Chapter 55

1.7K 134 3
                                    

အပိုင်း (၅၅)

ထီကျစ်သည်လည်း သံယောင်လိုက်ကာ နှစ်ကြိမ်ဟောင်လိုက်သည်။

“ဝုတ်! ဝုတ်!” ဟုတ်တယ်! လုံးဝ လက်သင့်မခံနိုင်စရာပဲ!

ရွယ်ကျစ်က ဆောင့်ကြောင့်ထိုင်ချပြီး ရွယ်ယန်၏ အင်္ကျီများကို ပုတ်ပေးလိုက်သည်။

“အားယန် ပြုတ်ကျတာ နာသွားသေးလား”

ရွယ်ယန်က ညည်းသံပြုလိုက်သည်။

“မနာပါဘူး”

ချောင်းကျဲက နောက်ဆုံးတွင် လူအုပ်ကြီးနှင့်အတူ လျှောက်ဝင်လာ၏။

“အားယန် ဘာဖြစ်လို့လဲ”

ရွယ်ယွိက ခြောက်ကပ်ကပ် ချောင်းဟန့်လိုက်ပြီး တည်ကြည်စွာ ဆိုလိုက်သည်။

“ဘာမှမဟုတ်ဘူး၊ မင်းတို့တွေ ဘာလို့ ဒီလောက်တောင် ကြာနေရတာလဲ”

ချီလင်းဟန်က သူ့လက်ထဲရှိ ပစ္စည်းများကို မြှောက်ပြလာ၏။

“အရုပ်လေးတွေပါ ယူလာပေးတာလေ၊ မင်းတို့တွေပဲ နှင်းဘောလုံးတိုက်ပွဲဆော့မလို့ဆို မဟုတ်ဘူးလား”

ရွယ်ယန်တစ်ယောက် ၎င်းကို ကြားလျှင်ကြားချင်း သူ(မ)က ပြုတ်ကျသွားသည်ကိုပင် ဂရုမထားအားတော့ဘဲ အရုပ်များကို လှမ်းကြည့်လိုက်သည်။

“လင်းဟန်ကောကော ဘာအရုပ်တွေလဲ”

လီယွမ်က ဝင်လာပြီး ဆိုလိုက်သည်။

“ဒါတွေက နှင်းဘောလုံးပစ်တဲ့ သေနတ်တွေလေ အားယန်”

ကောင်လေးက အလေးအနက်နှင့် မည်သို့ဆော့ရမည့်အကြောင်းပါ ရွယ်ယန်အား ရှင်းပြလိုက်သည်။ ရွယ်ယန်မှာ အံ့ဩမှင်သက်မှုများအပြည့်ဖြင့်။

“အရမ်းမိုက်တာပဲ!”

ယဲအန့်နင်နှင့် ရှန်နျန်တို့သည်လည်း နှင်းဘောလုံးပစ် သေနတ်များ ကိုယ်စီကိုင်ထားကြ၏။

“ဒါဆို ငါတို့ စလိုက်ကြတော့မလား”

ရွယ်ယန်တစ်ယောက် လက်ကို မြှောက်ကာ ခုန်ဆွခုန်ဆွ လုပ်တော့သည်။

“အားယန်လည်း သေနတ်လိုချင်တယ်!”

ရွယ်ယွိသည် သူ(မ)လေး၏ တခုန်ခုန်လုပ်နေပုံကို ကြည့်ပြီး အလွန်အမင်း ခေါင်းကိုက်လာရတော့သည်။ ဒီကလေးစုတ်လေးက အမှတ်သည်းခြေကို မရှိဘူး၊ အခုလေးတင်ပဲ ချော်လဲထားတယ် အခုပဲ ပြန်ခုန်နေပြန်ပြီ။

ချီလင်းဟန်က ကလေးမလေးကို ထိန်းထားလိုက်ပြီး သူ့လက်ထဲရှိ အရုပ်သေနတ်ကို သူ(မ)အား ကမ်းပေးလိုက်သည်။

“အားယန် မခုန်ရဘူးလေ”

ရွယ်ယန်က နာခံစွာဖြင့် ငြိမ်ငြိမ်လေး ရပ်လိုက်သည်။။

“နာလည်ပါပြီ!”

ချောင်းကျဲက တံခါးကို ပိတ်ရပ်ကာ သူတို့ကို သတိလှမ်းပေးလိုက်သည်။

“မင်းတို့ ဝေးဝေးနေကြအုံး၊ ငါ တံခါးဖွင့်မလို့”

နောက်ဖေးတံခါးကို ဖွင့်လိုက်သည်နှင့် လူတိုင်းမှာ လေများ တိုက်ခတ်ဝင်ရောက်လာသည်ကို ခံစားလိုက်ရသည်။

ဘောလုံးလေးလို အထုပ်ခံထားရသည့် ရွယ်ယန်မှာ လေတိုက်ခတ်လာသည့် အချိန် မနေနိုင်အောင် တက်ကြွရွှင်မြူးသွား၏။

“အရမ်း အေးတာပဲ!”

ချီလင်းဟန်က လေကို ပိတ်ဆို့ထားရန် ကလေးမလေး၏ ရှေ့တွင် ရပ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ သူ(မ)ကို ဆူငေါက်လိုက်၏။

“ဘာကို အေးတာလဲ၊ လေအေးတွေက အလွယ်လေး အအေးမိနိုင်တဲ့ဟာကို၊ အားယန် သိလားမသိဘူးလား”

ရွယ်ယန်က ခေါင်းထက်ရှိ သူ(မ)ဦးထုပ်ကို ဖိချလိုက်ပြီး

“ဒါပေမယ် အားယန်က အဝတ်တွေ အများကြီး ဝတ်ထားရတာလေ၊ ပူတာပေါ့လို့”

ချီလင်းဟန်တစ်ယောက် ကူကယ်ရာမဲ့သွားရကာ အနှီကလေးမလေးက ထိန်းရခက်လှကြောင်း ခံစားလိုက်ရသည်။ 

ရွယ်ယွိနှင့် အခြားသူများသည်လည်း လေကို ပိတ်ဆို့ထားရန် ကလေးမလေးအရှေ့တွင် ရပ်နေကြသည်။

“မင်းတို့အားလုံး ဂရုစိုက်ကြ၊ အပြင်မှာ နှင်းတွေက တအားထူနေတာ”

သူတို့က ခြေတံရှည်ရှည်များဖြင့် ဦးစွာ ထွက်လိုက်ကြသည်။ ရွယ်ယန်မှာ တံခါးဘောင်တွင် မှီကပ်ရင်း ကျယ်လောင်စွာ အော်မေးလိုက်သည်။

“ကိုကို အပြင်မှာနှင်းတွေ အရမ်းထူတာပဲလား!”

ရွယ်ယွိက နောက်ပြန်လှည့်ကာ သူ(မ)တို့ကို လှမ်းကြည့်လိုက်သည်။

“ကြီးကြီးမားမားတော့ မဟုတ်ပေမဲ့ ထူတာတော့ အရမ်းထူတယ်၊ အားယန် ဂရုစိုက်”

ကလေးမလေးက ခေါင်းကုပ်ကာ သူ(မ)အစ်မများပါ လိုက်ထွက်နေကြပြီကို မြင်သည်နှင့် သူတို့အနောက်မှ လိုက်ထွက်လိုက်သည်။

လီယွမ်နှင့် ရှန်နျန်တို့မှာ ရွယ်ယန်ထက် ခေါင်းတစ်လုံး ပိုမြင့်ကြပြီး သူတို့ အိမ်နောက်‌ဖေးသို့ ခြေချလိုက်သည်နှင့် သူတို့၏ ကိုယ်တစ်ဝက်နီးနီး နှင်းထဲ နှစ်ဝင်သွားသည်ဟု ခံစားလိုက်ရသည်။

အခြေအနေကို မြင်လျှင် ရှန်နျန်မှာ ကလေးမလေး ဆင်းမလာသင့်ဘူးဟု ခံစားလိုက်ရပြီး သူ(မ) ကလေးမလေးကို လှမ်းအော်ရန် ဟန်ပြင်လိုက်သည့်အချိန် နောက်တစ်စက္ကန့်တွင် ကလေးမလေး၏ အနည်းငယ် ထိတ်ပျာနေသော အသံကို ကြားလိုက်ရသည်။ 

“ကောကော ကျယ်ကျဲ! အားယန် လှုပ်လို့ မရတော့ဘူး!”

ယဲအန့်နင်မှာ လေအေးများကြောင့် အနည်းငယ် မူးဝေဝေဖြစ်ချင်နေပြီး ရွယ်ယန်၏အသံကို ကြားသည့်အချိန်တွင် တုံ့ပြန်ဖို့ပင် သတိမရသေးချေ။ 

ရွယ်ယွိ၏ တုံ့ပြန်မှုက ပို၍ မြန်ဆန်ပြီး အနောက်ကို လှည့်ကြည့်လိုက်ရာ နှင်းထဲတွင် ခြေကားရားလက်ကားရားဖြစ်နေသည့် ကလေးမလေးကို တွေ့လိုက်ရသည်။ သူ(မ)က ကုန်းထရန် ရုန်းကန်လိုက်သည်နှင့် နှင်းများမှာ သူ(မ)ခါးနားထိပင် ရောက်နေပြီးဖြစ်သည်။

ကလေးမလေးမှာ နှင်းထဲတွင် ပိတ်မိနေပြီး တစ်ကိုယ်လုံးနီးနီး နှင်းလွှာများ ဖုံးလွှမ်းနေ၏။

ချီလင်းဟန်က ဦးစွာ ပြေးသွားလိုက်ပြီး ကလေးမလေးကို တိုက်ရိုက် ကောက်ချီကာ ကိုယ်ပေါ်မှ နှင်းများကို ခါချပေးလိုက်သည်။

“မကြောက်နဲ့နော် အားယန်၊ ဘာမှမဖြစ်တော့ဘူး”

ရွယ်ယန်မှာ နစ်နာသည်ဟု ခံစားနေရ၏။

“လင်းဟန်ကော ဒီကနှင်းတွေက အားယန်ကို မျိုချချင်နေတယ်”

ချီလင်းဟန်မှာ မနေနိုင်အောင် အနည်းငယ် ရယ်မိသွားသည်။

“ဒီလိုဆို အားယန် ဆင်းပြီးမဆော့သင့်တော့ဘူးလေ၊ အအေးမိကုန်မှာပေါ့”

ကလေးမလေးက ရုတ်ခြည်း မျက်ရည်များ ဝေ့သီလာ၏။

“မရဘူး! အားယန် ဆော့ချင်တယ်ဆို!”

ရွယ်ကျစ်က ညီမဖြစ်သူ၏ ခေါင်းလေးကို ပွတ်ပေးလိုက်သည်က ပန်ဒါဦးထုပ်လေးအား စောင်းသွားစေ၏။ သူသည်လည်း မနေနိုင်အောင် ရယ်ချင်မိသွား၏။

“အားယန် ကိုကို ဒီက နှင်းတွေကို ဂေါ်နဲ့ ကော်ထုတ်ပေးမယ်၊ အားယန်က လိမ်လိမ်မာမာနေပြီး လျှောက်မသွားရဘူးနော်”

သူ(မ) ကစားလို့ရနိုင်သရွေ့ပင်၊ ရွယ်ယန်သည် ချီလင်းဟန်၏ လည်ပင်းကို တင်းကျပ်စွာ ဖက်ထားပြီး နာခံစွာဖြင့် သူ(မ)အား ပေးချီထားစေလိုက်သည်။

ရွယ်ယွိနှင့် ချောင်းကျဲတို့က နောက်ဆုံးတွင် အပြေးရောက်လာကြပြီး ရွယ်ယန်၏ခေါင်းအား စိတ်ပူစွာဖြင့် ထိလိုက်သည်။

“အားယန် ပြုတ်ကျတာ နာသွားသေးလား၊ အေးနေလား”

ရွယ်ယန်မှာ သူ(မ)မျက်လုံးများကို ပွတ်လိုက်ချင်သော်လည်း လက်အိတ်ထူထူများကြောင့် လက်လျှော့လိုက်ရပြီး နှုတ်ခမ်းစူကာ ဆိုလာ၏။

“ကိုကို၊ အားယန် မနာပါဘူး၊ ဒီကနေသာ လမ်းလျှောက်လို့မရတာ”

ရွယ်ကျစ်က ဂေါ်ပြားအချို့နှင့် ရောက်လာပြီး

“ငါတို့ ဒီကနှင်းတွေကို ကော်ထုတ်ပြီး ကျစ်သွားအောင် ဖိချထားသင့်တယ်၊ အားယန်လည်း ဆော့လို့ရသွားမယ် မကောင်းဘူးလား”

ရွယ်ယန်က မျက်တောင်လေးခတ်ပြီး

“ဒီလိုဆို အားယန် ကိုကိုနဲ့ ကျယ်ကျဲတို့နဲ့ နှင်းဘောလုံးပစ်တမ်း ဆော့လို့ရအုံးမှာလား”

ရွယ်ကျစ်က မျက်လုံးများ ကွေးညွှတ်သည်အထိ ပြုံးလိုက်သည်။ 

“ဒါပေါ့”

ကလေးမလေး၏မျက်လုံးများက တောက်ပသွား၏။

“ဒါဆို ရပြီ!”

ယဲအန့်နင်က အနည်းငယ် ထိတ်လန့်စွာဖြင့် လျှောက်လာပြီး လက်ကိုဆန့်ထုတ်ကာ ရွယ်ယန်၏ မျက်နှာထက်မှ နှင်းချပ်များကို ဖယ်ပေးလိုက်သည်။

“အားယန်၊ ဒီလိုလုပ်လို့ မရဘူးလေ ခဏပဲ ကစားလို့ရမယ်နော် ကြားရဲ့လား၊ ပြီးရင် နွေးနွေးထွေးထွေးနေဖို့ အထဲ ပြန်ဝင်ရမယ်”

ရွယ်ယန်က အထူးသဖြင့် သူ(မ)အစ်မ၏ စကားဆိုလျှင် အလွန် နားထောင်ပြီး ယဲအန့်နင် ပြောလာသည်နှင့် သဘောတူလာ၏။

“ဟုတ်ကဲ့”

ရွယ်ကျစ်နှင့် အခြားသူများက ဘေးပတ်လည်ရှိ နှင်းများကို ဖိချနေကြပြီးနောက် ရွယ်ယန်အား ဝှေ့ယမ်းပြလိုက်သည်။

“အားယန် ဒီကို လာပြီး စမ်းလျှောက်ကြည့်ကြည့်”

ချီလင်းဟန်က သူ(မ)ကို ချီခေါ်သွားလိုက်ပြီး သူ့ရင်ခွင်ထဲရှိ ကလေးမလေးအား ဂရုတစိုက်နှင့် အောက်သို့ ချပေးလိုက်သည်။

“ဂရုစိုက် အားယန်”

ကလေးမလေးက နှင်းပေါ် ခြေချလိုက်ပြီး ခြေထောက်အောက်ရှိ ခိုင်ခံ့သော မြေပြင်ကို ခံစားရင်း လက်အိတ်လက်ဖဝါးလေးဖြင့် ထူးဆန်းသော ‘အိုခေ’ သင်္ကေတ လုပ်ပြကာ ပျော်ရွှင်စွာဖြင့် ခုန်ပေါက်လိုက်သည်။

“ကိုကို အားယန် ပြုတ်မကျတော့ဘူး!”

ရွယ်ယွိမှာ ကူကယ်ရာမဲ့စွာဖြင့် သူ(မ)ကို ဝင်ထိန်းလိုက်ရသည်။

“လျှောက်မခုန်နေနဲ့လေ!”

ရွယ်ယန်က အလွန် မကျေနပ်စွာဖြင့် ခေါင်းခါပြလိုက်သည်။

“သူများတွေဆို နှင်းထဲမှာပါ လှိမ့်ကြတာလေ!”

ချောင်းကျဲက ညင်သာစွာ ပြုံးရင်း ကြင်နာစွာ အသိပေးလိုက်၏။

“အားယန်သာ နှင်းထဲ လျှောက်လှိမ့်ရင် အန်တီက အားယန်ကို ထီကျစ်နဲ့အတူ အပြင်ဘက်က ခွေးအိမ်ထဲမှာ အိပ်ခိုင်းလိမ့်မယ်!”

ရွယ်ယန် : “..."
ဟွန်!

အနည်းငယ်သော အကျပ်ကိုင်မှုနှင့် ဆွဲဆောင်မှုများအောက်တွင် ကလေးမလေးမှာ နောက်ဆုံးတွင်တော့ အရုပ်သေနတ်ကို ပိုက်ကာ ဘေးနားတွင် နာခံစွာဖြင့် ဆောင့်ကြောင့်ထိုင်ရင်း နှင်းဘောလုံးလေးများကို လုပ်လိုက်သည်။

ရှန်နျန်က သူ(မ)ကို ကြည့်ရန်ရောက်လာပြီးနောက် ခေါင်းမော့ကာ အကုန်လုံးကို လှမ်းပြောလိုက်သည်။

“အခု စကြစို့!”

သူ(မ) စကားသံဆုံးသည်နှင့် ယဲအန့်နင်က ချက်ချင်းပင် သူ(မ)သေနတ်ကို မြှောက်ကာ ရွယ်ယွိ၏ မျက်နှာတည့်တည့်ကို နှင်းဘောလုံးကို ပစ်လိုက်သည်။

ရွယ်ယွိမှာ သူ့မျက်နှာတစ်ပြင်လုံးမှာ နှင်းများ ဖုံးလွှမ်းလျက်သားဖြင့် ကြောင်အမ်းသွားရသည်။

“ဟေ့! မင်း ဘာလို့ ခိုးကြောင်ခိုးဝှက်တိုက်တာလဲ!”

ယဲအန့်နင်သည်တော့ ရိုးသားဖြူစင်ဟန်ဖြင့်။

“သူပဲပြောတော့ စပြီဆို ?”

ရွယ်ယွိ : “..."
ကောင်းပြီလေ!

သူက နှုတ်ခမ်းကို စေ့လိုက်ပြီး ရွယ်ကျစ်ထံ နှင်းဘောလုံးကို ပစ်လွှတ်လိုက်သည်။

ရွယ်ကျစ်မှာ မျက်နှာတစ်ပြင်လုံး နှင်းများအပြည့် ရလိုက်၏။ သူက ရွယ်ယွိအား ဗလာကျင်းစွာ စိုက်ကြည့်လိုက်သည်။

“မင်းကို အရင်ပစ်တဲ့သူက ငါလည်း မဟုတ်တာကို မင်းက ဘာလို့ ငါ့ကို အရင်လာပစ်တာလဲ”

ရွယ်ယွိက လက်ဖြန့်ပြလိုက်၏။

“မတတ်နိုင်ဘူးလေ၊ ငါမှ မိန်းကလေးတွေကို အနိုင်ကျင့်လို့ မရတာ”

ရွယ်ကျစ် : “အဓိပ္ပာယ်တော့ရှိတယ်"
သို့နှင့် သူက ချက်ချင်းပင် တစ်ဖက်သို့ လှည့်ကာ ချောင်းကျဲကို ချိန်လိုက်သည်။

ချောင်းကျဲက အလွန် ရိုးသားနေလျက်ဖြင့်။

“နေပါအုံး၊ ငါတို့ ပစ်မှတ်ထားရမှာ ချီလင်းဟန် မဖြစ်သင့်ဘူးလား”

ရွယ်ကျစ်နှင့် ရွယ်ယွိတို့၏ အပြုအမူများက တစ်ချိန်တည်းဆိုသလို ရပ်တန့်သွားကြသည်။

“အဓိပ္ပာယ်ရှိတယ်...”

သို့နှင့် ချီလင်းဟန်သည် ပြီးပြည့်စွာဖြင့် ထောင်ဖမ်းခံလိုက်ရသည်။

အခြားသော အစစ်အမှန် ကလေးနှစ်ယောက်ထဲမှ လီယွမ်က ဘေးပတ်လည်ကို ကြည့်ပြီး ချီလင်းဟန်ကို လိုက်ဖမ်းသည့်အဖွဲ့ထဲ ပူးပေါင်းလိုက်သည်။ ရှောင်ရွယ်ယန်သည်တော့ ချောင်နားတွင် ဆောင့်ကြောင့်ထိုင်ပြီး နှင်းဘောလုံးများကို သူ(မ)၏ သေနတ်ထဲသို့ အလေးအနက်ဖြင့် ထိုးထည့်နေသည်မှာ ဘေးနားရှိ အုတ်အော်သောင်းနင်းသံများက သူ(မ)နှင့် မသက်ဆိုင်သည့်အလားပင်။

မိနစ်အနည်းငယ် ကြာပြီးနောက်တွင် ကလေးမလေးက သူ(မ)၏သေနတ်လေးကို ကိုင်ပြီး စိတ်ကျေနပ်စွာဖြင့် မတ်တတ်ထရပ်လိုက်သည်။ သူ(မ) ပတ်လည်တွင် ပြေးလွှားနေကြသော အကိုနှင့် အမများကို ကြည့်ပြီး နောက်ဆုံးတွင် လီယွမ်အား ချိန်ရွယ်လိုက်သည်။

တောင်းပန်ပါတယ် လီယွမ်ကော အားယန် ဒီနေ့ သေနတ်ကို ကောကောနဲ့ စမ်းကြည့်ရမှာမို့လို့ပါ!

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now