အပိုင်း (၈၄)
“မေမေစိတ်ပုတ်!”
ကလေးမလေးသည် မကျေမချမ်းဖြစ်လာတော့သည်။
“ကလေးစုတ်လေး!”
လျို့ဟွားသည်လည်း ကလေးမလေးအား တစ်ခွန်းမကျန် ခွန်းတုံ့ပြန်ကာ ရန်ပြန်စ၏။
“မေမေစုတ်!”
“ကလေးစုတ်!”
“စည်ကားလိုက်တဲ့မြင်ကွင်းပါလား၊ ဘာတွေလုပ်နေကြတာလဲ”
ရွှီယိသည် ပစ္စည်းအများအပြားကို ဆွဲကာ လမ်းလျှောက်ဝင်လာ၏။
လျို့ဟွားတစ်ယောက် ကြောင်အမ်းသွားရတော့သည်။
“ရှင်က ဒီကို ဘာလာလုပ်ရပြန်ပြီလဲ”
“မင်း ကိုယ့်ကို တွေ့နေရတာ သဘောမကျလို့လား”
ရွယ်ယန်က သူ(မ)အမေအနောက်မှနေ ခေါင်းလေးထုတ်ကြည့်လာ၏။
“ဦးဦး၊ မေမေက ဦးဦးပြီးခဲ့တဲ့ အခေါက်ကပေးတဲ့ ဆွဲကြိုးကို တိတ်တိတ်လေး ဝှက်ထားတာ အားယန် တိတ်တိတ်လေးမြင်လိုက်တယ်”
လျို့ဟွာ : “..."
နင်တော့ သွားပြီပဲ ကလေးစုတ်လေး!
ကလေးရဲ့ ပြီးပြည့်စုံတဲ့ အကူအညီက ကျောက်တူကြီးပဲ!
ရွှီယိ၏ကြုတ်ထားသော မျက်မှောင်သည် ရုတ်ခြည်း အပြုံးအသွင် ကူးပြောင်းသွားပြီး နှုတ်ခမ်းမှာ မကွေးညွှတ်ဘဲ မနေနိုင်တော့အောင်ပင်။
“အဲ့ဒီလိုလား”
လျို့ဟွားတစ်ယောက် လက်ဆစ်များကို ချိုးလိုက်သည်။
“ဒီကလေးစုတ်လေးကတော့ တော်တော်ထိန်းမနိုင်ဖြစ်နေပြီပဲ တစ်ခါတည်း လွှင့်ပစ်ပေးရတာပေါ့”
ရွယ်ယန်၏စူးရှသော နားသည် တိကျသော စကားလုံးတစ်ချို့ကို အမိဖမ်းနိုင်လိုက်ပြီး လျို့ဟွား၏ပေါင်ပေါ်မှ အမြန်လျှောဆင်းကာ ဘဝအတွက် ပြေးလွှားနေရသကဲ့သို့ ယဲအန့်နင်ဆီ အပြေးသွားလိုက်သည်။
“ကျယ်ကျဲ! ကျယ်ကျဲရေ! ကယ်ပါအုံး! မေမေက အားယန်ကို လွှင့်ပစ်ချင်နေတယ်!”
ယဲအန့်နင်၏မျက်လုံးများမှာ နီရဲနေခဲ့သော်လည်း သူ(မ)မှာ မနေနနိုင်စွာ ဖွဖွလေး ပြုံးမိသွားသည်။
“ဒီကိုလာ အားယန်၊ ကျယ်ကျဲ ဖက်ထားပေးမယ်”
လျို့ဟွား အေးစက်စွာ နှာမှုတ်လိုက်သည်။
“ကြွက်စုတ်လေး အပြေးမြန်သွားတယ်မှတ်!”
ရွှီယိသည် ပြုံးကာ သယ်လာသည့် ပစ္စည်းများကို ချလိုက်သည်။
“မင်းပြောတာ ဒီရက်ပိုင်း ဆေးဝါးတွေစမ်းသပ်ရင်း အလုပ်များနေတယ်ဆို၊ ကိုယ် ကူပေးမယ်လေ”
လျို့ဟွားက ငြင်းပယ်လိုက်သည်။
“မလိုဘူး အားမန် ကူညီလိမ့်မယ်”
လျို့မန်တစ်ယောက် ခြေလှမ်းစိပ်စိပ်လျှောက်လာပြီး
“မဒမ်၊ အားယန် ခုလေးတင်ပြောတာ သူ ကိတ်မုန့်သေးသေးတွေ စားချင်လို့တဲ့၊ ဒါကြောင့်မလို့ ကျွန်မ မဒမ်ကို အခုတော့ ကူညီပေးလို့ရမှာမဟုတ်ဘူး၊ မစ်စတာရွှီကိုပဲ ကူညီခိုင်းလိုက်ပါလား”
လျို့ဟွား : “..."
ကောင်းပြီလေ ကလေးစုတ်လေး ရှင်လေးရဲ့ချောကလက်တွေ မရတော့ဘူးပဲ!
သူ(မ)၏ မကျေမချမ်းခံစားချက်တို့က နက်ရှိုင်းလွန်းသွားဟန်တူပြီး ရွယ်ယန်တစ်ယောက် တစ်စုံတစ်ခုကို ခံစားလိုက်ရသည်။ သူ(မ)၏ရှင်သန်လိုစွမ်းက သူ(မ)အား အတင်းအကျပ် စကားပြောထွက်လာစေ၏။
“အားမန် လိမ်နေတာ၊ အားယန်က ဝက်ဝံကွတ်ကီးလေးတွေ စားချင်တယ်လို့ ပြောတဲ့ဟာ!”
လျို့မန် : “Pfft!”
ယဲအန့်နင်မှာ ရယ်ချင်စိတ်ကို အောင့်အီးထားသည့်တိုင် သူ(မ)၏ပခုံးသွယ်သွယ်လေးမှာတော့ အနည်းငယ် လှုပ်ခါနေ၏။
လျို့ဟွား : “..."
ဒီကလေးမက တကယ်ပဲ သူ(မ)ရဲ့သမီးအရင်းလား?
ရွှီယိမှာ နှုတ်ခမ်းကို စေ့ထားရင်း မရယ်မိအောင် ထိန်းချုပ်ထားပြီး လျို့ဟွား၏ပခုံးပေါ် လက်တင်ကာ သူ(မ)အား ညင်သာစွာ တွန်းလိုက်သည်။
“ဟုတ်ပြီ ဟုတ်ပြီ၊ အားယန်နဲ့ စကားမများတော့ရအောင်၊ လာ အလုပ်သွားလုပ်ကြမယ်!”
လျို့ဟွားသည် အနည်းငယ် ကသိကအောက်နိုင်စွာ သူ့လက်ကို ရိုက်ထုတ်လိုက်သည်။
ရွှီယိ ဘာမှပြန်မပြောရသေးခင် ချီလင်းဟန်နှင့် အခြားသူများက ထွက်သွားရန် ဟန်ပြင်နေကြပြီးပင်။
“ချီလင်းဟန် မင်း ဟိုတစ်ခေါက်ကပြောတဲ့ ဆော့ဖ်ဝဲလ်က ဘာပါလိမ့်”
“အာ? ငါ မင်းကို အခုပြမယ်လေ”
ချီလင်းဟန်သည်လည်း ချောမွေ့စွာ ပူးပေါင်းပါဝင်၏။
ယဲအန့်နင်က ရွယ်ယန်အား ကလေးတစ်ယောက်ကို ချော့သိပ်သကဲ့သို့ ပွေ့ဖက်ထားပြီး
“လိမ္မာတယ် အားယန်၊ တစ်ရေးအိပ်ဖို့အချိန်ရောက်ပြီ!”
ရှန်နျန်ကလည်း ကလေးမလေး၏နောက်ကျောကို ပုတ်ပေးလိုက်သည်။
“ဟုတ်တယ် ဟုတ်တယ်၊ တစ်ရေးအိပ်ရမယ့်အချိန်ပဲ”
ယခုလေးတင်မှ နိုးလာသော ရွယ်ယန် : “?"
ဘာတွေဖြစ်ကုန်ကြတာလဲ?
လျို့ဟွား : “..."
ဟုတ်ပြီလေ ကလေးစုတ်လေးတွေ ငါ ဒါကို မှတ်ထားလိုက်မယ်!
ရွှီယိတစ်ယောက် လျို့ဟွားအား အပေါ်ထပ်သို့ ခေါ်သွားသည်ကို မျက်လုံးထောင့်မှ လှမ်းမြင်လိုက်ရသည့်အခါတွင်မှ နောက်ဆုံးတွင် အနှီယုံကြည်ကိုးစားလို့မရသည့် လူတစ်စုသည် သက်မချနိုင်သွား၏။
သူတို့သည် အချင်းချင်းအကြည့်ချင်းဖလှယ်ကာ သူတို့တစ်ဦးစီ၏ ‘ထိပ်တန်း’ သရုပ်ဆောင်စွမ်းရည်ကို အသိအမှတ်ပြုပြုလိုက်ကြသည်။
ရွယ်ယန်သည် နာခံစွာဖြင့်ပင် ယဲအန့်နင် သူ(မ)မျက်လုံးများအား မှိတ်ထားသည်ကို ငြိမ်ခံနေလိုက်သည်။
“ကျယ်ကျဲ အားယန် အိပ်လို့မရဘူး”
ယဲအန့်နင်မှာ ရယ်ရင်းဖြင့် ကလေးမလေးကို လွှတ်ပေးလိုက်သည်။
“အားယန် အိပ်လို့မရဘူးဆိုမှတော့ ကျယ်ကျဲတို့ ဆော့ကြတာပေါ့!”
“ရေး!”
ယခုရက်များတွင် ယဲဝမ်၏ကိုယ်ဝန်သတင်းမှလွဲ၍ အခြား မည်သည့် ကြီးကြီးမားမားကိစ္စမှ မရှိလာခဲ့ချေ။ လူများ၏အာရုံကို ဆွဲဆောင်နိုင်နေသည့် တစ်ခုတည်းသောကိစ္စမှာ ကလေးများ၏ နောက်ဆုံးစာမေးပွဲဖြစ်သည်။
စာမေးပွဲဖြေစရာမလိုသည့် ရွယ်ယန်သည် ကျောင်းပိတ်ရက်ကို စောလျင်စွာ ရရှိထားပြီး စာကြည့်ခန်းထဲရှိ ဆိုဖာလေးပေါ်တွင် ခြေချိတ်ထိုင်ရင်း သရေစာမုန့်ထုပ်များကို ကိုင်ထား၏။
သူ(မ)က ခေါင်းလေးစောင်းကာ အစ်ကိုနှင့်အစ်မများ၏ ကြိုးကြိုးစားစား အိမ်စာလုပ်နေကြပုံကို ကြည့်ပြီး သူ(မ)ဘေးရှိ ထီကျစ်အား မနေနိုင်အောင် တီးတိုးမေးမိတော့သည်။
“ထီကျစ်၊ ကိုကိုနဲ့မမတို့က ဘာလို့ အခုကျ လုပ်စရာအိမ်စာတွေ အများကြီးရှိနေတာလဲ”
ထီကျစ်သည်လည်း ပဟေဠိဖြစ်ရသည်ပင်။
“ဝုတ်?” ငါလည်း မသိဘူးလေ!
ယခင်ဘဝတွင် ထီကျစ်သည် ရွယ်ယန်တစ်ယောက် အတန်းများကို ကျော်ပြီး သူ(မ)ရွယ်တူများကို ရက်စက်စွာ နင်းခြေခဲ့သည်ကိုသာ မြင်ဖူးသောကြောင့် သူသည်လည်း အလွန်ခေါင်းရှုပ်သွားရသည်။
ရွယ်ယွိက လက်ထဲမှ ဘောပင်ကို ချကာ သက်ပြင်းချလိုက်ပြီး ရွယ်ယန်ကို လှမ်းခေါ်လိုက်သည်။
ကလေးမလေးသည် သူ(မ)၏မုန့်ထုပ်လေးများကို ပိုက်ကာ သဘောထားကြီးလှစွာဖြင့် သူ(မ)အစ်ကိုရှေ့တွင် ပုံပေးလိုက်သည်။
“ကိုကို၊ မုန့်စားချင်လို့လား”
ရွယ်ယွိသည် ပြုံးကာ ခေါင်းခါလိုက်ပြီး လျို့ဟွား၏ စာအုပ်အထူကြီးအား တစ်နေရာရာကနေ ထုတ်လာကာ ရွယ်ယန်၏အရှေ့တွင် ချပေးလိုက်သည်။
“ကိုကို မုန့်မစားချင်ပါဘူး၊ အားယန် စာအုပ်ဖတ်ပြီး ကိုကိုတို့နဲ့အတူ အိမ်စာလုပ်ချင်လား”
ကလေးမလေး၏ငြင်းဆန်မှုသည် တုံ့ဆိုင်းမှုအလျဉ်းမရှိ၊ ခိုင်မာပြတ်သားလှသည်။
ယဲအန့်နင်သည် ရွယ်ယွီ၏လက်ထဲမှ စာအုပ်ကို ဆွဲယူလိုက်သည်။
“အားယန်က ငယ်သေးတဲ့ဟာ အခုမှ မူကြိုပဲရှိသေးတာ! နင် ရူးနေတာလား”
ရွယ်ယွိသည် ကျစ်တစ်ချက်သပ်ကာ ခေါင်းခါလိုက်သည်။
“မင်း နားမလည်ပါဘူး၊ အားယန်က ပုံမှန်ဆိုလည်း ဒီစာအုပ်တွေပဲ ဖတ်တာ”
ရွယ်ယန်သည် ပါးများကို စူဖောင်းကာ သူ(မ)မုန့်ထုပ်များကို စိတ်ဆိုးစွာ ပြန်ပိုက်ထားလိုက်သည်။
ကလေးမလေးထံမှနေ “အဆိုးဆုံး” ဆိုသည့်ဂုဏ်ပုဒ်ကို ရရှိလိုက်သည် ရွယ်ယွိသည် ကသိကအောက်နိုင်စွာဖြင့် လည်ချောင်းကို ရှင်းကာ နှာခေါင်းကို ပွတ်လိုက်သည်။
“အားယန် ကိုကိုပြောတာ နားထောင်ပါအုံး...”
ရွယ်ယန်သည် သူ(မ)၏မုန့်များကို ဆိုဖာပေါ် ပစ်တင်ပြီး နားရွက်များကို အုပ်ကာ စာကြည့်ခန်းထဲမှနေ ပြေးထွက်သွားတော့သည်။
“အကို မင်းတော့ သွားပြီပဲ၊ အမေတော့ နောက်ငါးစက္ကန့်အတွင်း စစ်ခင်းလာတော့မယ်”
ရွယ်ယွိ : “..."
သူက ဒီတိုင်း ကလေးကို စနောက်ကြည့်ရုံလေးတင်လေ!
“မင်းတို့အားလုံး ဘာလုပ်နေကြတာလဲ၊ ဘာလို့ အားယန်က ငါ့ကို လာတိုင်ရပြန်တာလဲ”
မျှော်လင့်ထားသည့်အတိုင်းပင် လျို့ဟွားသည် သိပ်မကြာလိုက်ခင် ကလေးမလေးကို ချီ၍ စာကြည့်ခန်းထဲသို့ ဝင်လာ၏။
ရွယ်ယန်သည် လက်သီးလေးကို တင်းတင်းဆုပ်ထား၏။
“မေမေ အားယန်က သူ့ရဲ့မုန့်လေးတွေကို ကိုကိုနဲ့ တူတူစားချင်လို့ဟာ ဒါပေမယ့် ကိုကိုက အားယန်ကိုပါ အိမ်စာအတူတူလုပ်ခိုင်းချင်နေတယ်!”
ဒါက လွန်သွားပြီလေ ဟုတ်တယ်မလား!၊ ဘယ်လိုလုပ် ဒီလိုလူမျိုး ရှိနေရတာလဲ!
လျို့ဟွားမှာ ကိစ္စကြီးကြီးမားမားဟု ထင်လိုက်သော်လည်း သေချာစဉ်းစားကြည့်သည့်အခါတွင် ရွယ်ယန် သူ(မ)ဆီသို့ လာတိုင်သည့်အခါတိုင်း အသေးအဖွဲကိစ္စတွေချည်းသာ ဖြစ်သည်။
သူ(မ)က ကလေးမလေး၏ပါးကို ညှစ်လိုက်သည်။
“အဟုတ်ပဲ! ဘာလို့ သမီးအစ်ကိုက ဒီလို ရက်စက်ရတာလဲ”
ရွယ်ယန်သည် ပြတ်သားစွာ သဘောတူလာ၏။
လျို့ဟွားသည် ကလေးမလေးကို အောက်သို့ချပေးကာ ခေါင်းနောက်လေးအား ပုတ်လိုက်သည်။
“ဆိုတော့ အားယန်၊ သမီး အခု စာသွားပြန်ဖတ်သင့်ပြီမလား!”
ကလေးမလေးသည် သဘောမပေါက်သေးချေ။
“ဟုတ်တယ် အမှန်ပဲ! ... အာ မဟုတ်ဘူးလေ!’
လျို့ဟွားတစ်ယောက် အူလှိုက်သည်းလှိုက်ရယ်မောတော့သည်။
“ဟုတ်ပါပြီ ဟုတ်ပါပြီ၊ အားယန်က ဆက်ပြီးကစားနေနော် ကိုကိုက သမီးကို စနေတာ”
ရွယ်ယွိသည် နောက်ထပ်စာအုပ်တစ်အုပ်ကို ဖွင့်လိုက်သည်။
“အမေ အလုပ်သွားပြန်လုပ်တော့လေ ဒီမှာ အားလုံး အဆင်ပြေပါတယ်”
“ဟုတ်ပြီ၊ အားယန် လိမ်လိမ်မာမာနေနော် သမီးကိုကိုနဲ့မမတို့ အိမ်စာလုပ်နေတာကို သွားမနှောင့်ယှက်ရဘူး”
ရွယ်ယန်သည် သူ(မ)၏မုန့်ပုံကြီးထဲသို့ ပြန်တက်သွား၏။
“ဟုတ်!”
ရွယ်ယွိသည် ဆိုဖာပေါ်တွင် လှဲနေသော ဖက်ထုပ်လေးကို ကြည့်ကာ မနေနိုင်အောင် ညစ်ကျယ်ကျယ်ဖြင့် သူ(မ)ထံ ခေါင်းအုံးသေးသေးလေးတစ်လုံးကို လှမ်းပစ်လိုက်သည်။
“အားယန်စုတ်လေး!”
ခေါင်းအုံးသည် ကလေးမလေး၏လက်ထဲ တည့်တည့်မတ်မတ် ရောက်သွားပြီး သူ(မ)မှာ တစ်ခဏ ကြောင်အမ်းနေရင်း ၎င်းကို ဆွဲယူကာ ပြန်ပစ်လိုက်သည်။
“ကိုကိုစုတ်!”
“အားယန်ငတုံးလေး!”
ရွယ်ယန်သည် သူ(မ)ကိုယ်ကို ကာကွယ်ရန် ခေါင်းအုံးကြီးတစ်လုံးကို သုံးကာ ထီကျစ်၏ အနောက်တွင် ဝင်ပုန်းလိုက်သည်။
“ကိုကိုအရူးကြီး!”
ယဲအန့်နင်မှာ ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါမိတော့ပြီး သူ(မ)၏ Grade-5 အိမ်စာကို ဆက်လုပ်နေလိုက်သည်။
ကလေးဆန်လိုက်တဲ့ နှစ်ယောက်။
