြေးထွက်လေ၏။
လျို့မန်တစ်ယောက် သူ(မ)နောက်ကျောကို ကြည့်ပြီး သက်ပြင်းမချဘဲ မနေနိုင်တော့ချေ။
“လျို့မန်ကျဲကျယ် ဘာဖြစ်လို့လဲ?”
လျို့မန်က အသံတိုးတိုးဖြင့် ရှင်းပြလိုက်သည်။
“အားယန်က ကျောင်းသွားချင်နေတာလေ၊ မဒမ်က မသွားစေချင်ဘူး”
သူ(မ)၏ရှင်းလင်းချက်ကို နားထောင်ပြီးနောက် ရွယ်ယွိ နားလည်သွားသည်။ သူက မျက်ခုံးများကို ဖိထားပြီး
“ဒီလိုဆို ကိစ္စတွေကို ခက်ခဲတော့မှာပဲ”
လျို့မန်က သူ့ကို အားပေးလေ၏။
“မဖြစ်ပါဘူး၊ မဒမ်က အားယန် ဝမ်းနည်းတာကို မြင်ချင်တာမဟုတ်ဘူး”
ရွယ်ယွိ ဧည့်ခန်းဘက်ကို လှမ်းကြည့်လိုက်သည်။ လျို့ဟွားက ဆိုဖာဘေးနားတွင် ဆောင့်ကြောင့်ထိုင်ပြီး အိပ်နေသည့်ကလေးအား ငုံ့ကြည့်နေသည်ကို တွေ့လိုက်ရသည်။
သူ ရှင်းပြ၍မရနိုင်စွာ စိတ်သက်သာရာရသွားပြီး
“အမ်း...လျို့မန်ကျဲ၊ ကျွန်တော် အပေါ်ထပ်သွားပြီး အိမ်စာတွေ သွားလုပ်လိုက်အုံးမယ်”
လျို့မန်က လက်ကို ခါပြီး
“ကောင်းပြီ”
ရွယ်ကျစ်နှင့် ချောင်းကျဲတို့မှာ ထိုနေ့လယ်ခင်းတွင် ရွယ်ယွိထက် အတန်းတစ်ချိန်ပိုရှိနေခဲ့သည်။ သူတို့ အိမ်ပြန်ရောက်လာသည့်အချိန် လျို့ဟွားက ရွယ်ယန်အား ချီထားပြီး သူ(မ)ကို တစ်ခုခုတီးတိုးပြောနေသည်အား မြင်လိုက်ရသည်။
ကလေးမလေးက လွန်စွာ ပျော်ရွှင်သွားဟန်တူပြီး မျက်လုံးများ ကွေးညွတ်စွာ ပြုံးလို့နေ၏။
ရွယ်ကျစ်က သူ့ပစ္စည်းများကို အောက်သို့ချပြီး
“အားယန် ကိုကို ပြန်ရောက်ပြီ!”
သူတို့ကို ကြည့်ပြီး ရွယ်ယန်က မျက်တောင်လေးခတ်ကာ လျို့ဟွားအား အနမ်းကြီးကြီးပေးလိုက်ပြီး
“မေမေ အားယန်သိပါတယ်!”
ပြောပြီးနောက် သူ(မ)က လျို့ဟွားပေါ်မှ ပြေးဆင်းပြီး ရွယ်ကျစ်ဆီ ခုန်ပေါက်ပြေးသွား၏။
“ကိုကို!”
လမ်းတစ်ဝက်တွင် ချောင်းကျဲက သူ(မ)ကို သူ့ရင်ခွင်ထဲ ဖမ်းထည့်လိုက်ပြီး
“ပြောပါအုံး အားယန် ဒီနေ့ ဘာလို့ ဒီလောက်တောင်ပျော်နေရတာလဲ?”
သူ့ချီထားတာကို ခံထားရသည့် ကလေးမလေးက သူ့ကော်လာအား တင်းကျပ်စွာ ဖမ်းဆုပ်ပြီး
“ရှောင်ကျဲကောကော မေမေကပြောတယ် အားယန် ကျောင်းတက်လို့ရပြီတဲ့!”
ရွယ်ကျစ်က လျှောက်လာပြီး ရွယ်ယန်အား သူ့ရင်ခွင်ထဲ ချီခေါ်လိုက်သည်။ သူ(မ)အား နာကျင်စေမည်စိုး၍ ချောင်းကျဲက ရွယ်ကျစ်ရဲ့အပြုအမူကို လိုက်လျောပေးလိုက်၏။
ရွယ်ကျစ်၏မျက်လုံးနှင့် မျက်ခုံးများက ညင်သာနူးညံ့သွားပြီး
“အားယန်က ကျောင်းကို ဒီလောက်တောင် သွားချင်နေတာလား?”
ရွယ်ယန်က နားရွက်ချိတ်မတပ်ပြုံးရင်း
“ကိုကို၊ ကျောင်းကိုသွားရင် ပိုပြီးအာဏာကြီးလာပြီး ဉာဏ်ကောင်းလာမှာလေ မေမေ့လိုပေါ့!”
လျို့ဟွားက လမ်းလျှောက်လာပြီး
“အမေက သမီးကို အိမ်မှာသင်ရင်တောင် အရမ်းထက်မြက်နေအောင် လုပ်ပေးလို့ရတယ်”
ရွယ်ယန်က နှုတ်ခမ်းဆူပြီး
“မေမေ ကတိပေးပြီးသားလေ၊ ပေးပြီးသားကတိ ဖျက်လို့မရဘူး!”
ရွယ်ကျစ်က သူ(မ)ခေါင်းလေးကို ပုတ်ပေးပြီး လျို့ဟွားအား
“အမေ ဘာလို့ ကောက်ခါငင်ကာကြီး သဘောတူလိုက်တာလဲ?”
လျို့ဟွားက အေးစက်စွာ နှာမှုတ်ပြီး
“ငါသာ ဒီကလေးကို ကျောင်းပေးမသွားရင် သူက သူ့ဘာသာသူ တစ်ယောက်တည်း ကြိတ်ငိုနေတော့မှာလေ”
