Chapter 47

1.4K 134 0
                                    

အပိုင်း (၄၇)

နှစ်မီတာကျယ်သော ကုတင်ကြီးပေါ်တွင် ဖက်ထုပ်လုံးလေးက အိပ်ရာအလယ်တွင် နှစ်ခြိုက်စွာ အိပ်မောကျနေ၏။

အိပ်ရာအောက်တွင်လည်း အရွယ်ရောက်လုနီးနီး ဝံပုလွေတစ်ကောင် အိပ်ပျော်နေ၏။

ထိုအချိန်၌ အိပ်ရာဘေး စားပွဲပေါ်ရှိ ပါးပါးဝက်ပုံစံ နှိုးစက်နာရီက ရုတ်တရက် ထမြည်လာသည်။

အိပ်ရာအောက်ရှိ ထီကျစ်က ရုတ်ခြည်း မျက်လုံးပွင့်လာပြီး ရက်စက်ကြမ်းကြုတ်သော အလင်းရောင်တစ်ခုက ဝံပုလွေ၏မျက်လုံးများထဲ ဖြတ်ပြေးသွား၏။

သို့သော် ကုတင်ထက်ရှိ အိပ်ပျော်နေဆဲဖြစ်သော ကလေးကို မြင်ကာမှ သူ့အကြည့်တို့က တစ်ဖန်ထပ်၍ ပျော့ပျောင်းသွား၏။

ထီကျစ်တစ်ယောက် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး သူ့လက်ကို မြှောက်ကာ ကျွမ်းကျင်စွာဖြင့် နှိုးစက်နာရီကို ပိတ်ပြီး ဆက်အိပ်ရန် လှဲလျောင်းလိုက်၏။

နောက်တစ်နာရီခန့် ကြာပြီးနောက် လူတိုင်း တစ်ယောက်ပြီးတစ်ယောက် အိပ်ရာထလာကြသည်။ ကိုယ်လက်ဆေးကြောပြီးသည်နှင့် လျို့ဟွားက ပျင်းတွဲစွာဖြင့် ရွယ်ယန်၏တံခါးကို ခေါက်လိုက်သည်။

စက္ကန့်အနည်းငယ် ကြာပြီးနောက် တံခါးကို အတွင်းထဲကနေ ဖွင့်လိုက်ပြီး ထီကျစ်က ပုံမှန်လုပ်နေကျအတိုင်း ဆက်လက်အနားယူရန်အတွက် ဧည့်ခန်းထဲသို့ တွားသွားလိုက်သည်။

လျို့ဟွားက တစ်ယောက်သော ကောင်မလေးအား နှိုးရန် အထဲသို့ ဝင်လျှောက်လာ၏။

“အားယန် ထတော့လေ”

ဖက်ထုပ်လုံးလေးက စောင်ကို လိမ့်ပတ်ပြီး ဗလုံးဗထွေး ရေရွတ်လာ၏။

“မား...”

လျို့ဟွားက သဘောတွေ့စွာဖြင့် ကလေးမလေး၏မျက်နှာကို ညှစ်လိုက်ပြီး

“အားယန်ပြောတော့ ဒီနေ့ ၆ နာရီကတည်းက ထမှာဆို၊ အခုတော့ ၇ နာရီတောင် ရှိနေပြီ”

ရွယ်ယန်တစ်ယောက် ပျင်းတွဲစွာ လူးလှိမ့်ကာ တစ်ခဏ ရပ်တန့်သွားပြီးနောက်မှ ရုတ်တရက် ကုန်းရုန်းထ‌လိုက်သည်။

“မေမေ့! အားယန်တို့ ဒီနေ့ ကစားကွင်း သွားကြမှာမလား!”

လျို့ဟွားတစ်ယောက် ကူကယ်ရာမဲ့စွာ သူ(မ)နဖူးကို ကိုင်လိုက်သည်။

“ဟုတ်တယ်လေ၊ အခု အိပ်ရာမထသေးတဲ့သူဆိုလို့ အားယန်ပဲ ရှိတော့တာ”

ရွယ်ယန် တွားသွားထလိုက်ပြီး ကြေကွဲစွာ တိုင်တန်းတော့သည်။

“မေမေ အားယန် မနေ့က နှိုးစက်ပေးထားခဲ့တဲ့ဟာကို”

လျို့ဟွားက ထေ့ငေါ့စွာ ဆိုလာ၏။

“ဟုတ်လား၊ သမီးရဲ့နှိုးစက်ကလေ အချိန်တိုင်း ထီကျစ်ကိုပဲ နှိုးပေးတာ သူကဖြင့် သမီးအတွက် နှိုးစက်ကိုတောင် ပြန်ပိတ်ပေးရသေးတယ်”

ရွယ်ယန်တစ်ယောက် မလုံမလဲဖြင့် အသံတစ်သံပင် မထွက်ရဲတော့ချေ။

လျို့ဟွား သူ(မ)ဆံပင်လေးကို ထိုးဖွလိုက်သည်။

“ဟုတ်ပြီ ဟုတ်ပြီ၊ မြန်မြန်လုပ် သွားတိုက်ပြီး မျက်နှာသစ်တော့၊ မေမေတို့ မနက်စာစားပြီးတာနဲ့ ထွက်မယ်”

ရွယ်ယန် ကုတင်ပေါ်မှ ခပ်သွက်သွက် ခုန်ဆင်းလိုက်၏။

“အို့ခေ!”

ဤသို့ထူးခြားသော နေ့လေးအား ကျင်းပရန်အတွက် လျို့ဟွားနှင့် လျို့မန်တို့ ကလေးမလေးဝတ်ဖို့ရာ ဒိုင်နိုဆောဝမ်းဆက်လေးကို အထူးတလည် စီစဉ်ထားကြ၏။

ရွယ်ယန်တစ်ယောက် အနည်းငယ် စိတ်ပျက်သွား၏။

“မေမေ သမီး ဒါကြီးကို မဝတ်ချင်ဘူးနော်”

လျို့ဟွားသည်တော့ တိုက်တိုက်တွန်းတွန်း ပြောလာ၏။

“ဒါလေးက အရမ်းချစ်ဖို့ကောင်းတဲ့ဟာ”

ကလေးမလေးက အင်္ကျီအနောက်ရှိ အမြီးကို ကိုင်ပြီး နှုတ်ခမ်းစူကာ ဆိုလာ၏။

“ဘာလို့ သူ့မှာ အမြီးအရှည်ကြီး ပါနေရတာလဲ၊ ပန်ဒါလေးတွေတုန်းကတောင် မရှိဘူး”

လျို့ဟွားက သူ(မ)ကို အဝတ်အစား ဝတ်ပေးလိုက်ပြီးနောက် အမြီးလေးကို ဆွဲပြကာ
“ကြည့်လေ ဒီလိုဆို မေမေက အားယန်ကို လမ်းလျှောက်ခေါ်သွားလို့ရပြီ”

ရွယ်ယန် : “...မေမေ မေမေက မေမေ့ဘာသာ ကစားချင်နေတာ မဟုတ်ဘူးလား” ဒါကြီးက ပါပီလေးနဲ့ လမ်းလျှောက်သလို ခံစားနေရတယ်

လျို့ဟွား သူ(မ)နှာခေါင်းကို တို့လိုက်ပြီး

“သွားစို့ အားယန်ကိုကိုတွေကို သွားပြရအောင်”

တွန့်ဆုတ်နေသော ကလေးမလေးကို သူ(မ)အမေက ဦးဆောင် ခေါ်သွားလေ၏။ ဧည့်ခန်းထဲရှိ ကော်ဇောပေါ်တွင် ထိုင်နေကြသော ကောင်‌လေးသုံးယောက်သားက အသံကြားသည်နှင့် တစ်ချိန်တည်းဆိုသလို လှည့်ကြည့်လာကြသည်။

သူတို့ နှုတ်ခမ်းစူနေသော ‘ဒိုင်နိုဆောပေါက်စလေး’ ကို တွေ့လိုက်ရသည့်အချိန် သုံးယောက်သား၏ မျက်လုံးများက ဝင်းလက်သွား၏။။

ရွယ်ကျစ်က ရွယ်ယန်အား နှစ်ကြိမ် ပတ်လည်ဝိုက်လိုက်ပြီး ခေါင်းထိပ်ရှိ ဂျိုသေးသေးလေးကို ကိုင်ကြည့်လိုက်သည်။

“အားယန်က သိပ်ချစ်ဖို့ကောင်းတာပဲ”

ကလေးမလေးက သူ(မ)အကို၏လက်ကို ပုတ်ထုတ်လိုက်သည်။

“ကိုကို၊ ကိုကို ဒီလိုမျိုးထပ်လုပ်ရင် အားယန် ကိုကိုနဲ့ မဆော့တော့ဘူး ဟွန့်!”

ရွယ်ယန်တစ်ယောက် ခေါင်းကို လှည့်ကာ ထီကျစ်ကို လှမ်းခေါ်လိုက်သည်။

“ထီကျစ်၊ အောက်မှာ ထမင်းသွားစားကြစို့!”

ထီကျစ်တစ်ယောက် ပျင်းတွဲစွာ ထလိုက်ပြီး ‘ဒိုင်နိုဆောပေါက်စလေး’ နောက်ကနေ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

ရွယ်ယွိသည်လည်း သူ့ဖုန်းကို ဘေးထားလိုက်ပြီး အနောက်ကနေ ကပ်လိုက်,လိုက်၏။ သူက ရွယ်ကျစ်ကို ဖြတ်သွားစဉ် သူ့ကို တစ်ချက် ကြည့်လိုက်ပြီး
“မင်းနဲ့ မကစားတော့ဘူး”

ချောင်းကျဲကလည်း တမင်တကာကို ရွယ်ကျစ်ကို ဖြတ်လျှောက်ပြီး

“မင်းနဲ့ မကစားတော့ဘူး”

ရွယ်ကျစ် : “...” အရူးတွေ!

လျို့ဟွားတစ်ယောက် နံရံကို မှီထားပြီး တစ်ခဏ ရယ်မိသွားရင်း ရွယ်ကျစ်အား ပခုံးပုတ်ပေးပြီးနောက် အောက်ထပ်သို့ ဆင်းသွားလိုက်သည်။

အောက်ထပ်တွင် ယဲအန့်နင်၊ ရှန်နျန်နှင့် ချီလင်းဟန်တို့က စောင့်နှင့်နေကြပြီပင်ဖြစ်သော်လည်း သူတို့ အကြာကြီး မစောင့်လိုက်ရခင် ရွယ်ယန်၏ နူးညံ့စွာ တတွတ်တွတ်ရေရွတ်နေသံကို ကြားလိုက်ရသည်။

ကလေးမလေးက ခြေလှမ်းအနည်းငယ် လှမ်းလာပြီး ကြမ်းပေါ်တွင် တရွတ်တိုက်လုနီးနီးဖြစ်နေသည့် သူ(မ)အမြီးကို စိတ်ဆိုးစွာဖြင့် ဆွဲထားလိုက်ပြီးနောက် အောက်ထပ်သို့ ဆက်ဆင်းလာ၏။

သူ(မ) အောက်ထပ်သို့ ရောက်သည်နှင့် ဧည့်ခန်းထဲတွင် ထိုင်နေသော သူ(မ)၏အစ်မဖြစ်သူကို တွေ့လိုက်ရပြီး ကလေးမလေးက တွေးတောနေခြင်းမရှိဘဲ အစ်မဖြစ်သူဆီ တန်းပြေးသွားလိုက်သည်။

“ကျယ်ကျဲ!”

ယဲအန့်နင်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ခင် သူ(မ)လက်မောင်းများမှာ ပြည့်နှက်သွားရ၏။ သူ(မ)က ခေါင်းကို ငုံ့ကာ သူ(မ)ရင်ခွင်ထဲရှိ ‘ဒိုင်နိုဆောပေါက်စလေး’ ကို ကြည့်လိုက်ပြီး အနည်းငယ် တွေဝေသွားရသည်။

“အား...ယန်?”

ဒိုင်နိုဆောပေါက်စလေးက သူ(မ)ကို မော့ကြည့်လာ၏။

“ကျယ်ကျဲ?”

ယဲအန့်နင်မှာ ငိုရမလား၊ ရယ်ရမလား မသိတော့ချေ။

“အားယန်၊ အားယန်ကို အန်တီက ဒီလိုမျိုး ဆင်ပေးလိုက်တာမလား”

ရွယ်ယန်မှာ ယခုလေးတင် အလိုမကျဖြစ်နေခဲ့ပြီး ချက်ချင်းဆိုသလို ရှက်ကိုးရှက်ကန်းဖြင့် သူ(မ)အစ်မကို မေးလိုက်၏။

“ကျယ်ကျဲ အားယန် ချစ်ဖို့ကောင်းလား”

ယဲအန့်နင်၏နှလုံးသားမှာ အရည်ပျော်သွားတော့သည်။

“ချစ်ဖို့ကောင်းတယ် ချစ်ဖို့ကောင်းတယ် အားယန်က ချစ်ဖို့ အကောင်းဆုံး”

ရှန်နျန်မှာလည်း မနေနိုင်စွာဖြင့် ရွယ်ယန်၏ခေါင်းထိပ်ရှိ ဂျိုချွန်ချွန်လေးကို ဆုပ်ကိုင်လိုက်သည်။

“ငါကတော့ ပန်ဒါလေးက ပိုချစ်ဖို့ကောင်းတယ်လို့ ထင်တာပဲ”

ယဲအန့်နင်က စုပ်တစ်ချက်သပ်ပြီး သူ(မ)ခေါင်းကို ခါလိုက်သည်။

“နင် ဘယ်လိုပြောလိုက်တာလဲ၊ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ရဲ့အားယန်လေးက ချစ်ဖို့အကောင်းဆုံးပဲဟာကို”

ရွယ်ယန်က တည်ကြည်လေးနက်စွာ ခေါင်းညိတ်လာ၏။

“ဟုတ်တယ် ဟုတ်တယ်”

လျို့ဟွားက အောက်ဆင်းလာပြီး သူတို့ကို ခေါ်လိုက်သည်။

“ကစားမနေနဲ့တော့၊ ဒီကိုလာပြီး မနက်စာလာစားကြ စားပြီးတာနဲ့ ထွက်ကြမယ်”

ရွယ်ယန် သူ(မ)ဝတ်စုံမှ ခေါင်းစွပ်ကို ကျောပေါ် ပြန်ချလိုက်ပြီး ဆံပင်များကို လက်ဖြင့် ဖြစ်သလို သပ်တင်လိုက်သည်။

ကလေးမလေးက သူ(မ)၏အစ်မများကို လက်ကဆွဲပြီး ထမင်းစားခန်းဆီ ပြေးသွားလိုက်သည်။

“မေမေ၊ အားယန်တို့ ကစားကွင်းရောက်ရင် ရေခဲမုန့်ဝယ်လို့ရလား”

လျို့ဟွားက ခေါင်းပင် ထောင်မကြည့်လာချေ။

“မရဘူး”

ရွယ်ယန်မှာ အနည်းငယ် စိတ်ပျက်သွား၏။

“ဘာလို့မရရတာလဲ”

လျို့ဟွား သူ(မ)နဖူးကို တောက်လိုက်ပြီး

“ရာသီဥတုကိုလည်း ကြည့်အုံးလေ၊ နောက်နှစ်ရက်ဆိုရင်ပဲ နှင်းကျတော့မှာ၊ သူများတွေ ရေနွေးဘူးတွေ ကိုင်နေတဲ့အချိန် အားယန်က ရေခဲမုန့် ကိုင်ချင်သေးတယ်ပေါ့လေ?”

ရွယ်ယန်က ယုံကြည်ချက်ရှိစွာ ဆိုလာ၏။

“မရဘူးလား”

လျို့မန်က အချိန်အတန်ကြာ ကြည့်နေပြီးနောက် တည်ငြိမ်စွာ ဝင်ပြောလာ၏။

“အားယန် ကလေးတွေ ဆောင်းတွင်းမှာ ရေခဲမုန့်စားရင် ဗိုက်နာတတ်တယ်နော်”

လျို့ဟွားကလည်း ထပ်ပေါင်းပြောလာ၏။

“ကစားကွင်းက ရဲဦးဦးတွေက ဆောင်းတွင်းမှာ ရေခဲမုန့်စားတဲ့သူတွေကို အဓိကထားပြီး ဖမ်းတာ ပြီးတော့ သူတို့က ဖမ်းပြီးသွားရင်လည်း ရိုက်တာနော်”

ကလေးမလေးက သံသယတို့ကို ထုတ်ပြလာ၏။

“ဒါဆို ရဲဦးဦးတွေက နွေရာသီကျရင် ဘာလုပ်ကြလဲ”

လျို့ဟွား : “...ဘာလို့ ဒီလောက်တောင် လိုက်မေးနေရတာလဲ ဟမ်”

ရွယ်ယန် : “...အို့” သူ(မ)အမေ ထပ်လိမ်နေတယ်ဆိုတာ သူ(မ) သိလိုက်ပြီလေ...

သူ(မ)အမေ၏ အလိမ်အညာများကို မြင်နိုင်သော်လည်း အနှီလိမ္မာရေးခြားရှိလှသော ကလေးလေးရွယ်ယန်က သူ(မ)ကို ထုတ်ဖော်မနေပါချေ။ ထီကျစ်အား လင်ရိဖုန်ထံ အပ်ထားခဲ့ပြီးနောက် လူအုပ်ကြီးကာ ထွက်ခွာဖို့ အဆင်သင့်ဖြစ်နေကြပြီပင်။

ထိုအကြောင်း ပြောရလျှင် ရွယ်ယန်သည် အစက ထီကျစ်ကိုပါ သူ(မ)နှင့် အတူကစားရန် ခေါ်သွားဖို့ အော်ဟစ်သောင်းကျန်းခဲ့သော်လည်း လျို့ဟွားက ထီကျစ်ကို တစ်စုံတစ်ယောက်မှ ဖမ်းခေါ်သွားလိမ့်မည်ဟု ဆိုလာသောကြောင့် ကလေးမလေးခမျာ ထိုအကြံဉာဏ်ကို ချက်ချင်းလက်လွှတ်လိုက်ရတော့သည်။

ကံကောင်းထောက်မစွာ ထီကျစ်သည်လည်း နားလည်သိတတ်ကာ အိမ်နီးချင်းမိသားစုထံ အပ်ခံထားရပြီးချိန်တွင်တောင် အလွန် လိမ္မာနေသေး၏။

လင်ရိဖုန်နှင့် အခြားသူများက ထီကျစ်ကို မကြာခဏ အစာကျွေးတတ်ကြသောကြောင့် သူတို့ သူ့အား မကြောက်နေကြချေ။

လူ အတော်များသည်ကြောင့်လည်း ရွယ်ကျင်းဟုန်က သူတို့အား ကစားကွင်းသို့ လိုက်ပို့ပေးရန် သူ့ကိုယ်ပိုင်ဒရိုင်ဘာကိုပင် စေလွှတ်ထားပေး၏။

ရွယ်ယန်တစ်ယောက် ကားပေါ်မှ ဆင်းသည်နှင့် ခမ်းနားကြီးကျယ်သော ကစားကွင်းအဝင်ကို တွေ့လိုက်ရပြီး ကလေးမလေးမှာ မှင်သက်သွားရတော့သည်။

လျို့ဟွားက ရွယ်ယန်၏အင်္ကျီမှ အမြီးအား ဆွဲလိုက်ကာ သူ(မ)အား တစ်ဖန် ကောက်ချီလိုက်ပြီး အခြားသောကလေးများကို မှာကြားလိုက်သည်။

“မင်းတို့တွေ ဂရုတစိုက်နဲ့ ငါ့နောက် လိုက်ခဲ့”

ကောင်လေးအချို့က အပြန်အလှန်နားလည်မှုတို့ဖြင့် အလယ်နေရာကို ယဲအန့်နင်နှင့် ရှန်နျန်အတွက် ထားပေးလိုက်ပြီး အနောက်သို့ လျှောက်သွားလိုက်သည်။

ရွယ်ယွိက တည်ငြိမ်စွာ ဆိုလာ၏။

“အမေ၊ အမေ ရှေ့က သွားပါ ကျွန်တော်တို့က နောက်ကနေ ကြည့်နေပါ့မယ်”

လျို့ဟွားမှာ စိတ်သက်သာရာရသွား၏။

“ဆိုတော့ ငါတို့တွေ ဘယ်ဟာကို အရင်ဆော့ကြမလဲ”

ယဲအန့်နင်က ဘယ်နေကမှန်းမသိ ရလာသည့် မြေပုံကို ကိုင်ကာ အချိန်အတော်ကြာ ကြည့်နေပြီးမှ

“ချားရဟတ်ဆိုရင်ရော၊ အားယန် ကြိုက်မယ်ထင်တာပဲ”
(ချားရဟတ် : merry-go-round)

ရှန်နျန်တစ်ယောက် အံ့အားသင့်နေတော့သည်။

“နင် မြေပုံကို ဘယ်က ရလာတာလဲ”

လျို့ဟွားမှာလည်း လုံးလုံးလျားလျား ခေါင်းရှုပ်သွား၏။ သူ(မ)ကိုယ်၌တောင် မြေပုံအား ကြိုတင်စစ်ဆေးရမည်ကို မတွေးမိခဲ့ချေ။

ယဲအန့်နင်က သူတို့စဝင်လာသည့် နေရာကို လက်ညှိုးထိုးပြလာပြီး

“ရဲဦးလေးကြီးကို မေးလိုက်တာ”

ရွယ်ယန်မှာ သူ(မ)ဘာသာ လမ်းလျှောက်ရန်အတွက် အောက်ဆင်းရန် ရုန်းကန်နေရ၏။ သူ(မ)က ယဲအန့်နင်၏အင်္ကျီကို လှမ်းဆွဲလိုက်သည်။

“ကျယ်ကျဲ ခုနက ရဲဦးဦးကို ကလေးတွေကို ဖမ်းလားလို့ မေးခဲ့သေးလား”

ယဲအန့်နင်က အလေးအနက် ဆိုလာ၏။

“မေးခဲ့တယ်၊ သူပြောတာ ဆောင်းရာသီမှာ ရေခဲမုန့်စားတဲ့ ကလေးတွေကို တကယ်ပဲ ဖမ်းတာတဲ့”


ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးDonde viven las historias. Descúbrelo ahora