အပိုင်း (၇၁)
အောက်ထပ်သို့ ဆင်းလာတော့မည့် ရွယ်ယွိနှင့် ထီကျစ်သည် သူတို့အတွက် ဘာက စောင့်ကြိုနေမလဲကို မသိကြသေးချေ။
ရွယ်ယန်သည် သူ(မ)၏အစ်ကိုနှစ်ယောက်ကို တစ်ပါတည်း ဆွဲခေါ်ကာ ရွယ်ယွိကို ရှာရန် ထွက်လာ၏။
"ကိုကို! ကိုကို!"
ရွယ်ယွိ မျက်မှောင်ကြုတ်လိုက်သည်။
"အားယန် ဒီလောက်အမြန်ကြီး မပြေးရဘူးလေ... မင်းတို့နှစ်ယောက်က ဘယ်လိုဖြစ်ကြတာလဲ"
သူ ခေါင်းမော့ကြည့်လိုက်သည့်အချိန် ခေါင်းထိပ်တွင် ဖဲပြားကိုယ်စီဖြင့် သူ့ညီငယ်နှစ်ယောက်ကို တွေ့လိုက်ရ၍ ကြက်သေသေသွားတော့သည်။
ရွယ်ကျစ်သည်တော့ လူတိုင်း၏ ထူးထူးဆန်းဆန်းအကြည့်များကို မဖြုံတော့ပါချေ။ သူက ရွယ်ယန်ကို ကောက်ချီကာ ဆိုလိုက်သည်။
"အားယန် သာ့ကောကောကိုလည်း တပ်ပေးလိုက်အုံးလေ မြန်မြန်"
ရွယ်ယွိတစ်ယောက် ထီကျစ်နှင့်အတူ ရှားရှားပါးပါးဖြင့် စည်းချက်ညီညီ နောက်ဆုတ်မိတော့သည်။
"ရပ်! မလာနဲ့နော်!"
သို့သော် ကလေးမလေးသည် ကြောင်အမ်းစွာ မျက်တောင်လေးခတ်ရင်း ချောင်းကျဲကို ခေါင်းစောင်းကာ ကြည့်လိုက်သည်။
"ရှောင်ကျဲကော သာ့ကောကောက ဒီဖဲပြားလေးကို မကြိုက်လို့လားဟင်"
ချောင်းကျဲသည် အတုံ့အဆိုင်းမရှိ ခေါင်းညိတ်ပြလေ၏။
"ဒါပေါ့၊ သူက အားယန်ကိုယ်တိုင်ချည်ထားတဲ့ လိပ်ပြာဖဲပြားလေးကို မကြိုက်ဘူး"
"ငါမကြိုက်ဘူးလို့ ဘယ်သူပြောလဲ"
ရွယ်ယွိတစ်ယောက် မသိလိုက်စွာဖြင့် ချက်ချင်းဆိုသလို ခွန်းတုံ့ပြန်မိသွား၏။ သူ ဘာပြောလိုက်မိသွားသလဲကို နားလည်သဘောပေါက်ချိန်တွင် နောင်တရရန် နောက်ကျလွန်းသွားခဲ့ပြီဖြစ်သည်။
ရွယ်ယန်သည် သူ(မ)၏လက်မောင်းများကို ဆန့်ထုတ်လာ၏။
"ဒါဆိုလည်း လာခဲ့လေ သာ့ကောကော! အားယန် ကိုကို့ကို တပ်ပေးမယ်"
ရွယ်ယွိသည် သူ့ညီငယ်လေးနှစ်ယောက်ကို ကြည့်ကာ မနေနိုင်အောင် သက်ပြင်းချမိတော့သည်။
"ဟုတ်ပါပြီကွာ"
အစ်ကိုသုံးယောက်စလုံး ကလေးမလေးကိုယ်တိုင်ချည်ထားသည့် ဖဲပြားကို ဝတ်ဆင်လိုက်ရခြင်းဖြင့် အဆုံးသတ်သွားပြီးနောက် ထီကျစ်မှာလည်း အတင်းအကျပ် အဝတ်ခံလိုက်ရသည်။
ရွယ်ယန်သည် ဆောင့်ကြောင့်ထိုင်ကာ သူ(မ)အရှေ့ရှိ စိမ်းနုရောင်ဖဲပြားနှင့် ထီကျစ်ကို ကြည့်လိုက်ပြီး၊ နောက်တွင် သူ(မ)အစ်ကိုသုံးယောက်ကို မော့ကြည့်လာ၏။
ရွယ်ယန်သည် တစ်ခဏစဉ်းစားကြည့်ကာ မျက်ခုံးများကို စုကြုံ့ထား၏။
"ကိုကို အားယန်မှာ ဖဲပြားတစ်ခုမှ မရှိသေးဘူး!"
ရွယ်ယွိ သူ(မ)ကို ဖျောင်းဖျလိုက်သည်။
"အားယန်က ကမ္ဘာပေါ်မှာ ချစ်ဖို့အကောင်းဆုံးလေ၊ ဖဲပြားတပ်ဖို့ မလိုပါဘူး"
ရွယ်ကျစ်နှင့် ချောင်းကျဲသည်လည်း အပြင်းအထန် ခေါင်းညိတ်ပြလာ၏။
"အဟုတ်ပဲ!"
ထီကျစ်သည်လည်း ကလေးမလေး၏ လက်ပေါ် သူ၏လက်ဖဝါးသေးသေးကို တည်ကြည်စွာဖြင့် တင်လိုက်သည်။
ဒီလိုဟာကြီးတပ်တာက ကိုယ့်ပုံရိပ်ကိုယ် ပျက်စီးစေမှာနော်!
မမျှော်လင့်ထားစွာဖြင့် ကလေးမလေးသည် ခေါင်းမာနေလေ၏။
"အားယန်လည်း လိုချင်ပါတယ်ဆို! အားယန် အလှဆုံးဖဲကြိုးကို ရွေးရမယ်"
သူ(မ)အား မဖျောင်းဖျနိုင်တော့သည့်အဆုံး ရွယ်ယွိမှာ မတတ်နိုင်တော့ဘဲ ပြောလိုက်သည်။
"အားယန်က ကိုကို့တို့အတွက် ဖဲကြိုးကို ရွေးပေးခဲ့တာဆိုတော့ ကိုကိုက အားယန်အတွက် ပြန်ရွေးပေးမယ်ဆိုရင်ရော"
ရွယ်ယန်သည် ထိုကိစ္စအား မငြင်းဆန်ချေ။
"ဟုတ်!"
ဒါပေမယ့်လည်း ကလေးမလေး ထင်နေဆဲမှာ သူ(မ)အစ်ကိုတွေ ရွေးပေးတာက သူ(မ)ရွေးတာလောက် ကောင်းလိမ့်မှာမဟုတ်ဘူးဟု!
သို့သော် ဤနည်းလမ်းဖြင့် ရွယ်ယွိနှင့် အခြားသူများမှာ သက်မချနိုင်သွားတော့သည်။
နောက်ဆုံးတွင်တော့ သုံးယောက်သားသည် ထီကျစ်နှင့်အတူ ပန်းပွင့်အဆင်ပါသည့် ဖဲကြိုးကို ရွေးလိုက်ပြီး ဖဲပြားသေးသေးလေး ခေါက်ပေးလိုက်သည်။
ရွယ်ကျစ်သည် ဒူးထောက်ထိုင်လိုက်ပြီး သူ့ညီမလေးအား လက်ယပ်ခေါ်လိုက်သည်။
"အားယန် ဒီကိုလာ ကိုကိုဝတ်ပေးမယ်"
ရွယ်ယန်သည် အနည်းငယ် ချီတုံချတုံဖြင့် ဖြည်းညင်းစွာ လျှောက်လာ၏။
"ကိုကို၊ ကိုကိုရွေးပေးတဲ့ဟာက အားယန်ရွေးပေးတဲ့ဟာလောက်လည်း မလှဘူး"
ရွယ်ကျစ်မှာ ပင်ပန်းလွန်းသဖြင့် ဘာကိုမျှ မငြင်းဆန်နေတော့ပေ။
"ဒါဆို အားယန်က ကိုကိုရွေးပေးတာကို မကြိုက်ဘူးပေါ့?"
ကလေးမလေးသည် လက်ချောင်းလေးများကို လိမ်ယှက်လိုက်သည်။
"အားယန် ကြိုက်ပါတယ်..."
ရွယ်ယွိက ဖဲပြားကို ဆွဲယူလိုက်ပြီး ဆိုလာ၏။
"ကြိုက်တယ်ဆို ကိုကိုက အားယန်ကို ဝတ်ပေးမယ်လေ၊ လိမ္မာပါတယ်ကွာ!"
ကလေးမလေးသည် မူလကတည်းက ချစ်စဖွယ်ကောင်းပြီး ပန်းပွင့်ဖဲပြားလေး ချည်ထားပြီးနောက်တွင်တော့ ပိုလို့ပင် အသည်းယားဖွယ်ကောင်းနေတော့သည်။
ချောင်းကျဲက ရိုးသားစွာ ချီးကျူးလာ၏။
"အားယန်က အရမ်းချစ်ဖို့ကောင်းတာပဲ!"
"မင်းတို့အားလုံး ဒီမှာ ဘာလုပ်နေကြတာလဲ၊ ဘာလို့ အားမန်ကို သွားဝိုင်းမကူတာလဲ"
လျို့ဟွားက အဝတ်အရုပ်များကို သယ်ကာ ဖြတ်သွားရင်းဖြင့် ပေါ့ပေါ့ပါးပါး ဆိုလာ၏။
ရွယ်ယန်သည် ခေါင်းထက်တွင် ဖဲပြားလေးဖြင့် သူ(မ)အမေအရှေ့သို့ ပြေးသွားလိုက်သည်။
"မေမေ အားယန် ချစ်ဖို့ကောင်းရဲ့လား"
လျို့ဟွားသည် အဝတ်အရုပ်များကို ဆိုဖာပေါ်ပစ်ချကာ နဖူးထက်မှ ချွေးများကို သုတ်လိုက်သည်။
"ချစ်ဖို့ကောင်းတယ် ချစ်ဖို့ကောင်းတယ်၊ အားယန်က ချစ်ဖို့အကောင်းဆုံး... မင်းတို့သုံးယောက်က ဘယ်လိုဖြစ်ကြတာလဲ"
"ဟမ်? ကလေးတို့ ဘာတွေလုပ်နေကြတာလဲ"
ရွှီယိသည်လည်း တံခါးမှ ဝင်လာပြီး ဤမြင်ကွင်းကြောင့် အနည်းငယ် ထိတ်လန့်သွားပုံရသည်။
ရွယ်ယွိ : "..."
သွားပါပြီကွာ၊ စိတ်ပျက်ဖို့ကောင်းလိုက်တာ။
သူ့ရဲ့ တည်ကြည်အေးစက်တဲ့ပုံရိပ်ကတော့ တစ်စစီ ပြိုလဲကုန်ပါပြီ။
ရွယ်ယန်သည်တော့ ပြဿနာရှိနေသည်လို့ပင် မခံစားရချေ။ သူ(မ)က ပြေးသွားပြီး ရွှီယိ၏အင်္ကျီစကို လှမ်းဆွဲလိုက်သည်။
"ဦးဦးရွှီ ၊ အားယန်ရဲ့ဖဲပြားလေးက မလှဘူးလား"
ရွှီယိသည် ချစ်စဖွယ် ကလေးမလေးကို ငုံ့ကြည့်လိုက်ပြီးနောက် ငြီးငွေ့နေဟန်ရသော လူငယ်လေးသုံးယောက်ကို ကြည့်ကာ ရိုးသားစွာ ဆိုလိုက်သည်။
"အားယန်က ချစ်ဖို့အကောင်းတကာ့ အကောင်းဆုံးပဲ!"
"ရွယ်ယွိ! နင် ဒီမှာလား၊ အန်တီလျို့ အပြင်မှာ အန်တီတို့အလုပ်များနေတာ တွေ့လိုက်လို့ သမီးတို့ ဝိုင်းကူပေးရအုံးမလား"
ယဲအန့်နင်သည် ရှန်နျန်ကို တစ်ပါတည်း ဆွဲခေါ်လာခဲ့ပြီး ချီလင်းဟန်နှင့် လီယွမ်တို့က အနောက်မှ လိုက်လာ၏။
လျို့ဟွား သူ့သားများထံမှ အကြည့်လွှဲလိုက်ပြီး ယဲအန့်နင်နှင့် အခြားသူများအား ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
"အန့်နင် နျန်နျန်၊ ရွယ်ယွိက ဒီမှာ ဒီကို မြန်မြန်လာခဲ့လေ!"
အသံကြားသည်နှင့် ရွယ်ယန်သည်လည်း ခုန်ပေါက်နေတော့၏။
"ကျယ်ကျဲ! နျန်နျန်! လင်းဟန်ကော! ရှောင်ယွမ်ကော! အကုန်လုံး ရောက်လာတယ်!"
ယဲအန့်နင်သည် ကလေးမလေး၏ ဖဲပြားကို ချက်ချင်း သတိထားမိလိုက်သည်။
"အားယန်၊ အားယန်ရဲ့ခေါင်းပေါ်က ဖဲပြားလေးက အရမ်းချစ်ဖို့ကောင်းတာပဲ... နင်တို့သုံးယောက်က ဘယ်လိုဖြစ်တာလဲ"
ရွယ်ယွိက ရေလိုက်ငါးလိုက်သာ သွားရန် ဆုံးဖြတ်လိုက်ပြီး ဘေးရှိ အရောင်တူဖဲကြိုးကို ကောက်ကိုင်လိုက်သည်။
"မင်းရော လိုချင်လို့လား"
ယဲအန့်နင်သည် နိုးနိုးကြားကြားဖြင့် အနောက်ဆုတ်လိုက်သည်။
"တော်ပါပြီ တော်ပါပြီ၊ နင်တို့တွေပဲ လုပ်ကြပါ"
"လိုချင်တယ်! လိုချင်တယ်! ကျယ်ကျဲလည်း တစ်ခု! ကျယ်ကျဲ~ ကျယ်ကျဲ~"
ကလေးမလေးသည် ယဲအန့်နင်၏ခြေထောက်ကို ဖက်လိုက်ပြီး ချွဲနွဲ့ပြတော့သည်။
ယဲအန့်နင် : "...ကောင်းပြီလေ"
လက်စသတ်တော့ ဒီလိုကိုး!
အခြေအနေက ဤအထိ ရောက်လာပြီဖြစ်၍ ယဲအန့်နင်သည် ချောင်းကျဲ၏ခေါင်းထက်ရှိ ဖဲပြားနှင့် တစ်ရောင်တည်းဖဲကြိုးကို လှမ်းယူလိုက်သည်။
"နျန်နျန်၊ ငါတို့က သူငယ်ချင်းကောင်းတွေပဲ"
ရှန်နျန် : "..."
ရွယ်ကျစ်နှင့် ချောင်းကျဲက တစ်ညီတစ်ညွတ်တည်း ထောက်ခံကြသည်။
"သူငယ်ချင်းကောင်းတွေအနေနဲ့ ငါတို့တွေ တညီတညာတည်းဖြစ်ဖို့လိုတာပေါ့"
နှစ်ယောက်သားသည် ဖဲကြိုးများကို ဆုပ်ကိုင်လိုက်ပြီး တစ်လှမ်းချင်း၊ တစ်လှမ်းချင်းဖြင့် ချီလင်းဟန်နှင့် လီယွမ်ဆီ ချဉ်းကပ်သွားလိုက်သည်။
ရုန်းရင်းဆန်ခတ်ဖြစ်ပြီးနောက်တွင်တော့ အားလုံး ဆင်တူဖြစ်သွားကြသည်။
လျို့ဟွားမှာ ထိုမြင်ကွင်းကို မကြည့်နိုင်တော့ပြီး မထိန်းချုပ်နိုင်ဘဲ အော်ရယ်မိမည်ကို စိုးထိတ်နေ၏။
"ရှောင်ယွိ ညီလေးတွေကို ပစ္စည်းတွေ ရွှေ့ဖို့ခေါ်လာခဲ့"
ရွယ်ကျင်းဟုန်သည် တံခါးဝတွင် ရပ်ကာ တံခါးဘောင်ကို ခေါက်လိုက်သည်။
ရွယ်ယွိက သူ့ညီမလေး၏လက်ကို ဆွဲလိုက်သည်။
"ကျွန်တော်တို့ လာနေပါပြီ အဖေ"
ရွှီယိ၏မျက်လုံးများသည် ရိပ်ခနဲဖြစ်သွားပြီး လျို့ဟွားကို လှည့်ကြည့်လိုက်သည်။
"ကိုယ်ရော သွားကူညီပေးလိုက်ရမလား"
သူ့စိတ်ထဲက အကြံအစည်သေးသေးလေးကို သူ(မ) မသိဘဲ ဘယ်နေပါ့မလဲ၊ သူ(မ)က မျက်စောင်းထိုးလိုက်သည်။
"ကလေးဆန်လိုက်တာ"
ရွှီယိ သူ့နှာခေါင်းကို ပွတ်လိုက်သည်။ လျို့ဟွားမှာ ရွယ်ကျင်းဟုန်အပေါ် မည်သည့်ခံစားချက်တို့မျှ မရှိတော့သည်ကို သူ သိသည့်တိုင် သူတို့နှစ်ဦး အချိန်အတော်ကြာ အတူရှိခဲ့ကြသည်ကို တွေးမိရုံဖြင့် သူ့နှလုံးသားမှာ ချဉ်စူးလာရသည်။
လျို့ဟွားသည် လက်ခါပြလိုက်သည်။
"ရှင် သွားချင်တယ်ဆိုရင်လည်း သွား၊ ဒါပေမဲ့ ပြဿနာတော့ မရှာလာခဲ့နဲ့"
ရွှီယိ ပြုံးလိုက်သည်။
"စိတ်ချပါကွာ၊ မင်း ကိုယ့်ကို အခုထိ နားမလည်သေးဘူးလား"
တောက်ပြောက်နေသော ဖဲပြားကြီးဖြင့် အပြင်ထွက်ရသည်က ရွယ်ယွိအား ကူကယ်ရာမဲ့သလို ခံစားရစေပြီး အထူးသဖြင့် သူ့အဖေက သူ့ကို မြင်ချိန်တွင် ပြောသွားခဲ့သည်ကိုပင်။
"ရှောင်ယွိ မင်းခေါင်းပေါ်က ဒီဖဲပြားကလေ အတော်လေး မိုက်သား"
ရွယ်ကျစ်၊ ချောင်းကျဲ၊ ချီလင်းဟန်နှင့် အတင်းအဝတ်ခံလိုက်ရသည့် လီယွမ်ပင် ရှုတည်တည်ဖြင့် ကားထဲမှ ပစ္စည်းများကို နည်းနည်းချင်းစီ ရွှေ့လိုက်ကြသည်။
ထိုစဉ် တံခါးဝတွင် မျက်နှာကို လက်ဖြင့်ထောက်ကာ ထိုင်နေသော ရွယ်ယန်သည် မြင်ကွင်းအား တောက်ပစွာ ပြုံးရင်း ကြည့်နေ၏။ သူ(မ)ဘေးရှိ ယဲအန့်နင်နှင့် ရှန်နျန်တို့သည် အကြည့်ချင်းဖလှယ်လိုက်ကြပြီး ကူကယ်ရာမဲ့စွာဖြင့်သာ ခေါင်းခါမိတော့သည်။
သူတို့မိသားစုရဲ့ ဒီချစ်စဖွယ်အကောင်ပေါက်လေးကို သူတို့ဘာလုပ်နိုင်မှာတဲ့လဲ၊ သူတို့မှာ ဒီကလေးကို ပစားပေးထားဖို့ပဲရှိတယ်!
ရွှီယိသည် ကလေးများကို အကဲခတ်ကြည့်ပြီးနောက် ရွယ်ကျင်းဟုန်ထံ ဖြည်းညင်းစွာ ချဉ်းကပ်သွားကာ မေးလိုက်သည်။
"အကူညီလိုသေးလား"
ရွယ်ကျင်းဟုန်မှာ ရုတ်တရက် ကြောင်အမ်းသွား၏။ ဒီလူ သူ့အပေါ် နားမလည်နိုင်တဲ့ အငြိုးအတေးထားနေတယ်ဆိုတဲ့ ခံစားချက်ကို သူဘာကြောင့် ခံစားမိနေတာလဲ?
