Chapter 76

882 74 0
                                    

အပိုင်း (၇၆)
 
ခရစ္စမတ်ပြီးသွားသည်နှင့် ဆောင်းရာသီအားလပ်ရက်ရှည်သည် ချဉ်းကပ်လာပြီဖြစ်ပြီး လျို့ဟွားတစ်ယောက် သိသိသာသာ ပျင်းရိလာတော့သည်။
 
လျို့မန်သည် အိမ်အလုပ်များကို အပြီးသတ်ပြီးနောက် ဆိုဖာပေါ်တွင် လဲလျောင်းနေသည့် လျို့ဟွားကို ဖြတ်သွားချိန်တွင် သူ(မ)မှာ မနေနိုင်စွာဖြင့် ပြုံးကာ ပြောမိလိုက်သည်။
 
“မဒမ်၊ သူများမိဘတွေဆို သူတို့ကလေးတွေရဲ့ နွေပိတ်ရက်နဲ့ ဆောင်းပိတ်ရက်တွေကျရင် စိတ်ရှုပ်နေကြတာ၊ မဒမ်ကတော့ တဖြည်းဖြည်း ပျင်းလာနေတယ်နော်”
 
 
“သူတို့ အားလပ်ရက်ရဖို့ကိုပဲ စောင့်နေရတာလေ၊ ဒါမှ ရှောင်ယွိနဲ့ တခြားသူတွေကို အခုချိန်ကစပြီး ထမင်းဟင်းချက်ခိုင်းလို့ရမှာ၊ ငါတို့တွေ နေ့တိုင်း နားနားနေနေ,နေလို့ရပြီ”
 
သူ(မ)က ရုတ်တရက် ကောက်ခါငင်ကာ ထထိုင်လိုက်ပြီး ပဟေဠိဆန်ဆန် ပြုံးလာ၏။
 
“အားမန်၊ နင် အခု နှစ်ဆယ်ကျော်နေပြီဆိုတော့ ကောင်လေးတစ်ယောက်ယောက်ရှာပြီး ချိန်းတွေ့ရတော့မယ့် အရွယ်ရောက်ပြီပဲ”
 
လျို့မန် ချောင်းဟန့်လိုက်သည်။
 
“မဒမ်၊ ဒီကိစ္စအတွက်က လောဖို့မလိုပါဘူး”
 
လျို့ဟွား သူ(မ)ကို စိုက်ကြည့်လိုက်သည်။
 
“ဘာကိုမလောရမှာလဲ၊ ငါ နင့်ကို ညီမလေးတစ်ယောက်လိုပဲ သဘောထားတာ၊ အချိန်ကျလာလို့ နင်လက်မထပ်နိုင်ခဲ့ရင် ငါ့ကို လာပြီးအပြစ်မတင်နဲ့နော်”
လျို့မန်မှာ မကြားချင်ယောင်ဆောင်ကာဖြင့် ထွက်သွားရန် ဟန်ပြင်လိုက်သည်။
 
သူ(မ)အတွက်တော့ လျို့ဟွားမှာ အသက်သခင်ကျေးဇူးရှင်နဲ့ မခြား။ သို့သော် သူ(မ)အနေဖြင့် ကလေးများကို ကြည့်ရှုစောင့်ရှောက်ပေးသည်မှလွဲ၍ လျို့ဟွားကို ဘာအကူညီမှမပေးနိုင်ခဲ့ချေ။
 
ချိန်းတွေ့ခြင်းကဲ့သို့သော ကိစ္စများအနေနှင့် သူ(မ) ချစ်မိသွားဖို့ကိုပင် တစ်ခါမှ မတွေးထားခဲ့ချေ။
ထိုစဉ်တွင်တော့ လျို့ဟွားတစ်ယောက် အနည်းငယ် ကူကယ်ရာမဲ့နေမိသည်။ ဘာလို့ လူတိုင်းက အတွေးကိုယ်စီရှိနေကြတာလဲ?
 
သူ(မ) ထိုအကြောင်း တွေးတောနေရင်းဖြင့် တံခါးခေါင်းလောင်း မြည်လာ၏။
 
လျို့မန်က ခပ်သွက်သွက် ပြေးထွက်သွားသည်။
“မဒမ်၊ ရွှီလူကြီးမင်း ထင်တယ်”
 
လျို့ဟွားမှာ ပိုလို့ပင် ကူကယ်ရာမဲ့သွားတော့သည်။ လူတိုင်းက ခရစ္စမတ်နေ့တွင်ကတည်းက ရွှီယိ၏ရာထူးကို မျက်စိမှိတ်ခေါင်းညိတ်ခဲ့ကြသည့်နှယ်။
 
ပြီးနောက် ရွှီယိကလည်း မကြာခဏဆိုသလို တံခါးမရှိ၊ တုတ်မရှိ စတင်ဝင်ထွက်သွားလာနေတော့သည်။
 
ရွှီယိက သူနှင့်အတူ ပစ္စည်းအပုံလိုက်ကို သယ်လာသဖြင့် လျို့ဟွားမှာ မနေနိုင်အောင် မျက်မှောင်ကြုတ်မိလိုက်သည်။
“ရှင် ကလေးတွေအတွက် ထပ်ပြီး အများကြီး ဝယ်လာပြန်ပြီလား”
 
 
“ဒါတွေ အကုန်လုံးတော့ မဟုတ်ပါဘူးကွာ၊ အများစုက မင်းအတွက်”
 
လျို့ဟွားတစ်ယောက် နောက်ဆုံးတွင် ထထိုင်လိုက်သည်။
 
“ရှင် ဘာတွေဝယ်လာတာလဲ”
 
ရွှီယိက အလွန်ခပ်လျှိုလျှိုဖြစ်နေသည့် စက္ကူအိတ်အမည်းရောင်ကို ထုတ်လာ၏။
 
“တခြား‌ဟာတွေကို မင်းနောက်မှ ဖွင့်ကြည့်ပေါ့... ကိုယ်ကတော့ မင်း ဒါလေးကို ပိုကြိုက်မယ်လို့ ထင်တယ်”
 
လျို့ဟွား သူ(မ)မေးကို ပွတ်သပ်လိုက်သည်။
“ကြည့်ရတာတော့ တော်တော်လေးဈေးကြီးတဲ့ပုံပဲ”
 
ရွှီယိတစ်ယောက် ကူကယ်ရာမဲ့စွာ ရယ်မိတော့သည်။
 
“မင်းအာရုံက အချိန်တိုင်း ထူးဆန်းမနေလို့ မရဘူးလား”
 
သူက စက္ကူအိတ်မည်းထဲကနေ ဘူးအမည်းတစ်ဘူးကို ထုတ်လာ၏။
“ဆွဲကြိုးလေးပါပဲ၊ ကိုယ် ပြီးခဲ့တဲ့နေ့က လေလံပွဲတစ်ခုကို တက်ဖြစ်ရင်းနဲ့ ဒါလေးကို တွေ့မိတော့ မင်း ကြိုက်လောက်မှာပဲဆိုပြီး တွေးလိုက်တာ”
 
သူ ဘူးကို ဖွင့်လိုက်သည့်အခိုက်တွင်တော့ လျို့ဟွား၏မျက်ဝန်းများထဲမှ သဘောကျမှုအား အမှန်တကယ်ကို မြင်လိုက်ရသည်။
 
“လှလိုက်တာ! ဒါပေမဲ့ ကျွန်မက ဒါမျိုးတွေမှ မဝတ်တတ်တာ”
 
လျို့ဟွားသည် သူ့ကို ချီးကျူးဖို့ကို တွန့်တိုမနေခဲ့ချေ။
 
ရွှီယိက ဘူးကို ပြန်ပိတ်ပြီး သူ(မ)လက်ထဲ ထည့်ပေးလိုက်သည်။
 
“မင်း ဒီလိုဟာတွေ ဝတ်ရတာမကြိုက်မှန်း ကိုယ်သိပြီးသားပါ၊ ဒီတိုင်း မင်းကြည့်လို့ရအောင် အထူးတလည် စုဆောင်းပေးတာ”
လျို့မန်တစ်ယောက် ဖြတ်‌သွားရင်းဖြင့် သူတို့စကားကို ကြားလိုက်ရချိန် မနေနိုင်အောင် ပြုံးမိသွားကာ အဝေးလျှောက်သွားလိုက်သည်။
 
ရွယ်ယွိသည် ယနေ့တွင် သူ့ညီလေးများနှင့်အတူ ညီမလေးကိုပါ ခေါ်၍ ပြန်လာ၏။ ကောင်လေးသုံးယောက်သည် ညီမဖြစ်သူ၏ ရေပက်မဝင်စကားများကို တစ်လမ်းလုံးနားထောင်ရင်းဖြင့် အိမ်သို့ လမ်းလျှောက်ပြန်လာကြသည်။
 
ရွယ်ကျစ်က ရွယ်ယန်၏ကျောပိုးလွယ်အိတ်လေးကို သယ်ထားပေးပြီး သူ(မ)ကတော့ လက်ထဲတွင် စုပ်လုံးတစ်လုံးဖြင့်။
 
“ကိုကို ဒီနေ့လေ ကျောင်းမှာ အတန်းဖော်တစ်ယောက်ကို သူများက အနိုင်ကျင့်လိုက်လို့”
 
ရုတ်တရက် အထိမ‌ခံသည့် ထိပ်တန်းစကားလုံးကို ကြားလိုက်ရ၍ ရွယ်ယွိမှာ ဖိစီးသွားရတော့သည်။
 
“ဘာဖြစ်သွားလဲ၊ အားယန် အနိုင်ကျင့်ခံရလား”
 
ကလေးမလေးက စုပ်လုံးကို လျက်ရင်း အလွန်ဂရုမစိုက်ဟန်ဖြင့်။
 
“အဲဒီ အတန်းဖော်က အားယန်နဲ့ တစ်ခြားကောင်မလေးတစ်ယောက်ကို နေ့လယ် တစ်ရေးအိပ်ချိန်ကျရင် သူ့ကို အမြဲနမ်းခိုင်းတာ၊ အားယန်က တိတ်‌တိတ်လေး ဆရာမကို သွားရှာလိုက်တော့ ဆရာမက အားယန်နဲ့ ညီမလေးကို ရုံးခန်းမှာ အိပ်ဖို့ခေါ်သွားပေးတယ်”
 
ရွယ်ယန်တက်‌နေသည့် မူကြိုရှိ ကလေးအများစုသည် လူကုံထံမိသားစု သို့မဟုတ် အာဏာရှိသည့်လူတန်းစားမှ ဖြစ်ကြ၍ သာမန်ဆရာတစ်ယောက်အနေနှင့် ကျောင်းသားများကို ထိန်းသိမ်းကြပ်မတ်ရန် မဝံ့ရဲသည်မှာ သဘာဝပင်။
 
ဆရာမအတွက် ကလေးမလေးကို ဤသို့ကာကွယ်ပေးသည်ကပင် ရှားရှားပါးပါးဖြစ်နေပြီပင်။
 
ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ချောင်းကျဲတို့၏ ခြေလှမ်းများသည် တစ်ချိန်တည်းဆိုသလို ရပ်တန့်သွားကြပြီး သူတို့မျက်နှာသည် အေးစက်လျက်ဖြင့် ရွယ်ယန်ကို မေးလိုက်သည်။
 
 
ရွယ်ယန် သူ(မ)အစ်ကိုများ၏ မျက်နှာကို ကြည့်လိုက်ပြီး အနည်းငယ် ခေါင်းရှုပ်သွားသည်။
 
ဘာလို့... ရုတ်တရက်ကြီး သူ(မ)အစ်ကိုတို့က လေးနက်သွားကြတာလဲ?
 
ရွယ်ယွိ၏အမူအရာသည် ပိုလို့ပင် အေးစက်လာ၏။
 
“အားယန် နောက်တစ်ခါ ဒီလိုမျိုးထပ်ဖြစ်လာရင် ကိုကိုတို့ကို ချက်ချင်းပြောရမယ် နားလည်ရဲ့လား”
 
ကလေးမလေးသည် နှုတ်ခမ်း‌ကို စေ့ထားလိုက်သည်။
 
“ကိုကို၊ အားယန် ဆရာမကို သွားရှာရမယ်ဆိုတာ သိတယ်လေ” မေမေ အားယန်ကို သင်ပေးထားတာ!
 
ချောင်းကျဲ ကလေးမလေးအရှေ့တွင် ဒူးထောက်ထိုင်လိုက်သည်။
 
“အားယန် တကယ်လို့ ဆရာမက မရှိနေရင်ရော၊ နောက်တစ်ခါဆို ဒီလိုမျိုးကိစ္စတွေကို ကိုကိုတို့ကို ပြောရမယ်နော်၊ လူကြီးတွေက ကူညီပေးနိုင်တယ်”
ရွယ်ကျစ်သည် ဤသို့ဤပုံစိတ်ရှည်တတ်သူ မဟုတ်သဖြင့် ရွယ်ယန်အား တစ်ခါတည်း ကောက်ချီကာ အိမ်ကို ဦးတည်ရင်း ဆိုလိုက်သည်။
“အခုမှ ကလေးကို သွားပြောနေတော့ရော ဘာအသုံးဝင်မှာလဲ၊ အမေနဲ့ အဖေကို သွားရှာရအောင်၊ မဟုတ်ရင် အားယန် ထပ်ပြီး အနိုင်ကျင့်ခံရအုံးမယ်”
 
သူ၏ ရုတ်တရက်အပြုအမူက ရွယ်ယန်၏ စုပ်လုံးအား အောက်သို့ ပြုတ်ကျသွားစေ၏။ သို့သော်ငြားလည်း ကလေးမလေခမျာ အစ်ကိုများထံမှ ထုတ်လွှတ်နေသော လေအေးများကြောင့် အားပျော့စွာဖြင့်သာ ပြောလိုက်ရသည်။
 
“ကိုကို အားယန်ရဲ့စုပ်လုံး...”
ရွယ်ယွိသည် ဒေါသထွက်စွာ ပြောလာ၏။
“အိမ်ပြန်ရောက်ရင် ပုံးလိုက်ပြန်ဝယ်ပေးမယ်၊ ဒါကို မေ့လိုက်တော့!”
 
ရွယ်ယန်မှာ မျက်တောင်လေးခတ်ကာ ရွယ်ကျစ်၏ပုခုံးပေါ် နာခံစွာဖြင့် မှီလိုက်သည်။
 
“ဟုတ်ကဲ့”
 
အိမ်၌ လျို့ဟွားသည် ရွှီယိနှင့်အတူ တီဗီကြည့်နေစဉ် ရုတ်တရက် တံခါးကို ကြမ်းကြမ်းတမ်းတမ်းတွန်းဖွင့်လိုက်သံက သူ(မ)ကို လန့်ဖျပ်ကာ ထခုန်လုမတတ်ဖြစ်သွားစေ၏။
 
သူ(မ)က လှမ်းကြည့်လာရင်း မျက်မှောင်ကြုတ်လိုက်သည်။
 
“ရှောင်ကျစ် ဘာဖြစ်လို့လဲ”
 
ရွယ်ယွိ၏အမူအရာသည် အေးစက်တည်တင်းနေ၏။
“အမေ၊ အားယန် မူကြိုမှာ အနိုင်ကျင့်ခံလာရလို့”
 
ထိုစကားလုံးများက လျို့ဟွားကို ကြောက်လန့်သွားစေပြီး ထိတ်ထိတ်ပျာပျာဖြစ်ကာ မျက်လုံးများမှာ နီရဲလာ၏။
 
“ဘာဖြစ်လာခဲ့တာလဲ”
 
ရွယ်ယန်က ခြေဖျားထောက်ကာ အမေဖြစ်သူကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး သူ(မ)အား နှစ်သိမ့်ပေးလိုက်သည်။
“မေမေ၊ အားယန် အနိုင်ကျင့်မခံရပါဘူး၊ အားယန် ဆရာမကို အကူအညီသွားတောင်းခဲ့ပါတယ်”
 
ရွှီယိမှာ ကောင်လေးများ၏ မျက်နှာထက်မှ အမူအရာများကို ကြည့်ပြီး အနှီကိစ္စများမှာ ဤမျှထိ မရိုးရှင်းကြောင်း သဘောပေါက်လိုက်သည်။ သူက မတ်တတ်ထရပ်ကာ မေးလိုက်သည်။
 
“အခြေအနေအသေးစိတ်က ဘာဖြစ်တာတဲ့လဲ”
 
ရွယ်ယွိသည် အသက်ပြင်းပြင်းရှူသွင်းလိုက်သည်။
“အားယန်ပြောတာ မူကြိုက ကောင်လေးတစ်ယောက်က သူ့ကို နမ်းခိုင်းတယ်တဲ့!”
 
မူကြိုအရွယ် ကလေးများက ငယ်ရွယ်ကြသေးသော်လည်း ငယ်ရွယ်နေသည်ကြောင့်ပင် ဤကိစ္စအား အလေးအနက် မှတ်ယူသင့်ခြင်းဖြစ်သည်။
 
အထူးသဖြင့် ရွယ်ယန်လေးသည် သူတို့အားလုံး၏ အချစ်ခံ၊ အလိုလိုက်ခံလေးဖြစ်သည်။
 
လျို့ဟွားတစ်ယောက် ဆန္ဒစောလွန်းနေသည်မှာ ပြေးထွက်သွားရန် ဟန်ပြင်လိုက်သည်အထိပင်။
 
“ဘယ်အကောင်စုတ်လေးက ငါ့သမီးကို အနိုင်ကျင့်ရဲတာလဲ၊ ငါ သူ့ကို အရေခွံမခွာတာကပဲ သူ တော်တော်ကံကောင်းနေပြီ”
 
ရွှီယိသည် သူ(မ)ကို ပြန်ထိန်းထား၏။
“ရှောင်ဟွာ၊ စိတ်လိုက်မာန်ပါတွေမလုပ်နဲ့!”
 
လျို့ဟွား သူ့လက်ကို ခါချကာ အော်ဟစ်လိုက်သည်။
 
“ကျွန်မသမီး အနိုင်ကျင့်ခံရတာလေ၊ ကျွန်မ ဘယ်လိုလုပ် စိတ်မပူဘဲနေမှာလဲ!”
 
ရွှီယိ သူ(မ)ကို တည်ငြိမ်စွာ ကြည့်လိုက်သည်။
 
“ဒါပေမဲ့ မင်း ပိုပြီးစိတ်ပူနေလေ ဘာလုပ်ရမှန်း စဉ်းစားလို့မရလေပဲ ဖြစ်လာမှာ၊ ကိုယ်တို့ အဲ့ဒီကောင်လေးက ဘယ်သူဘယ်ဝါလဲ သူ့မိသားစုအခြေအနေက ဘယ်လိုလဲဆိုတာ မသိသေးဘူးလေ”
လျို့ဟွား သူ့ကို ဗလာကျင်းစွာ စိုက်ကြည့်လိုက်ပြီး သူ(မ)မျက်လုံးများက မျက်ရည်များဖြင့် ဝေ့သီလာတော့သည်။
 
“ကျွန်မ တောင်းပန်ပါတယ်၊ ကျွန်မ...” သူ(မ)လည်း ဒီလိုစိတ်လွတ်သွားချင်ခဲ့တာ မဟုတ်ပါဘူး။
 
ရွှီယိ ညင်သာစွာ ပြုံးလိုက်သည်။
 
“မင်း ကိုယ့်ကို ဘယ်တော့မှ တောင်းပန်စရာမလိုဘူး”
 
အကယ်၍ ယခုအချိန်သည် အခြားသာမန်အချိန်များလိုဖြစ်ပါက ရွယ်ယွိနှင့် အခြားသူများသည် သူတို့၏ညီမလေးကို တိတ်တဆိတ်ခေါ်ကာ ရွှီယိနှင့် လျို့ဟွားတို့၏ဆက်ဆံရေးကို မွေးမြူနိုင်စေရန် နေရာအလုံအလောက်ပေးကာ ထွက်သွားပေးလိုက်မည်ဖြစ်သည်။
 
ဒါပေမဲ့ အခုအခြေအနေတွေက မတူဘူးလေ!
 
ရွယ်ယိမှာ သူ၏ဒေါသတို့ကို ချုပ်တည်းကာ အတတ်နိုင်ဆုံး တည်ငြိမ်သမျှတည်ငြိမ်အောင်ထားပြီး ပြောလိုက်သည်။
 
“အမေ ကျွန်တော်တော့ ကျွန်တော်တို့ ကောင်လေးရဲ့မိဘတွေကို အရင်ရှာပြီး သူတို့ရဲ့အရှက်ရစရာလေးကို သူတို့ဘာသာသူတို့ သင်ကြားပေးခိုင်းလိုက်တာက ကောင်းမယ်ထင်တယ်”
လျို့ဟွား သူ(မ)၏မျက်ခုံးများကို နှိပ်နယ်လိုက်ပြီး စိတ်အနည်းငယ် တည်ငြိမ်သွားရင်း ဆိုလိုက်သည်။
 
“အမေ အားယန်ရဲ့ဆရာမကို အခုဆက်သွယ်ပြီး သူ့ဆီကနေ အဲ့ဒီမိသားစုရဲ့ အချက်အလက်တွေကို တောင်းလိုက်မယ်”
 
ရွယ်ယန်မှာ ဟိုဘက်ကြည့်လိုက်၊ သည်ဘက်ကြည့်လိုက်နှင့် နောက်ဆုံးတွင်တော့ အကြီးကြီးတစ်ခုခု ဖြစ်သွားပြီကို သဘောပေါက်လိုက်သည်။
 

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးDove le storie prendono vita. Scoprilo ora