အပိုင်း (၃၅)
ယဲအန့်နင် ကုတင်ဘေးသို့ လျှောက်သွားလိုက်ပြီး ပေါက်စီလုံးလေးကို ညင်သာစွာ လှုပ်လိုက်သည်။
ရွယ်ယန်က ယဲအန့်နင်ကို ချက်ချင်း အသံမပေးဘဲ စောင်အောက်ထဲတွင် အနည်းငယ် လှုပ်လှုပ်ရှားရှားပြုပြီးနောက်မှ ခေါင်းစုတ်ဖွားလေးကို ထုတ်လာခဲ့သည်။
"ကျဲ..."
ကလေးမလေး၏အသံက အနည်းငယ် ဩရှနေပြီး ရှိုက်ငိုသံတို့ စွတ်နေ၏။
ယဲအန့်နင်နှလုံးသားမှာ ဆိုးရွားစွာ နာကျင်လာရသည်။ သူ(မ)က ရွယ်ယန်ကို ဖက်လိုက်ပြီး နောက်ကျောအား ညင်သာစွာ ပုတ်ပေးလိုက်သည်။
"မငိုပါနဲ့ အားယန်ရယ်"
ရွယ်ယန်မှာ ငိုချင်နေရုံလေးဖြစ်ပြီး ကလေးမလေးက နှုတ်ခမ်းကို စေ့ပိတ်ထားရင်း မျက်ရည်ပေါက်ကြီးများက သူ(မ)မျက်နှာပေါ် လှိမ့်ဆင်းလာသည့်တိုင် ငိုသံလုံးဝ မထွက်လာချေ။
ချီလင်းဟန်က အဝတ်အရုပ်ကို ရွယ်ယန်ရှေ့တွင် ကိုင်ပြလိုက်ပြီး
"အားယန်၊ ဒီမှာ ဘာလေးလဲ"
ရွယ်ယန် ဗလာကျင်းစွာ မော့ကြည့်လိုက်ပြီး ရုတ်တရက် သူ(မ)အရှေ့တွင် ကိုင်ပြလာသည့် ထီကျစ်အား တွေ့လိုက်ရသည်။ သူ(မ)မှာ ပျော်ဖို့အချိန်လေးပင် မရှိလိုက်ခင် တစ်ခုခုက မှားယွင်းနေသည်ကို တွေ့လိုက်ရသည်။
"အဲ့ဒါ ထီကျစ်မဟုတ်ဘူး... မဟုတ်ဘူး... ဝူးးးး..."
ရွယ်ယန်တစ်ယောက် ၎င်းကို မြင်သည်နှင့် ပိုလို့ပင် ဝမ်းနည်းလာ၏။
ကလေးမလေးမှာ အရုပ်ကို ဘေးသို့ လွှင့်ပစ်လိုက်ချင်သော်လည်း နောက်ဆုံးတွင် မလုပ်ရက်လေဘဲ အရုပ်ကို ရင်ခွင်ထဲ ဂရုတစိုက် ပိုက်ထားလိုက်တော့သည်။
ရွယ်ကျစ်က တံခါးဝတွင် ရပ်နေပြီး အပြင်ဘက်သို့ အကြိမ်အနည်းငယ် ချောင်းကြည့်လိုက်ပြီးနောက် တံခါးကို ဖွဖွလေး ဖွင့်လိုက်ပြီး ကလေး၏ အောင့်အီးထားသော ငိုရှိုက်သံကို ရှင်းရှင်းလင်းလင်း ကြားရစေရန် ခွင့်ပြုထားပေးလိုက်သည်။
မျှော်လင့်ထားသည့်အတိုင်း လျို့ဟွားက သိပ်မကြာလိုက်ခင် အပြေးရောက်လာခဲ့သည်။
ယဲအန့်နင်က အနောက်သို့ ခြေနှစ်လှမ်းဆုတ်ပေးလိုက်ပြီး ရွယ်ယန်ဆီသို့ လမ်းဖွင့်ပေးလိုက်သည်။
အရုပ်ကို ကိုင်ရင်း ငိုယိုနေသည့် ကလေးမလေးကား အမေဖြစ်သူကို မြင်သည်နှင့် လုပ်နေကျအတိုင်း အမေဖြစ်သူ၏ရင်ခွင်ထဲ ပစ်ဝင်မည့်အစား တစ်ဖက်သို့ လှည့်ကာ သူ(မ)ကို ကျောပေးထားလိုက်သည်။
လျို့ဟွား၏လှုပ်ရှားမှုများမှာ နှစ်စက္ကန့်လောက် တန့်သွား၏။ ခေါင်းကို ငုံ့ရင်းဖြင့် စောင်ထဲမှ ကလေးပေါက်စကို ကြည့်လိုက်ပြီး မည်သည့်ခံစားချက်မှမပါသည့် အသံဖြင့်
"အားယန်က မေမေ့ကို စိတ်ဆိုးနေတာလား"
ရွယ်ယန်က အရုပ်လေးကို တင်းကျပ်စွာ ဖက်ထားရင်း မျက်ရည်များကလည်း အဆက်မပြတ် စီးကျနေခဲ့သည်။ သူ(မ)က လျို့ဟွားကို ချွဲချွဲနွဲ့နွဲ့ သရုပ်ဆောင်မပြတော့ပြီး သူ(မ)အား အလွန်လေးနက်စွာ ကြည့်ကာ
"ထီကျစ်က အားယန်ရဲ့သူငယ်ချင်းကောင်း ပြီးတော့ မိသားစုဝင်ဆိုလည်း ဟုတ်တယ်"
ကလေးမလေးက ပုံမှန်အတိုင်း မဟုတ်စွာ လေးနက်ပြတ်သားနေခဲ့သည်။ သူ(မ)မျက်လုံးများက နီရဲပြီး အသံတို့က ဩရှနေခဲ့သည့်တိုင် ဇွဲနပဲကြီးစွာဖြင့် ခေါင်းမာနေခဲ့သည်။
လျို့ဟွားက သူ(မ)သမီးလေး၏ မျက်နှာလေးကို ညင်သာစွာ ပွတ်သပ်ပြီး
"အားယန် ထီကျစ်က ပါပီလေးမဟုတ်ဘူးလေ သူက ဝံပုလွေတစ်ကောင် အရမ်း အရမ်းကို အန္တရာယ်များတဲ့ဝံပုလွေ"
ရွယ်ယန်က သူ(မ)မျက်ရည်များက သုတ်လိုက်ပြီး ဆို့နစ်ကြေကွဲစွာဖြင့်
"ဒါပေမယ့် ထီကျစ်က အားယန်အတွက် ပါပီလေးတစ်ကောင်မဟုတ်ဘူး သူက အားယန်အပေါ် အရမ်းကောင်းပေးတာ သူ့မှာ မိသားစုဆိုလို့ အားယန်ပဲရှိတာ ခုဆို ထီကျစ်ကို ချစ်ပေးမယ့်သူ ဘယ်သူမှမရှိတော့ဘူး... ထီကျစ်က ဒီလောက် လိမ္မာတာ အားယန်ကိုလည်း ကာကွယ်ပေးမှာ!"
လျို့ဟွားတစ်ယောက် တိတ်ဆိတ်သွားသည်မှာ အတွေးထဲ မျောသွားသည့်နှယ်။
သူ(မ)အမေ သူ(မ)အား လျစ်လျူရှုလိုက်မည်စိုး၍ ရွယ်ယန်တစ်ယောက် လျို့ဟွားကို စိုက်ကြည့်နေတော့သည်။
လျို့ဟွား၏မျက်လုံးများက မှေးမှိန်နေပြီး
"မေမေက ထီကျစ်ကို အိမ်ကနေ မောင်းထုတ်လိုက်တော့ အားယန် မေမေ့ကို မုန်းသွားလား"
ကလေးမလေးမှာ ကြက်သေသေသွားသော်လည်း ပြတ်သားစွာ ပြန်ပြောလိုက်သည်။
"အားယန်က မေမေ့ကို ဘယ်တော့မှ မုန်းမှာမဟုတ်ဘူး"
လျို့ဟွားမှာ မနေနိုင်အောင် ရယ်မိတော့သည်။
"မေမေက စဉ်းလဲပြီး ထီကျစ်ကို အိမ်ကို လုံးဝ ပြန်မခေါ်တော့မှာကို မကြောက်ဘူးလား"
ရွယ်ယန်မှာ 'စဉ်းလဲ' ဆိုသည့် စကားလုံးကို သေချာနားမလည်သော်လည်း သူ(မ)အမေက ထီကျစ်ကို အိမ်လုံးဝပြန်မခေါ်ဘူးဟူသော အသံကို ကြားလိုက်ရသည်။
ကလေးမလေး၏အကြည့်များက ရုတ်ခြည်း မှိန်ကျသွားသည်မှာ သူ(မ)ကသာ စွန့်ပစ်ခံလိုက်ရသည့်သူ ဖြစ်နေသည့်အလားပင်။
လျို့ဟွားမှာ သူ(မ)သမီးလေးအတွက် စိတ်မကောင်းဖြစ်နေရဆဲပင်။ သူ(မ)က သက်ပြင်းချလိုက်ပြီး
"ထီကျစ်ကို အိမ်ပြန်ခေါ်ပေးပါ့မယ်လို့ အားယန်ကို မေမေ ကတိပေးတယ်"
ရွယ်ယန်တစ်ယောက် ထိတ်လန့်သွားသည့်အလား ချက်ချင်းဆိုသလို လျို့ဟွားကို မယုံကြည်နိုင်စွာဖြင့် အံ့အားတသင့် စိုက်ကြည့်လိုက်သည်။
လျို့ဟွားမှာ ရုတ်တရက် ကလေးမလေးကို စချင်သွားပြီး
"ဒါပေမယ့် အားယန်က နောင်ကျရင် သရေစာတွေ လုံးဝမစားပါဘူးလို့ မေမေ့ကို ကတိပေးရမယ်"
သူ(မ)က ကိုယ်ကိုကိုင်းကာ ရွယ်ယန်နှင့် မျက်လုံးချင်းဆုံစေလိုက်ပြီး
"အားယန် လုပ်နိုင်မလား"
ကလေးမလေးက အနည်းဆုံးတော့ တစ်ခဏ တုံ့ဆိုင်းနေလောက်မည်ဟု သူ(မ) မျှော်လင့်ထားခဲ့သော်လည်း ရွယ်ယန်က ချိတုံချတုံဖြစ်မနေဘဲ
"လုပ်နိုင်တယ်! အားယန် လုပ်နိုင်တယ်!"
လျို့ဟွားက ပြုံးပြီး သူ(မ)သမီးလေး၏ မျက်နှာကစ်ကစ်လေးကို ညင်သာစွာ ညှစ်လိုက်သည်။
"ဒါဆို မေမေက ထီကျစ်ကို အားမန်ကို သွားခေါ်ခိုင်းလိုက်တော့မယ်နော်"
"ဒါပေမယ့် အမေတို့ အရင် သဘောတူရမယ် ထီကျစ်ကို အရင်ဆုံး ကာကွယ်ဆေးထိုးပါ့မယ်လို့ ပြီးတော့ နောင်မှာ အားယန်ဖြစ်ဖြစ် ကိုကိုနဲ့မမတို့ကိုပဲ ဖြစ်ဖြစ် အနာတရ ဖြစ်အောင်လုပ်ခဲ့ရင် ထီကျစ်ကို တိရစ္ဆာန်ရုံကို ပို့ပစ်မယ် အိမ်ကို ဘယ်တော့မှ ပြန်မခေါ်တော့ဘူး"
လျို့ဟွား ရွယ်ယန်ကို အလေးအနက် တစ်လုံးချင်းစီ ပြောလိုက်သည်။
ရွယ်ယန်က မျက်ရည်များကို ခပ်မြန်မြန် သုတ်ပစ်ပြီး အခိုင်အမာဖြင့်
"အို့ခေ! အားယန် ထီကျစ်ကို လူတွေကို မကိုက်ဖို့ သင်ပေးမယ်"
လျို့ဟွားက ကလေးမလေး၏ခေါင်းကို ပုတ်ပေးလိုက်ပြီး
"ဒါဆို မေမေတို့ အောက်ထပ်ဆင်းကြစို့"
သူ(မ)က ရွယ်ယန်ကို ချီလိုက်ပြီး အနောက်တွင် ကလေးအပြုံလိုက်ဖြင့် အောက်ထပ်သို့ အလုံးအရင်း ချီတက်ကြသည်။
ရွယ်ယန် အောက်မှာထိုင်ချင်ပြီး ထီကျစ်ကို အိမ်ပြန်ခေါ်လာသည်အား စောင့်ချင်ခဲ့သော်လည်း သူ(မ) အောက်ထပ်သို့ ဆင်းလိုက်သည်နှင့် ဧည့်ခန်းအလယ်တွင် ဖြူဖွေးဖွေးပေါက်စီလေးကို ဖက်ထားသည့် လျို့မန်ကို တွေ့လိုက်ရသည်။
တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ကြည့်ရင်း ပေါက်စီလုံးလေးနှစ်ယောက်မှာ နှစ်စက္ကန့်မျှ တန့်သွားကြပြီး တစ်ချိန်တည်းဆိုသလို တစ်ယောက်ဆီတစ်ယောက် အရှေ့သို့ ပြေးဝင်လာကြသည်။
"ထီကျစ် ဝူးဝူးဝူးဝူးးးး"
ရွယ်ယန်က ထီကျစ်ကို ဖက်ပြီးသည်နှင့် ကျယ်လောင်စွာ အော်ငိုတော့သည်။ ကလေးမလေး၏ တစ်နေကုန် ဖိနှိပ်ထားရသော စိတ်ခံစားချက်တို့က နောက်ဆုံးတွင် ပြိုလဲကျသွားတော့သည်။
ထီကျစ်မှာ အလွန် စိတ်သောကရောက်မိတော့သည်။ သူကား တကယ့် ဝံပုလွေပေါက်စလေးလည်းမဟုတ်၊ သူ့ရဲ့အစစ်အမှန်အသက်က ဆယ်နှစ်ကျော်ပြီပင်ဖြစ်သည်။
သူ အချစ်ရဆုံးသော လူသားပေါက်စလေးက သူ့အရှေ့တွင် ဆို့နင့်စွာ ဝမ်းပန်းတနည်း ငိုကြွေးနေသည်မှာ... ထီကျစ်တစ်ကောင် သူ့ကိုပဲ ဓားနဲ့နှစ်ချက်လောက် ဆင့်ထိုးလိုက်သည်က ပိုကောင်းအုံးမည်ဟု ပြောနေမိသည်အထိ။
လက်သေးသေးလေးနှစ်ဖက်က ရွယ်ယန်၏မျက်နှာလေးကို ညင်သာစွာ ကိုင်ပြီး ကလေးမလေး၏မေးစေ့အား ပွတ်သပ်ပေးနေတော့သည်။
"ဝုတ် ဝုတ်"
ရွယ်ယန်က ငိုရင်းဖြင့် ထီကျစ်ကို မြင်လိုက်ရသည့်အချိန် တစ်ဖန်ထပ်၍ ပျော်ရွှင်လာပြန်၏။ မျက်ရည်များကြား ကြို့တထိုးထိုးဖြင့် အထစ်ထစ်အငေါ့ငေါ့ စကားဆိုလိုက်သည်။
"ထီ... ထီကျစ် နင် အခု... ဟောင်လို့ရပြီ"
ထီကျစ်၏မျက်လုံးများထဲ ကြင်နာသော လှိုင်းများ ထလာပြီး အကြိမ်အနည်းငယ် နူးညံ့စွာ အော်သံပြုလိုက်၏။
ကလေးမလေးက သူ့ကို ဖက်ရင်း ပိုလို့ပင် ကျယ်လောင်စွာ ငိုကြွေးလာ၏။
သူ(မ)ရဲ့ထီကျစ်လေးက နောက်ဆုံးတော့ ပြန်လာပြီ။
လျို့ဟွားသည်လည်း အစက သောကရောက်ရသော်လည်း နောက်တွင် သူ(မ)မှာ မနေနိုင်အောင် ကလေးမလေး၏ပါးကို ဆွဲညှစ်မိတော့သည်။
"အားယန် အခု ထီကျစ်လည်း ပြန်လာပြီဆိုတော့ ထပ်ပြီး ငိုလို့မရတော့ဘူးနော်"
ရွယ်ယန်က နှုတ်ခမ်းစူကာ
"ထီကျစ်က အိမ်ကနေ အကြာကြီး ထွက်သွားတာ သူများ အနိုင်ကျင့်တာ ခံလာရရင်ရော"
အရမ်းကြောက်ဖို့ကောင်းမှာပဲ!
ကလေးမလေး၏မျက်ဝန်းများထဲ မျက်ရည်များ တစ်ဖန် ဝေ့သီလာပြန်၏။
လျို့ဟွားမှာ ထပ်ပြီး သည်းမခံနိုင်တော့ဘဲ
"ဘေးအိမ်ကို ခဏရောက်သွားတဲ့ဟာကို ဘယ်သူက အနိုင်ကျင့်မှာလဲ"
သူ(မ) ပြောပြီးသည်နှင့် အခန်းထဲတွင် တိတ်ဆိတ်မှု ကြီးစိုးသွား၏။
ရွယ်ယန်က မျက်တောင်လေး ခတ်ပြီး တိတ်ဆိတ်မှုကို ဖြိုခွင်းလိုက်၏။
"ဟမ်?"
ချီလင်းဟန်တစ်ယောက် လျို့ဟွား၏အကြည့်များ သူ့ဆီ ရောက်လာသည်ကို ခံစားလိုက်ရသည်။ လျို့မန်၏ မလုံမလဲဖြစ်နေသော အမူအရာကို မြင်လျှင် သူက တိတ်တဆိတ်နှင့် နောက်ခြေနှစ်လှမ်းဆုတ်လိုက်၏။
လျို့ဟွားက အေးစက်စွာ နှာမှုတ်လိုက်ပြီး
"ငါမသိဘူးများ နင်တို့ တကယ်ထင်နေကြတာလား အကုန်လုံးပဲ မကောင်းတဲ့ဟာဆို တအားတတ်ကြတယ်"
လျို့မန်က ခြောက်ကပ်ကပ်ရယ်ပြီး
"မဒမ် အဲဒီတုန်းက တွေ့ခဲ့တာတောင် ဘာမှမပြောဘူးနော်"
လျို့ဟွားက မျက်လုံးလှိမ့်လိုက်ပြီး
"ငါ ဘာမှမတွေ့ဘူး သူများက တွေ့လို့ ငါ့ကို လာပြောပြတာ"
လျို့မန် : "..."
မာနကြီးလိုက်တဲ့ မဒမ်ပါလားနော်!
ထိုအချိန်တွင် ထီကျစ်က ရုတ်တရက် ရွယ်ယန်ရင်ခွင်ထဲမှ ရုန်းထွက်ပြီး ဖြည်းဖြည်းချင်း လျို့ဟွားဆီသို့ လျှောက်သွားကာ သူ(မ)ခြေသလုံးနားတွင် နာခံစွာဖြင့် ပွတ်သီးပွတ်သပ်လုပ်တော့သည်။
မူလက သောင်းကျန်းတတ်သော ဝံပုလွေပေါက်စက ယခုအခါတွင် ယဉ်ပါးမှုတို့ ပြည့်နေသော မျက်လုံးများဖြင့်။
လျို့ဟွားက တစ်ဖက်သို့ လှည့်လိုက်ပြီး
"ငါ့ကိုလာပြီးချွဲပြနေလည်း အပိုပဲနော် ရွယ်ယန်နဲ့ တခြားသူတွေကိုသာ ကိုက်လို့ကတော့ နင့်ကို ငါ ပစ်ထုတ်ပြီးသာမှတ်"
ရွယ်ယန်က ရိုးအစွာ ရယ်ကာ လျို့ဟွား၏ ခြေထောက်နား ပြေးသွားပြီး သူ(မ)ခြေထောက်ကို ဖက်လိုက်သည်။
"မေမေက အကောင်းဆုံးပဲဆိုတာ အားယန် သိသား"
လျို့ဟွားက ကိုယ်ကို ကိုင်းလိုက်ပြီး သူ(မ)သမီးလေး၏ နူးညံ့ညံ့ပါးပြင်လေးကို တစ်ဖန် ဆွဲညှစ်ကာ အပြုံးဖြင့် ဆူလိုက်၏။
"လူဆိုးမလေး"
ထိုအခါတွင်တော့ ကလေးမလေးက ငြင်းဆန်ခြင်း မပြုတော့ဘဲ နီနီမြန်းမြန်း မျက်လုံးများနှင့် မျက်ရည်များ ပြည့်နေသော မျက်နှာဖြင့် သူ(မ)က ပေါတောစွာလေး ပြုံးနေသေး၏။
ရွယ်ယွိနှင့် အခြားသူများသည်လည်း နောက်ဆုံးတွင်မှ သက်ပြင်းချနိုင်သွားတော့၏။ မည်သို့ဖြစ်စေ ဤခေါင်းကိုက်စေသည့်ကိစ္စကြီးကို နောက်ဆုံးတွင် ပြီးပြည့်စုံစွာ ဖြေရှင်းပြီးသွားခဲ့သည်ပင်။