အပိုင်း (၁၉)
ယဲအန့်နင်က နှုတ်ခမ်းကို စေ့ပြီး ပြုံးကာ
“ဒါဆို ကျဲကျယ်လျို့မန်ကို ဒုက္ခပေးရတော့မှာပဲ”
လျို့မန်မှာ သည်ကလေးများက အနည်းငယ် ချစ်ဖို့ကောင်းလွန်းသည်ဟု ခံစားရလေသည်။ သူ(မ)က ယဲအန့်နင် အထဲသို့ဝင်နိုင်စေရန် ဘေးသို့ရွှေ့ပေးလိုက်ပြီး သူ(မ)နောက်ကျောကို ကြည့်ပြီးနောက် အိမ်ထဲ လျှောက်ဝင်လာလိုက်၏။
သူ(မ)က ထမင်းစားခန်းဆီသို့ ခြေနှစ်လှမ်း လှမ်းပြီးနောက်တွင် အော်ပြောလိုက်၏။
“အားယန်! အန့်နင်က အားယန်နဲ့ကစားဖို့ ရောက်လာတယ်!”
သူ(မ)အော်လိုက်ပြီးနောက်တွင် တစ်ခဏ တိတ်ဆိတ်သွား၏။ ထို့နောက် အားယန်က ခြေဗလာဖြင့် ပြေးထွက်လာ၏။
“ကျဲကျယ်!”
ကလေးမလေးရဲ့မျက်လုံးများက အပြုံးဖြင့် လခြမ်းသဏ္ဌာန်ကွေးညွတ်နေပြီး လက်နှစ်ဖက်ကို ဆန့်ထုတ်ကာ ယဲအန့်နင်အား သူ(မ)ကို ချီစေချင်နေခဲ့သည်။
ယဲအန့်နင်က ဆောင့်ကြောင့်ထိုင်လိုက်ပြီး သူ(မ)အရှေ့မှကလေးရဲ့ နူးနူးညံ့ညံ့ပါးပြင်အား ညှစ်ကာ
“ဘာလို့ အားယန်က ဒီနေ့ ဒီလောက်တောင် ပျော်နေရတာလဲ?”
ရွယ်ယန်က တခစ်ခစ်ရယ်ပြီး
“ကျဲကျယ် အားယန်က အခု ကျောင်းသွားလို့ရပြီလို့ မေမေပြောတယ်”
ယဲအန့်နင်မှာ ကြောင်အမ်းသွားပြီး အနည်းငယ်လည်း စိတ်သက်သာရာရသွားတော့သည်။ သူ(မ)က ကလေးမလေးကို ချီရင်း ပြုံးကာ
“ဟုတ်လား၊ အားယန် ဖိနပ်မပါဘဲ လျှောက်မပြေးရဘူးလေ”
ရွယ်ယန်က ခြေထောက်လေးများကို လွှဲယမ်းပြီး
“အားယန် သိပါတယ် ကျဲကျယ်!”
ကလေးမလေးက လွန်စွာ လိမ္မာရေးခြားရှိလှသည်။ လျို့ဟွားက နှေးကွေးစွာ လျှောက်လာပြီး
“အန့်နင် သမီးညစာစားပြီးပြီလား? နည်းနည်းထပ်စားသွားသေးချင်လား?”
ယဲအန့်နင်က ပေါ့ပါးစွာ ပြုံးပြီး
“တော်ပါပြီ ကျေးဇူးတင်ပါတယ် အန်တီ”
လျို့ဟွားက လက်ခါပြီး
“အရမ်းယဉ်ကျေးမနေပါနဲ့၊ ဒီနေရာကို သမီးအိမ်လို့ပဲ သဘောထား”
ထို့နောက် သူ(မ)က အန့်နင်လက်ထဲမှ ကလေးမလေးကို ကြည့်ပြီး
“အားယန် မမက သမီးကို ချီထားရလို့ ပင်ပန်းနေလောက်ပြီ!”
ရွယ်ယန်မှာ မဆင်းချင်ဆင်းချင်နှင့် ယဲအန့်နင်၏ရင်ခွင်ထဲမှ လျှောဆင်းပြီး
“အိုခေ!”
ယဲအန့်နင် ဘာမှမပြောဘဲ ရွယ်ယန်ကို ကြည့်ကာ ပြုံးရုံပြုံးနေ၏။
လျို့ဟွား ထမင်းသွားပြန်မစားခင် သူတို့အား အချိန်တစ်ခဏ ကြည့်နေလိုက်သည်။ သူ(မ)က သူ(မ)ရဲ့သားများကို တစ်ချက်ကြည့်ပြီး
“မင်းတို့သုံးယောက် စားပြီးရင် မင်းတို့ညီမလေးကို လမ်းလျှောက်ခေါ်သွားပေးလိုက်”
ရွယ်ယွိက ခေါင်းညိတ်ပြီး “အိုခေ”
သို့နှင့် ထမင်းစားပြီးသည်နှင့် ရွယ်ယွိနှင့် သူ့ညီနှစ်ယောက်မှာ လျို့ဟွား၏မောင်းထုတ်ခြင်းကို ခံရလေသည်။ သူ(မ)ရဲ့အကြောင်းပြချက်မှာ ထမင်းစားပြီးနောက်တွင် အစာကြေစေရန်အတွက် ကလေးအား လမ်းလျှောက်ထွက်ခိုင်းရန်ဖြစ်သည်။
ရွယ်ယွိမှာ ပိတ်သွားသည့်တံခါးကို တစ်ခါပြန်လည်ကြည့်ပြီးနောက် ကူကယ်ရာမဲ့စွာ ခေါင်းခါမိတော့သည်။
ရွယ်ယန် အပြင်သို့လမ်းလျှောက်ထွက်ခွင့်ရသည်မှာ ရှားရှားပါးပါးဖြစ်သည်။ သူ(မ)က အထူးတလည်ကို ဝမ်းသာပျော်ရွှင်နေတော့သည်။ သူ(မ)က ယဲအန့်နင်ရဲ့လက်ကို လက်တစ်ဖက်က ကိုင်ပြီး ခြေသံ ‘တဖက်ဖက်’ ဖြင့် အရှေ့သို့ အနည်းငယ်လှမ်းကာ ပြေးလေ၏။ ထို့နောက် အနောက်မှလူများ မှီလာပြီလားကိုကြည့်ရန် အနောက်ဘက် ပြန်လှည့်ကြည့်လာ၏။
ကလေးမလေးက အကျယ်ကြီး အော်ပြောလာခဲ့သည်။
“ကိုကိုတို့ မြန်မြန်လျှောက်!”
ရွယ်ကျစ်နှင့် ချောင်းကျဲတို့မှာ သူတို့ခြေလှမ်းများကို အမှီလိုက်ရန် အရှိန်တင်လိုက်သည်။
“အားယန် အကျယ်ကြီး မအော်ရဘူးလေ၊ အိမ်နီးနားချင်းတွေကို အနှောင့်ယှက်ဖြစ်စေလိမ့်မယ်”
ကလေးမလေးက သူ(မ)အမှားကို သဘောပေါက်သွားဟန်တူပြီး ကသိကအောက်နိုင်စွာ ပြုံးရင်း
“တောင်းပန်ပါတယ်”
ယဲအန့်နင်က ရွယ်ယန့်ရဲ့ပါးလေးကို ညှစ်လိုက်ပြီး
“ရပါတယ်၊ အခုဒီနားမှာ နေတဲ့သူတွေ သိပ်မရှိဘူးလေ၊ ဒါပေမယ့် အားယန်က နောင်ဆို ဒီလိုမျိုးမလုပ်ရဘူးနော် နားလည်ရဲ့လား?”
ရွယ်ယန်က နာခံစွာ ခေါင်းညိတ်ပြီး
“နားလည်ပါတယ် ကျဲကျယ်”
ရွယ်ကျစ်က သူ(မ)အရှေ့သို့ လျှောက်လာပြီး ဆောင့်ကြောင့်ထိုင်ကာ
“အားယန် ကိုကို့ကို ချီစေချင်လား?”
ရွယ်ယန်က လက်ခါပြပြီး
“အားယန်ဘာသာ လျှောက်နိုင်ပါတယ်”
ရွယ်ကျစ်မှာ ကူကယ်ရာမဲ့စွာ ပြုံးပြီး
“ဟုတ်ပါပြီ ဒါဆို အားယန် ကိုယ့်ဘာသာကိုယ် လျှောက်တော့”
ရွယ်ယွိကလည်း မနှေးမမြန်ဖြင့် လျှောက်လာပြီး
“သွားစို့၊ နှစ်ကြိမ်ပတ်လျှောက်ပြီးရင် အိမ်ပြန်ကြမယ်”
ရွယ်ယန်က ထီကျစ်ကို သယ်ရန် ဆောင့်ကြောင့်ထိုင်ချပြီး
“သွားစို့”
ချောင်းကျဲ ထီကျစ်က အလွန်မလေးမှန်း သိသဖြင့် ရွယ်ယန်ကို မတားလိုက်ချေ။ ခွေးလေးတစ်ကောင်ဖြင့် ကလေးငါးယောက်က လမ်းပေါ် ဖြည်းညင်းစွာ လျှောက်နေကြသည်။
လမ်းလျှောက်ပြီး သိပ်မကြာခင် ယဲအန့်နင်က ရွယ်ယန်ကို ရုတ်တရက် ကောက်မေးလာ၏။
“အားယန် နျန်နျန်ကို ကျဲကျယ်တို့ရဲ့အိမ်နီးနားချင်း ဖြစ်လာစေချင်လား?”
ရွယ်ယန်က မျက်တောင်ခတ်ကာ
“ကျဲကျယ်၊ နျန်နျန်ကလည်း အားယန်တို့နားမှာ လာနေတော့မှာလား?”
ယဲအန့်နင် တစ်ခဏ စဉ်းစားလိုက်ပြီး
“ပြောလို့ရတယ်”
ရွယ်ယန် ထီကျစ်ကို ဖက်ပြီး သူ့ကို ပွတ်သပ်ကာ
“အားယန်က နျန်နျန်ကို သမီးတို့နဲ့ လာကစားစေချင်တယ်... ပြီးတော့ လင်းဟန်ကောကောရောပဲ”
ရွယ်ယွိမှာ မရယ်ဘဲမနေနိုင်တော့ပဲ
“ကိုကိုက အားယန် ချီလင်းဟန်ကို မေ့သွားပြီလို့တောင် ထင်နေတာ”
ကလေးမလေးမှာ မတုံ့ပြန်ခင် တစ်စက္ကန့်စာမျှ မှင်သေသွားပြီးနောက် ပါးများကို ဖောင်းကာ
“အားယန် မမေ့ပါဘူး!”
ရွယ်ကျစ်မှာ ချဉ်စူးသွားပြီး
“ချီလင်းဟန်က ဘာကောင်းလို့လဲ? အားယန် ဘာလို့ သူ့ကို ဒီလောက်တောင် သဘောကျနေရတာလဲ?”
ရွယ်ယန်က နှုတ်ခမ်းဆူပြီး
“ကိုကို သူများအကြောင်း မကောင်းမပြောရဘူးလေ!”
ချောင်းကျဲကလည်း ချဉ်စူးသွားပြီး
“ဒါကို မကောင်းပြောတယ်လို့ သတ်မှတ်လို့ရလို့လား?”
ယဲအန့်နင်လည်း ထပ်တူခံစားလိုက်ရပြီး ကလေးမလေးရဲ့ နူးညံ့ညံ့ဖြူဖွေးဖွေးပါးပြင်အား ညှစ်လိုက်ပြီး
“ကလေးဆိုးလေး!”
ရွယ်ယန်မှာ ထီကျစ်ကို ချီထားသောကြောင့် လက်နှစ်ဖက်မှာပြည့်နေပြီး လုံးလုံးမရှောင်နိုင်ပေ။ သူ(မ)က စိတ်ဆိုးစွာဖြင့်
“ကိုကိုတို့ မမတို့က အကုန်လုံး အရမ်းကလေးဆန်ကြတာပဲ!”
မမနှင့် ကိုကိုများ : “....”
မူကြိုတောင်မရောက်သေးတဲ့ ကလေးတစ်ယောက်ဆီကနေ ကလေးဆန်တယ်လို့ အခေါ်ခံရသတဲ့လား?
ထီကျစ်ရဲ့မျက်လုံးများက ပတ်ကြည့်လိုက်ပြီး နှစ်ကြိမ်ညည်းတွားလိုက်သည်။
ကလေးစုတ်လေးတွေ!
ရွယ်ယွိနှင့် ယဲအန့်နင်မှာ မသိစိတ်အရ ထီကျစ်ကို ကြည့်မိလိုက်ကြသည်။ သူတို့မှာ ထီကျစ်က သူတို့အပေါ် အရင်လို ရန်စောင်မှုမရှိတော့သည်ကို မြင်ပြီး အံ့အားသင့်သွားကြသည်။
သို့ရာတွင် ဒါက သူတို့အတွက် သတင်းကောင်းဖြစ်သော်လည်း ထိုကိစ္စအပေါ် အကြာကြီး စိတ်ရောက်မနေချေ။
ရွယ်ယန်ကတော့ သူတို့လောက် အတွေးမများ။ ကလေးမလေးက ပါပီလေးကို ဖက်ထားပြီး သူ(မ)ဘာသာ အရှေ့က လျှောက်သွားရင်း တတွတ်တွတ်ရေရွတ်နေ၏။
သူ(မ)ခြေတိုတိုလေးများက နှေးကွေးစွာသာ လှုပ်ရှားနေပြီး နှစ်လှမ်း၊ သုံးလှမ်းတည်းဖြင့် ရွယ်ယွိတို့ညီအကိုသုံးယောက်မှာ သူ(မ)အား အလွယ်လေး လိုက်မီသွား၏။
ရွယ်ကျစ်က ကောင်းကင်သို့ မော့ကြည့်ပြီး
“ဘယ်သူက ကလေးဆန်တဲ့တစ်ယောက်ပါလဲနော်”
ရွယ်ယန်က သူ(မ)ရဲ့နှင်းဆီရောင်နှုတ်ခမ်းလေးကို ဆူထော်ပြီး
“ကိုကို အဲ့မှာဆက်ပြောနေလိုက် အားယန် ထီကျစ်ကို ကိုကို့ကို ကိုက်ခိုင်းမှာ!”
ရွယ်ကျစ်က သူ(မ)အား တိုက်ရိုက် ကောက်ချီလိုက်ပြီး
“ကလေးဆိုးလေး ဘာကောင်းတာမှမသင်ထားဘူး!”
ယဲအန့်နင်က ရုတ်တရက် အနားသို့တိုးလာပြီး
“အားယန် လင်းဟန်ကောကောကဖြင့် အားယန်နဲ့လာကစားမပေးတာ ကြာလှနေပြီ၊ ဘာလို့ သူ့ကို ဒီလောက်တောင် သဘောကျနေသေးရတာလဲ?”
ရွယ်ယန်က ခေါင်းမာမြဲခေါင်းမာဆဲ
“လင်းဟန်ကောကပြောတယ် သူ့မိသားစုမှာ ကိစ္စရှိနေလို့ အိမ်မှာ လတ်တလောရှိမနေနိုင်ဘူးတဲ့”
ရွယ်ယွိက ရှုတည်တည်ဖြင့်
“သူက အားယန်ကို လိမ်သွားတာ၊ သူက အားယန်နဲ့မဆော့ပေးချင်လို့”
ရွယ်ယန် သူတို့ကို လျစ်လျူရှုထားလိုက်ပြီး အနည်းငယ် ရုန်းကန်ပြီးနောက် ရွယ်ကျစ်ရဲ့ရင်ခွင်ထဲ ချည့်နဲ့စွာ လဲလျောင်းကာ သေချင်ယောင်ဆောင်နေလိုက်သည်။
ယဲအန့်နင်က သူ(မ)ကို အချိန်အတော်ကြာ စိုက်ကြည့်ရင်း ပြုံးနေမိသည်။ ချောင်းကျဲက သူတို့အနောက်တွင် တစ်ယောက်တည်း လမ်းလျှောက်နေသည်ကို သူ(မ) ရုတ်တရက် သတိထားမိလိုက်ပြီးနောက် သူထံ လျှောက်သွားကာ တီးတိုးပြောလိုက်သည်။
“နင် နောင်ကျရင် ရှန်နျန်နဲ့ ဘယ်လိုလုပ်ဖို့ စီစဉ်ထားလဲ?”
သူ ရုတ်တရက် အနှောင့်ယှက်ခံလိုက်ရသည့်အချိန်တွင် ချောင်းကျဲက တစ်ခုခုကို စဉ်းစားနေခြင်းဖြစ်သည်။ သူက မဖြေခင် စက္ကန်အနည်းငယ်မျှ ကြောင်အမ်းသွားပြီး
“ဘာကို စီစဉ်ရမှာလဲ?”
ယဲအန့်နင်ရဲ့အကြည့်တို့က အေးစက်သွားပြီး
“နင်တို့ကိစ္စတွေထဲ အားယန်ကို ထပ်ပြီး ဆွဲမထည့်နဲ့တော့၊ တချို့အရာတွေက အခုကတည်းက ရှင်းရှင်းလင်းလင်း မြင်နေရပြီ”
ချောင်းကျဲ မသိစိတ်အရ ရွယ်ကျစ်ရဲ့လက်မောင်းများထဲ ပစ်လှဲနေသည့် ကလေးမလေးကို တစ်ချက်လှမ်းကြည့်ပြီး ဖြည်းညင်းစွာ သက်ပြင်းချကာ
“စိတ်မပူပါနဲ့ ငါ နားလည်ပါတယ်”
သူက တစ်ခုခုကို သတိရသွားမိသည့်အလား ထပ်မပြောခင် ခဏ တိတ်ဆိတ်သွားပြီးနောက်မှ
“ပြီးတော့ အခုချိန်မှာ ဒါတွေကို ပြောဖို့က စောလွန်းမနေသေးဘူးလား?”
ယဲအန့်နင် ကြောင်အမ်းသွား၏။ ထိုအခါမှပင် သူ(မ)တို့က တကယ့်အသက်အရွယ်မှာ မဟုတ်ကြဘဲ လက်ရှိမှာ ကလေးတွေဆိုတာကို သဘောပေါက်သွားတော့သည်!
သူ(မ)မျက်နှာမှာ အနက်ရောင်စာသားများဖြင့် ပြည့်သွားပြီး
“ငါ နည်းနည်းသတိမထားမိဘူးဖြစ်သွားတယ်”
ချောင်းကျဲက ဘာမှဝင်မပြောဘဲ ရယ်ရုံသာရယ်နေလိုက်သည်။
ရွယ်ယန်မှာ ရွယ်ကျစ်လက်ထဲတွင် လမ်းတစ်ဝက်မှာတင် အိပ်ပျော်သွားခဲ့သည်။ ထို့ကြောင့် ချောင်းကျဲနှင့် ရွယ်ယွိတို့က ဖြည်းဖြည်းချင်း အိမ်ပြန်ရင်း ကလေးကို တစ်လှည့်စီ ချီလိုက်ကြသည်။
-
နောက်တစ်နေ့မနက်စောစော ရွယ်ယွိတို့ညီအကိုသုံးယောက် နိုးပြီးသိပ်မကြာခင် ရွယ်ယန်၏အခန်းတံခါးက ပွင့်နေသည်ကို တွေ့လိုက်ရသည်။
ရွယ်ယွိက မျက်မှောင်ကြုတ်ရင်း လျှောက်သွားလိုက်ပြီး ကုတင်ပေါ်တွင် မတ်တတ်ရပ်ကာ သူ(မ)ကိုယ်သူ(မ) ခက်ခက်ခဲခဲဖြင့် အဝတ်အစားလဲနေသည့် ကလေးမလေးကို တွေ့လိုက်ရသည်။
သူ အနည်းငယ် ခေါင်းရှုပ်သွားပြီး
“အားယန် ဘာလို့ဒီနေ့ အစောကြီးနိုးနေရတာလဲ?”
သူက ပြောရင်းဖြင့် အရှေ့သို့ လျှောက်သွားပြီး သူ့ညီမလေးအား အဝတ်အစားကူဝတ်ပေးလိုက်သည်။
သူ(မ)အဝတ်များကို နေရာတကျ ဝတ်ပြီးနောက်တွင် ရွယ်ယန်က အလွန် ပျော်ရွှင်သွားသည့်နှယ်။
“ကိုကို အားယန် အခုကျောင်းသွားလို့ရပြီလေ!”
ရွယ်ယွိမှာ တန့်သွားပြီးနောက် ကူကယ်ရာမဲ့စွာ ပြုံးရင်း
“အဲ့ဒီတော့ အားယန်က အစောကြီးထတာ ကျောင်းကို သွားချင်လို့ပေါ့?”
ကလေးမလေးက သဘာဝအတိုင်း ခေါင်းညိတ်ပြပြီး
“ဟုတ်တယ်!”