အပိုင်း (၆၉)
ရွယ်ယွိမှာ သူ့အဖိုးအဖွားတွေ၏ သဘောကို အနည်းငယ် အံ့အားသင့်သွားရသည့်တိုင် ယာယီ ငြင်းပယ်ထားလိုက်သည်။
"အဖွား၊ အဖွားနဲ့ အဖိုးက ဒီမှာ အကြာကြီးနေခဲ့ကြတာမလို့ ပြောင်းရွှေ့ပြီးနေရရင် အသားကျလိမ့်မှာ မဟုတ်ဘူးလေ၊ အမေ့ကို ကျွန်တော်တို့ဘာသာ စောင့်ရှောက်နိုင်ပါတယ် ဒါကြောင့်မလို့ စိတ်မပူနဲ့တော့နော်"
ကျိုးယွိယွမ်မှာ သည်ထက်ပို၍ ပြောချင်သော်လည်း နောက်ဆုံးတွင် သက်ပြင်းသာချလိုက်တော့သည်။
"ထားလိုက်ပါတော့လေ၊ မင်းတို့လေးတွေက တအားသိတတ်လွန်းကြတာပဲ"
ရွယ်ယန်သည် ခေါင်းလေးစောင်းကာ အချိန်အတန်ကြာ ငေးကြည့်နေပြီးနောက်မှ အဖွားဖြစ်သူထံ ပြေးသွားပြီး တင်းကျပ်စွာ ဖက်ထားလိုက်သည်။
"ဖွားဖွား၊ နောင်ဆို အားယန် ဖွားဖွားနဲ့ ဖိုးဖိုးဆီကို မကြာခဏလာလည်ပါ့မယ် ဖေဖေ၊ ကိုကိုနဲ့ မမတွေကိုပါ ခေါ်ပြီးတော့!"
ကျိုးယွိယွမ်သည် နွေးထွေးစွာ ပြုံးလိုက်သည်။
"ကောင်းတယ်၊ ကျွန်မတို့မိသားစုက ကလေးတွေက တအားလိမ္မာကြတာပဲရှင်"
စကားအနည်းငယ် ဆိုပြီးနောက်တွင် လူတိုင်း ထွက်လာလိုက်ကြသည်။ ရွယ်ကျင်းဟုန်၏ ကားနောက်ဖုံးမှာ ရွယ်ကျန့်ရှုန်နှင့် ကျိုးယွိယွမ်တို့ ထည့်ပေးလိုက်သည့် ပစ္စည်းများဖြင့် တောင်ပုံရာပုံ ပုံနေတော့သည်။
အပြန်လမ်းတွင်လည်း ရွယ်ကျင်းဟုန်သည် ဖြည်းဖြည်းမောင်းနှင်နေဆဲပင်။ ရွယ်ယန်သည် မိနစ်အနည်းငယ်ပင် မကြာလိုက်ခင် အစ်ကိုဖြစ်သူ၏လက်မောင်းထဲတွင် အိပ်ပျော်သွားလေ၏။
ရွယ်ယွိမှာ ကလေးမလေး အအေးမိသွားမည်ကို စိုး၍ စောင်တစ်ထည်ထုတ်ပြီး ကလေးအား တင်းကျပ်စွာ ပတ်ထားလိုက်သည်။
သူတို့ အိမ်သို့ ပြန်ရောက်ချိန်တွင် ရွယ်ကျင်းဟုန်သည် သူတို့အား တံခါးနားတွင်သာ ရပ်ပေးပြီး အပြင်ဘက်မှနေ သူတို့အိမ်ထဲဝင်သွားသည်အား ကြည့်လေ၏။
ရွယ်ယွိသည် တင်းကျပ်စွာ ပတ်ထားသော ဖက်ထုပ်လေးအား လက်မောင်းထဲတွင် ချီသယ်လာပြီး ရွယ်ကျစ်၊ ချောင်းကျဲနှင့် ထီကျစ်တို့က အိမ်ထဲသို့ အနောက်မှနေ လိုက်ဝင်လာ၏။
ဧည့်ခန်းထဲတွင် အိပ်မောကျလုနီးဖြစ်သော လျို့ဟွားသည် အသံများကြောင့် ရုတ်တရက် လန့်နိုးလာ၏။
"ပြန်လာကြပြီလား"
သူ(မ)သည် နားထင်ကို ပွတ်လိုက်ပြီး ရွယ်ယွိလက်ထဲမှ အသေးလေးကို ကြည့်လိုက်သည်။
"အားယန်က အိပ်တောင်ပျော်သွားပြီလား"
ရွယ်ယွိမှာ သူတို့ ယနေ့တွင် ပြန်လာခဲ့သည့်အတွက် စိတ်သက်သာရာရမိတော့သည်။ မဟုတ်လျှင် သူ့အမေသည် ဧည့်ခန်းထဲတွင်သာ တစ်ညလုံး အိပ်နေတော့မည်ပင်။
သူက အသံတိုးလိုက်ပြီး ပြောလိုက်သည်။
"အားယန်က ဒီနေ့အဖိုးတို့အိမ်မှာ အရမ်းပျော်နေခဲ့တာလေ၊ ပင်ပန်းသွားတယ်နဲ့ တူပါတယ် လမ်းမှာတင် အိပ်ပျော်သွားတာ"
ချောင်းကျဲလည်း ဝင်ပြောလာ၏။
"အန်ကယ်ရွယ်ပြောတာ အဖိုးနဲ့ အဖွားပေးလိုက်တဲ့ ပစ္စည်းတွေကို မနက်ဖြန်ကျမှပဲ လာပို့ပေးပါမယ်တဲ့"
လျို့ဟွား မျက်ခုံးတစ်ဖက် မြှင့်လိုက်သည်။
"သူတို့တွေ အများကြီး ထည့်ပေးလိုက်တာလား"
ရွယ်ကျစ် ပြန်တွေးမိရင်း မနေနိုင်စွာဖြင့် ရယ်မိတော့သည်။
"အဖိုးနဲ့ အဖွားကလေ အဖေ့ရဲ့ကားနောက်ဖုံးထဲမှာ အပြည့်အကျပ်ကို ထည့်ပေးလိုက်တာ၊ အများစုက အမေနဲ့ အားယန်အတွက်"
လျို့ဟွားမှာ ရင်ထဲထိသွားပြီး နှုတ်ခမ်းကို စေ့ပြီးနောက် သူ(မ)သားများကို ပြောလိုက်သည်။
"ကောင်းပြီ၊ မင်းတို့တွေလည်း သွားနားတော့လေ၊ မနက်ဖြန်ကျ ခရစ္စမတ်အတွက် အပြင်အဆင်တွေ စပြီးလုပ်လို့ရပြီ"
ရွယ်ယွိနှင့် အခြားသူများသည် နာခံစွာဖြင့် သူတို့အမေနှင့် လျို့မန်၏နောက်သို့ လိုက်သွားကြသည်။
နောက်တစ်နေ့မနက်တွင် လျို့ဟွား၊ ရွယ်ယွိနှင့် အခြားသူများသည် စောစောစီးစီး အိပ်ရာထလာကြပြီး သူတို့အိမ်ကို စတစ်ကာများနှင့် အရောင်စုံသော မီးလုံးများဖြင့် အလှဆင်ရန် အဆင်သင့်ဖြစ်နေကြသည်။
ထီကျစ်က ရွယ်ယန်၏အခန်းထဲရှိ ကော်ဇောပေါ်တွင် လဲလျောင်းနေပြီး အပြင်ဘက်မှ ဝိုးတိုးဝါးတားအသံများကို ကြားနေရသည်။
အိပ်ရာပေါ်ရှိ ဖက်ထုပ်လေးသည်တော့ အိပ်နေသည့်အနေအထားကို ပြောင်းကာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေဆဲပင်။
အနည်းငယ် ချီတုံချတုံဖြစ်နေပြီးနောက် ထီကျစ်သည် ထွက်သွားလိုက်ပြီး ရွယ်ယွိအား ဆွဲခေါ်လာလိုက်သည်။
ရွယ်ယွိမှာ သူ့ဘောင်းဘီခြေထောက်ကို အဆွဲခံထားရ၍ မျက်နှာထက်တွင် ကူကယ်ရာမဲ့လျက်သားဖြင့်။
"ဘာလုပ်နေတာလဲ၊ အားယန်က အိပ်နေသေးတုန်းလား"
ထီကျစ်သည် သူ့အသံကို လျှော့ပြီး နှစ်ကြိမ် အော်လိုက်သည်။ သူ့မျက်လုံးများက ကုတင်ပေါ်ရှိ ဖက်ထုပ်သေးသေးလေးကို မျက်တောင်မခတ်စတမ်း စိုက်ကြည့်နေ၏။ ထို့နောက် သူက ရွယ်ယွိ၏ ဘောင်းဘီခြေထောက်ကို ပါးစပ်ဖြင့် ဆွဲကိုက်ရင်း ခြေနှစ်လှမ်းစာ ဆွဲခေါ်သွားလိုက်သည်။
ရွယ်ယွိမှာ တွေးတွေးဆဆဖြင့် ဆိုလာ၏။
"မင်း ငါ့ကို အားယန်ကို နှိုးစေချင်လို့လား"
ထီကျစ် ခေါင်းညိတ်လိုက်သည်။
သို့သော် နောက်တစ်စက္ကန့်အတွင်းမှပင် ရွယ်ယွိ၏ မျက်နှာထက်တွင် ညစ်ကျယ်ကျယ်အပြုံးတစ်ခု ရောက်ရှိလို့လာ၏။
"မင်းဘာသာ အော်နှိုးလိုက်ပါလား၊ မင်းက သူ့အရှေ့ဆို လက်ဖက်စိမ်းလို အမြဲလုပ်ပြနေတာမဟုတ်ဘူးလား"
'လက်ဖက်စိမ်း' ဆိုသည့်အသုံးမှာ ယဲအန့်နင်နှင့် ရှန်းနျန်ထံမှ သူတို့ သင်ထားခြင်းဖြစ်သည်။
ထီကျစ် : "..."
သူ့ဘဝမှာ တစ်ခါမှ ဒီလောက်ထိ ပြောစရာစကားမမဲ့ဖူးဘူး!
ဒေါသထောင်းခနဲ ထွက်သွားသည့်အခိုက်၌ ထီကျစ်သည် မချုပ်တည်းထားနိုင်တော့ဘဲ ရွယ်ယွိကို ခုန်အုပ်လိုက်သည်။
ရွယ်ယွိမှာလည်း အလစ်ငိုက်ခံလိုက်ရပြီး ကျွမ်းပြန်လဲကျသွား၏။
အမျိုးသားတစ်ယောက်နှင့် ဝံပုလွေတစ်ကောင်သည် ခေါင်းမာမာဖြင့် မြေပြင်ပေါ်တွင် လူးလှိမ့်ကာ နပန်းသတ်ကြတော့သည်။
ရုန်းရင်းဆန်ခတ်အသံများက ကလေးမလေးကို ဝေဝါးစွာ နိုးသွားစေ၏။
ရွယ်ယန်သည် မျက်လုံးများကို ပွတ်လိုက်ပြီး ခေါင်းရှုပ်စွာ ထထိုင်လိုက်သည်။ သူ(မ)က ကုတင်အောက်တွင် နပန်းသတ်နေကြသော နှစ်ယောက်သားကို ဇဝေဇဝါဖြစ်စွာ ကြည့်လိုက်သည်။
"ကိုကို? ထီကျစ်? ဘာလုပ်နေကြတာလဲ"
ကလေးငယ်၏ တီတီတာတာအသံကြောင့် နှစ်ယောက်သားသည် လန့်ဖျပ်သွားကာ နပန်းသတ်နေကြသည်အား ချက်ချင်း ရပ်တန့်လိုက်ကြပြီး ကိုယ်ဟန်အနေအထားက ဖော်ဖော်ရွေရွေရှိနေကြသည့် အနေအထားအဖြစ် ပြောင်းလဲသွား၏။
"အဟန့်၊ အားယန် ကိုကိုက ထီကျစ်နဲ့ ကစားပေးနေတာလေ"
ရွယ်ယွိတစ်ယောက် လိပ်ပြာမလုံဖြစ်နေ၏။
ထီကျစ်သည်လည်း သဘောတူထောက်ခံသည့်အနေဖြင့် အကြိမ်အနည်းငယ် အသံထွက်ပြလိုက်သော်လည်း ရုတ်တရက် တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်တူသယောင်။
နောက်တစ်စက္ကန့်အတွင်းမှာပင် ရွယ်ယွိမှာ ထီကျစ်တစ်ကောင် နူးညံ့စွာ မြည်တမ်းပြရင်း ကုတင်နားသို့ သနားချင့်စဖွယ် လျှောက်သွားသည်ကို မြင်လိုက်ရသည်။
ဘယ်လိုပဲကြည့်ကြည့် သူ့ပုံစံက အပြင်းအထန် အနိုင်ကျင့်ခံထားရတဲ့ပုံ။
ရွယ်ယွိတစ်ယောက် ဤသရုပ်ကြောင့် မှင်သေမိသွားတော့သည်။
သို့သော် ရွယ်ယန်သည်တော့ ဒါကို ယုံစားကာ ကုတင်ပေါ်မှ ပြေးဆင်းပြီး ထီကျစ်၏ခေါင်းကို ပုတ်လိုက်သည်။
"ဘာဖြစ်တာလဲ ထီကျစ်၊ ဘယ်သူက အနိုင်ကျင့်လိုက်တာလဲ"
ရွယ်ယွိမှာ စိတ်ထဲတွင် မကောင်းသည့် ကြိုတင်သတိပေးချက်တစ်ခု ပေါ်လာတော့သည်။ သေချာပေါက်ကိုပဲ...
"ဝု ဝု၊ ဝု-ဝု"
ထီကျစ်သည် နူးညံ့စွာ တအီအီပြုရင်း မျက်လုံးတို့က ရွယ်ယွိထံ အားပျော့စွာ ခိုးကြည့်လေ၏။
ရွယ်ယွိ : "..."
သူဖြင့် တစ်ခါမှ ဒီလောက်ထိ ပြောစရာစကားမမဲ့ဖူးဘူး!
ရွယ်ယန်သည် "အမှတ်မထင်" စွာဖြင့် ထီကျစ်၏ ပေါ်တင်ကျသော သနားစဖွယ်အကြည့်ကို သတိထားမိလိုက်ပြီး ချက်ချင်းဆိုသလို ပေါက်ကွဲထွက်လာ၏။
"ကိုကို! ထီကျစ်ကို အနိုင်မကျင့်နဲ့လေ!"
ရွယ်ယွိမှာ ပြောစရာစကားများ အမှန်ပင် ပျောက်ရှသွားရသည်။
"အားယန် ကိုကို မလုပ်..."
ဘာသာစကား၏ စွမ်းအားမှာ အကန့်အသတ်ရှိလွန်းလှသည်ပင်။ သူ့ကို တစ်ယောက်ယောက် လာကယ်တင်ပေးကြပါအုံး!
ကလေးမလေးသည်တော့ သူ၏အသနားခံမှုအား လုံးဝကို မနားထောင်နေချေ။
"ကိုကို စိတ်ပုတ်တယ်! ထီကျစ်က ဒီလောက်ချစ်ဖို့ကောင်းတာ ဒါတောင် ကိုကိုက အနိုင်ကျင့်လိုက်သေးတယ်!"
ရွယ်ယွိ : "..."
ကယ်ကြပါ! အရွယ်ရောက်လုနီးနီး ဝံပုလွေဘုရင်ကြီးက ချစ်ဖို့ကောင်းတယ်တဲ့လား? သူ့ကို တစ်ကိုက်တည်းနဲ့တင် အသေကိုက်သတ်လို့ရနေတာလေ!
ကလေးမလေးမှာ ထိုအကြောင်းကို စဉ်းစားမိလေ ထီကျစ်အတွက် ဝမ်းနည်းစိတ်မကောင်းဖြစ်ရလေပင်။ သူ(မ)က နှုတ်ခမ်းကို စူကာဖြင့် အောက်ထပ်သို့ ပြေးဆင်းသွား၏။
ထီကျစ်သည် ဂုဏ်ဝင့်စွာဖြင့် ရွယ်ယွိကို တစ်ချက်စောင်းငဲ့ကြည့်လိုက်ပြီးနောက် တစ်ဖက်သို့လှည့်ကာ ကလေးမလေး၏နောက်သို့ ပြေးလိုက်သွား၏။
လှောင်အုံးလေ! ဘယ်သူက လက်ဖက်စိမ်းလို့ ပြောခဲ့တာလဲ?
ရွယ်ယွိမှာ ပြောစရာစကားမဲ့ရင်းဖြင့် ကူကယ်ရာမဲ့နေမိပြီး သူ့ညီမလေး၏အိပ်ရာကို တိတ်တဆိတ်နှင့်သာ သိမ်းပေးလိုက်သည်။
မကြာလိုက်ခင် အသေးလေး၏ အသံသည် တံခါးအပြင်ဘက်မှနေ တစ်ဖန်ထွက်လာ၏။
"မေမေ၊ ကိုကိုက ထီကျစ်ကို အနိုင်ကျင့်လိုက်တယ်! ထီကျစ်ခမျာ သနားပါတယ်!"
လျို့ဟွားသည် ကလေးမလေးကို အခန်းထဲသို့ ချီခေါ်သွားပြီး ခေါင်းကို အသာအယာ ပုတ်ပေးလိုက်သည်။
"အားယန်၊ သွားကို အရင်တိုက်ရမယ်လေ၊ မေမေ သမီးကိုကို့ကို သင်ခန်းစာပေးပေးမယ် ဟုတ်ပြီလား"
ကလေးမလေးသည် မျက်မှောင်ကြုတ်လာ၏။
"မေမေ၊ ကိုကို့ကို ဆူဖို့ မလိုပါဘူး၊ သူ့ကို နောက်တစ်ခါ ထီကျစ်ကို အနိုင်မကျင့်ဖို့သာပြောပေး! မဟုတ်ရင် အားယန် စိတ်ဆိုးမှာလို့!"
လျို့ဟွားမှာ ရယ်ရမလား၊ ငိုရမလားပင် မသိတော့ချေ။
"ဟုတ်ပါပြီကွယ်၊ ကဲ အသေးလေး အခု သွားကို မြန်မြန်သွားတိုက်တော့"
သူ့ညီမလေး ရေချိုးခန်းထဲသို့ ပြေးဝင်သွားသည်ကို ကြည့်ပြီး ရွယ်ယွိမှာ သက်ပြင်းချမိတော့သည်။
လျို့ဟွားသည် လူငယ်လေးနှင့် ဝံပုလွေကို အမြင်ကတ်စွာ ကြည့်လိုက်သည်။
"နင်တို့က ဘာဖြစ်ရတာလဲ၊ မနက်ခင်းစောစောစီးကို ရန်ဖြစ်နေကြတယ်ပေါ့"
ထီကျစ်သည် အပြစ်မကင်းစွာဖြင့် ခေါင်းလေးကို ငုံ့ထားပြီး အသံတစ်သံပင် မထွက်လာရဲချေ။
ရွယ်ယွိမှာ ခြေကုန်းလက်ပန်းကျသွားသည့်နှယ်။
"အမေ တကယ်လို့လေ ထီကျစ်က အားယန်ရှေ့မှာမလို့ သနားဖို့ကောင်းအောင် ဟန်ဆောင်နေတာပါလို့ ကျွန်တော်ပြောရင် အမေ ယုံမှာလား"
ထီကျစ်သည် ရုတ်တရက် ခေါင်းကို မော့လိုက်ပြီး မတရားမှုများစွာကို တစ်နင့်တပိုးခံစားလိုက်ရသည့်အတိုင်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်လိုက်သည်။
ဘယ်သူ့ကို လာပြောနေတာလဲ၊ ဘယ်သူက ဟန်ဆောင်တာလဲ? ထွက်လာစမ်း လာပြီး အရိုက်ခံလိုက်!
လျို့ဟွားသည် တွေးတွေးဆဆဖြင့် မေးစေ့ကို ပွတ်သပ်လိုက်သည်။
"အစကတော့ ငါ မယုံဘူး၊ ဒါပေမယ့် အခုတော့ ငါ ယုံသွားပြီ"
ဒီဝံပုလွေပေါက်စက တော်တော်လေး ဉာဏ်နီဉာဏ်နက်များသားပဲ။
ထီကျစ် : "..."
သူ သရုပ်ဆောင်တာ အရှိန်လွန်သွားပြီလား? မဟုတ်လောက်ပါဘူး...
ရွယ်ယွိသည် ရုတ်ခြည်း လန်းဆန်းတက်ကြွသွားတော့သည်။
"အမှန်ပဲ အမေ၊ ဒီကောင်က အားယန်အရှေ့မှာဆို အသနားခံရအောင် ဘယ်လိုဟန်ဆောင်ရကောင်းမှန်း သိတယ်"
လျို့ဟွားသည် ဘာမပြောညာမပြောဖြင့် သူ့ခေါင်းကို ခေါက်ထည့်လေ၏။
"နင် ပြောနေပြန်ပြီ! နင့်ညီမသာ ထွက်လာလို့ ကြားသွားရင် နင့်ကို ပြဿနာရှာပြီပဲ!"
ရွယ်ယွိ : "..."
ကံဆိုးချက်ကွာ! သူ့ကို တစ်ယောက်ယောက် လာပြီး ကယ်တင်ပေးကြပါအုံး!
ထီကျစ်မှာ ဆက်ပြီး သရုပ်ဆောင်မဝံ့တော့ဘဲ လျို့ဟွား၏ခြေထောက်ကို နာခံစွာ ပွတ်သီးပွတ်သပ်လုပ်ကာ ညင်သာစွာဖြင့် အကြိမ်အနည်းငယ် အသံထွက်ပြလိုက်သည်။
