Chapter 16

2.4K 190 0
                                    

အပိုင်း (၁၆)

ရှန်နျန်တစ်ယောက် ထိုင်ခုံပေါ် မှီထာားရင်း သူ(မ)မိဘများကို မျက်နှာမော့ကာ ငေးကြည့်နေလိုက်သည်။

သူ(မ) ပြန်လည်မွေးဖွားပြီး ပြန်ရောက်လာခဲ့သည်မှာ ရက်အနည်းငယ်ရှိနေပြီပင်ဖြစ်သည်။ သူ(မ) လက်ရှိအခြေအနေတွေကို တဖြည်းဖြည်း နေသားကျလာပြီဖြစ်ပြီး အားယန်နှင့် ထပ်တွေ့ရဖို့ကို မျှော်လင့်နေမိသည်။

သူ(မ) စဉ်းစားနေသည့်အချိန် အားယန်ရဲ့ နူးနူးညံ့ညံ့အသံချိုချိုလေး ထွက်လာခဲ့သည်။

“နျန်နျန်!”

ရှန်နျန်မှာ အလန့်တကြားဖြစ်သွားပြီး မသိစိတ်အရ ဘေးပတ်လည်ကို ဝေ့ကြည့်မိသွားသည်။

ရှန်ရှုက သူ(မ)ခေါင်းလေးကို ပုတ်ပြီး သတိပေးလိုက်သည်။

“နျန်နျန် အားယန်က ဟိုမှာ”

ရှန်နျန် မတုံ့ပြန်ရသေးခင် ကလေးမလေးက သူ(မ)ဆီကို ပြေးဝင်လာနှင့်ပြီး ပျော်ရွှင်စွာ ခုန်ဆွခုန်ဆွဖြင့် လက်များကို ဝှေ့ယမ်းပြီး

“နျန်နျန် အားယန် ဒီမှာ!”

ရှန်နျန်ရဲ့မျက်ခုံးများက ပျော့ပျောင်းသွားပြီး

“အားယန် ဘယ်လိုလုပ်ပြီး ဒီကိုရောက်လာတာလဲ?”

သူ(မ)က ပြောနေရင်းဖြင့် ရွယ်ယန်ဘေးနားမှ ယဲအန့်နင်အား ရုတ်တရက် တွေ့လိုက်ရသည်။

ယဲအန့်နင်က သူ(မ)ကို တွေ့သည့်အချိန်တွင် နှုတ်ခမ်းထောင့်လှုပ်သွားပြီး ရှန်နျန်မှာ တဒင်္ဂ အံ့အားသင့်သွားရသည်။

ဒါ...ဒါတစ်ခုခုတော့ မှားနေသလိုပဲ!

အစ်မနှစ်ယောက်အကြား တုံ့ပြန်မှုကို သတိမထားမိဘဲ ရွယ်ယန်က ရှန်နျန်အား ပျော်ရွှင်စွာဖြင့်

“နျန်နျန် အားယန်က ဒီမှာ မေမေနဲ့အတူ ညစာလာစားတာ”

ရှန်နျန် အလိုအလျောက် တုံ့ပြန်လိုက်သော်လည်း သူ(မ)စိတ်များက ဖရိုဖရဲဖြစ်နေပြီဖြစ်သည်။

ဘာတွေဖြစ်နေတာလဲ? အရင်က ဒီလိုမဟုတ်ပါဘူး! အားယန်ရဲ့အမေက ဆုံးသွားပြီမဟုတ်ဘူးလား?

သူ(မ) အတွေးများနေသည့်အချိန် ယဲအန့်နင်က တည်ငြိမ်စွာဖြင့် :

“ဦးလေး ဒေါ်ဒေါ် အားယန်နဲ့ သမီး သမီးတို့မိဘတွေကို သွားပြန်ရှာရတော့မယ်၊ မဟုတ်ရင် သူတို့တွေ စိတ်ပူနေတော့မှာ”

လင်ရိဖုန်က ပြုံးပြီး

“ကောင်းပြီ အားယန် အိမ်ပြန်ရောက်တဲ့အခါကျ နျန်နျန်ကို ဖုန်းခေါ်လိုက်လို့ရတာပဲ”

ရွယ်ယန်က နာခံစွာ ခေါင်းညိတ်ပြီး

“အမ်း!”

ယဲအန့်နင် ရွယ်ယန်အား အဝေးခေါ်သွားနေသည်ကို ကြည့်ရင်း ရှန်နျန်မှာ လေးလေးနက်နက်မစဉ်းစားဘဲ မနေနိုင်တော့ချေ။

သူ(မ) ယဲအန့်နင်ရဲ့မျက်လုံးထဲမှ အကြည့်များကို ရှင်းရှင်းလင်းလင်း မြင်ခဲ့ရပြီး ထိုအကြည့်တို့က အေးစက်နေသည့်တိုင် သူ(မ)အား အဓိပ္ပာယ်ပါသော အကြည့်များဖြင့် တိုက်ရိုက်ကြည့်နေခဲ့ခြင်း။

မဟုတ်မှလွဲ သူ(မ)ရော.... ဒီမှာ ဘာတွေဖြစ်ကုန်တာလဲ?

လင်ရိဖုန် သူ(မ)သမီးလေးခေါင်းအား ပွတ်သပ်ပေးလိုက်ပြီး
“နျန်နျန် သမီး အားယန်ကို သတိရလို့လား?”

ရှန်နျန်က အသိပြန်ဝင်လာပြီး

“အွန်း သမီး ဘယ်အချိန်ကျမှ အားယန်ကို ပြန်တွေ့ရမလဲ မသိဘူး”

ရှန်ရှုမှာ အနည်းငယ် အပြစ်ရှိသလို ခံစားသွားရပြီး

“နျန်နျန် ဒါတွေအကုန်လုံးက သမီးအဖေ အရည်အချင်းမပြည့်ဝလို့”

ရှန်နျန်မှာ သူ(မ)အဖေရဲ့အတွေးများကို လိုက်မမီနိုင်ဖြစ်သွားကာ

“ဖေဖေ ဘာဖြစ်လို့လဲ?”

ရှန်းရှုက သက်ပြင်းချပြီး

“သမီးအဖေသာ အရည်အချင်းရှိရင် သမီး အားယန်ကို မကြာခဏ တွေ့ချင်တွေ့ရလောက်မှာ”

သူတို့မိသားစုနှင့် အားယန်မိသားစုအကြား ကွာဟချက်က မိုးနှင့်မြေလိုပင်။

ရှန်နျန်မှာ မနေနိုင်အောင် ရယ်မိသွားပြီး

“အဖေ ဒါက အဖေ့အမှားမဟုတ်ပါဘူး”

သူ(မ)အဖေ ထိုဆွေမျိုးတစ်အုပ်ကို ကိုင်တွယ်ဖြေရှင်းနေရတာနဲ့တင် ပြဿနာက လုံလောက်နေပြီဟု သူ(မ) အမြဲခံစားမိသည်။



ရွယ်ယန်တစ်ယောက် လူကြီးများနောက် တကောက်ကောက် လိုက်ပြီးနောက် ယဲအန့်နင်က ရွယ်ယွိနှင့် ရွယ်ကျစ်ထံ တိတ်တဆိတ် တိုးကပ်သွား၏။

သူ(မ)ချဉ်းကပ်လာသည်ကို မြင်သည်နှင့် တခြားသူများမှာလည်း တစ်ခုခုက မှားနေပြီဖြစ်ကြောင်းကို အာရုံရလိုက်သည်။

ချောင်းကျဲရဲ့မျက်လုံးများက တစ်ခုခုကို မျှော်လင့်သွားမိသည့်အလား ဖျတ်ခနဲဖြစ်သွား၏။

ယဲအန့်နင်က သူ့အကြည့်များကို သတိထားမိလိုက်ပြီး အသံတိုးတိုးဖြင့်

“ရှန်နျန်ကလည်း ငါတို့နဲ့တူတူပဲ ဖြစ်ဖို့များတယ်”

သူ(မ)ဆိုလိုချင်သည့် “တူတူပဲ” က ဘာမှန်း သူတို့အားလုံး နားလည်ကြသည်။ ယင်းမှာ တူညီတဲ့အတွေ့အကြုံနဲ့.... တူညီတဲ့ရည်ရွယ်ချက်...

ချောင်းကျဲက ဘာမှမပြောသော်လည်း သူ အသက်ရှူချောင်သွားသည်က အသိသာကြီးပင်။

ရွယ်ယန်က သူတို့အား တွေဝေစွာ ကြည့်လိုက်ပြီး

“ကျဲ ဘာတွေပြောနေကြတာလဲ?”

ယဲအန့်နင် နှုတ်ခမ်းကို ဖိလိုက်ပြီး

“အားယန် ရှန်နျန်ကို သဘောကျလား?”

ယဲအန့်နင်က ရှန်နျန်အကြောင်း ပြောနေသည်ကို နားလည်ဖို့အတွက် ရွယ်ယန်မှာ အချိန်တစ်ခဏ ယူလိုက်ရပြီးနောက် သူ(မ)က အပြုံးဖြင့်

“သဘောကျတယ်!”

ယဲအန့်နင် သူ(မ)အား ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး သူ(မ)ခေါင်းလေးအား ညင်သာစွာ ပွတ်ပေးလိုက်သည်။



လျို့ဟွား ကလေးများ ဧည့်ခန်းထဲတွင် ပျော်ရွှင်ဆူညံစွာ ကစားနေကြသည်ကို ကြည့်ပြီး သူ(မ) တစ်ခုခုကို မေ့နေသလို ခံစားလိုက်ရသည်။

သူ(မ) ခေါင်းကိုခါလိုက်ပြီး သူ(မ)အလုပ်ကို ပြန်သွားလုပ်ရန် ရည်ရွယ်လိုက်သော်လည်း ထိုအခိုက်အတန့်တွင် သူ(မ) ရုတ်ခြည်း အမှတ်ရလိုက်သည်။

သူ(မ)က ရွယ်ယွိနှင့် ရွယ်ကျစ်ကို ခေါ်လိုက်ပြီး

“ရှောင်ယွိ ရှောင်ကျစ် မင်းတို့ ဘယ်အချိန်မှ ကျောင်းပြန်သွားမှာလဲ?”

ရွယ်ယွိတစ်ယောက် ကြောင်အမ်းသွား၏။ သူက တိတ်တဆိတ် ရွယ်ကျစ်အား ကြည့်လိုက်သည်။ ဒါပေါ့... ရွယ်ကျစ်လည်း ကျောင်းအကြောင်းကို မေ့သွားတယ်လေ...

သူက သက်ပြင်းချကာ

“အမေ ကျွန်တော်တို့ မနက်ဖြန် ကျောင်းပြန်သွားမှာပါ”

ကြမ်းပြင်တွင် အရုပ်များနှင့် ကစားနေသည့် ကလေးမလေးမှာ သူတို့ကို ဗလာကျင်းစွာ စိုက်ကြည့်ပြီး နှုတ်ခမ်းဆူကာ

“မေမေ အားယန်လည်း ကျောင်းသွားချင်တယ်!” သူ(မ) ခုထိ ကျောင်းတစ်ခါမှ မရောက်ဖူးသေးဘူး!

လျို့ဟွားက မျက်မှောင်ကြုတ်ပြီး

“သမီးက ငယ်လွန်းသေးတယ် ဘာကို ကျောင်းတက်မှာလဲ? ရှောင်ကျဲက ကျောင်းတက်ရမယ့်အရွယ်ရောက်ပြီ”

ချောင်းကျဲတွင် ကန့်ကွက်စရာမရှိပြီး

“အဒေါ် ကျွန်တော် ရွယ်ယွိနဲ့ ရွယ်ကျစ်တို့ရဲ့ကျောင်းကို သွားလို့ရမလား?”

လျို့ဟွား ခေါင်းညိတ်ပြီး

“ငါ အစတုန်းက စာရွက်စာတမ်းအတွက် တစ်ယောက်ယောက်ကို လုပ်ခိုင်းထားတာ ဒီရက်တွေအတွင်းမှာ မေ့သွားတယ်... ဒီလိုဆို မနက်ဖြန် ငါ မင်းတို့သုံးယောက်ကို  ကျောင်းခေါ်သွားပေးမယ်”

ရွယ်ယွိက သူ့မျက်ခုံးများကို ဖိပြီး

“ကောင်းပါပြီ”

ရွယ်ယန်မှာ အလွန်ဝမ်းနည်းလာပြီး

“မေမေ အိမ်မှာ အားယန်နဲ့ကစားပေးမယ့်သူ မရှိတော့ဘူး”

အားမန်က အားနည်းစွာဖြင့်

“အားယန် ဒီမှာ အားမန်တစ်ယောက်လုံး ရှိပါသေးတယ်

ရွယ်ယန် : “...ဟန့်!”

ရွယ်ကျစ်မှာ မနေနိုင်အောင် ရယ်မိသွားပြီး

“အမေ အားယန်က ခုဆို မူကြိုတက်လို့ရနေပါပြီ”

အားယန် ကျောင်းသွားတက်တော့မည့်အကြောင်း တွေးလိုက်ရုံဖြင့် လျို့ဟွားရဲ့မသက်မသာဖြစ်မှုက ပိုပိုကြီးထွားလာ၏။ သူ(မ)က လက်ကိုခါပြပြီး

“ဒီကိစ္စကို နောက်မှပြောကြမယ်”

လျို့ဟွားရဲ့ပြဿနာကို လူတိုင်း သတိထားမိကြပြီး လောလောဆယ်တွင် ဤစကားဝိုင်းအား ဆက်ရန် တိုက်တွန်းမနေတော့ချေ။

-

ရှန်နျန်ရဲ့ဘက်မှာတော့....

သူ(မ)က ထိတ်လန့်သွားမှုကြောင့် အိမ်တွင် ရက်အနည်းငယ် အနားယူနေခဲ့သည်။ ကျောင်းသွားရမည့်အချိန်ရောက်တော့မှသာ သူ(မ) တစ်စုံတစ်ခုကို အမှတ်ရသွားသည်။

သူ(မ) ယဲအန့်နင်နှင့် အဆက်အသွယ် မရှိသော်ငြား ယဲအန့်နင်လည်း ပြန်လည်မွေးဖွားပြီး ရောက်လာကြောင်းကို သူ(မ)အနည်းနှင့်အများ နားလည်ထားသည်။

တခြားသူများအားလုံးလည်း အတူတူပဲ ဖြစ်နိုင်လောက်သည်။ မဟုတ်လျှင် လက်ရှိအခြေအနေများက ယခင်ဘဝနှင့် အများကြီးကွာခြားနေစရာအကြောင်း မရှိချေ။

တကယ်တမ်းသာ အမှန်ဖြစ်ခဲ့လျှင် လုယွင့်လင်လည်း ပြန်လည်မွေးဖွားလာနိုင်လောက်၏....

လုယွင့်လင်က ရှန်နျန်ရဲ့အတန်းဖော်ဖြစ်ပြီး သူ(မ)တို့က ဆက်ဆံရေးကောင်းမွန်ကြသည်။ အကယ်၍ သူ(မ)သာ ပြန်လည်မွေးဖွားလာခဲ့လျှင် သူ(မ) အတော်လေး ပျော်ရွှင်မိလိမ့်မည်ဟု ရှန်နျန် ခံစားရသည်။

သူ(မ)က မျက်နှာကို ပွတ်ကာ ကျောင်းသွားရန် ကားပေါ်တက်လိုက်သည်။

သူ(မ) ကျောင်းသို့ရောက်လာခဲ့သည့်အချိန်က အတန်းများပင် စနှင့်နေပြီဖြစ်သည်။ ရှန်နျန်က သူ(မ)မိဘများ အတန်းထဲသို့ လိုက်ပို့ပေးမည့် ကမ်းလှမ်းချက်ကို ငြင်းပယ်ပြီး ကျောပိုးလွယ်အိတ်တစ်လုံးဖြင့် ကျောင်းထဲသို့ လျှောက်ဝင်သွားလိုက်သည်။

“တင်ပြပါတယ်!”

စာသင်ခန်းတံခါးဝမှ ရုတ်တရက် အေးစက်သည့်တိုင် နူးညံ့သည့်အသံလေးတစ်ခု ထွက်လာသည့်အချိန်တွင် ဆရာမက စာသင်နေခြင်းဖြစ်သည်။

သူ(မ) သဘာဝအလျောက် လှမ်းကြည့်လိုက်ပြီး ထိုကောင်မလေးက ထူးခြားသည့်မျက်နှာသွင်ပြင်ရှိသော်လည်း အမူအရာတို့က တည်တံ့လို့နေ၏။

ဆရာမမှာ တစ်ခဏ ကြောင်အမ်သွားပြီးနောက်မှ လက်ကို ဝှေ့ကာ

“ရှန်နျန် ဝင်ခဲ့လေ”

ရှန်နျန် စာသင်ခန်းထဲသို့ ဝင်လာလိုက်ပြီး သူ(မ)ရဲ့ထိုင်ခုံဖော်ဖြစ်သည့် လုယွင့်လင်ကို တန်းပြီး သတိထားမိလိုက်သည်။

သူ(မ) လုယွင့်လင်ကို မျက်တောင်ခတ်ပြလိုက်သော်လည်း သတိထားမိသည့် တစ်ဖက်လူက သူ(မ)အား မရင်းနှီးသော မျက်ဝန်းများဖြင့် ကြည့်နေခဲ့သည်။

ရှန်နျန် အနည်းငယ် ပဟေဠိဖြစ်သွားရသည်။ လမ်းဆက်လျှောက်လိုက်ပြီး သူ(မ) ထိုင်ခုံသို့ ဝင်ထိုင်လိုက်သည့်အချိန် လုယွင့်လင်၏အေးစက်စက် နှာမှုတ်သံကို ကြားလိုက်ရသည်။

“….”

ရှန်နျန် သူ(မ)ရဲ့ဖတ်စာအုပ်ကို ထုတ်လိုက်ပြီး သင်ခန်းစာအား အာရုံစိုက် နားထောင်နေပုံ ပေါ်သော်လည်း သူ(မ)ရဲ့အကြည့်တို့က လုယွင့်လင်ထံတွင်သာ ဖြစ်သည်။

အကြည့်ခံနေရသည်ကို သတိမထားမိသည့် လုယွင့်လင်၏အမူအရာက သူ(မ)ပတ်ပတ်လည်တွင် မထီမဲ့မြင်သော လေထုဖြင့် အနည်းငယ် မော်ကြွားနေ၏။

ရှန်နျန် အဝေးကို ကြည့်လိုက်ပြီး မျက်ခုံးများကို တင်းကျပ်စွာ ကြုတ်ထားလိုက်သည်။

အနှီလုယွင့်လင်က ပြန်လည်မွေးဖွားလာခဲ့သည့် သူနှင့် လုံးလုံးမတူချေ။ သူ(မ)ရဲ့မူလသဘောထားတို့က သည်အသက်အရွယ်ကလေးတစ်ယောက်ထံတွင်ရှိသည့် - နားလည်ရခက်သော ဘဝင်လေဟပ်မှု၊ အေးစက်မှု၊ တစ်ကိုယ်ကောင်းဆန်မှုတို့နှင့် လိုက်ဖက်နေ၏။ ၎င်းတို့မှာ သူ(မ) ရွယ်ယန်နှင့် သိကျွမ်းပြီးနောက်တွင်မှ ဖြည်းဖြည်းချင်း တိုးတက်လာခြင်းဖြစ်သည်။

ရှန်နျန် သက်ပြင်းချလိုက်သည်။ သူ(မ) ယဲအန့်နင်နှင့် ကောင်းကောင်းစကားပြောကြည့်ရန် အခွင့်အရေးရှာဖို့ ဆုံးဖြတ်လိုက်သည်။

မဟုတ်လျှင် လက်ရှိအခြေအနေများကို ဘာမှသိမနေခြင်းက အမှန်တကယ်ကို အတော်လေး စိတ်အနှောင့်အယှက် ဖြစ်စရာကောင်း၏။


ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now