Chapter 32

1.8K 152 0
                                    

အပိုင်း (၃၂)

နှစ်ယောက်သား အိမ်ပြန်ရောက်လာသည့်အချိန်တွင် တံခါး‌ရှေ့တွင် ဆောင့်ကြောင့်ထိုင်နေကြသည့် ယဲအန့်နင်နှင့် အခြားသူများကို သူတို့ တွေ့လိုက်ရသည်။

ရွယ်ကျစ်ကတော့ အနည်းငယ် ဂုဏ်ဝင့်လို့နေပြီး ရှောင်ရွယ်ယန်ကလည်း ပျော်ရွှင်သွား၏။

"ကျဲကျယ်!"

ကလေးမလေးက ခုန်ပေါက်လာပြီး သူ(မ)ကိုယ်သူ(မ) ယဲအန့်နင်၏ရင်ခွင်ထဲ ပစ်ဝင်ချင်ခဲ့သည်။

ယဲအန့်နင်၏လက်ချောင်းသွယ်သွယ်များက ကလေးမလေး၏နဖူးကို ထောက်ပြီး

"ကောင်းကောင်းရပ်!"

ရွယ်ယန်က ကြေကွဲစွာဖြင့် လက်လေးများကို ခါလိုက်ပြီး

"ကျဲကျယ် ဖက်ချင်တယ်!"

ဒါက ဘယ်သူကများ ခံနိုင်ရည်ရှိပါလိမ့်မလဲ?

ယဲအန့်နင်က ကလေးမလေးကို ဖက်ရန် လက်လှမ်းလိုက်စဉ် ရွယ်ယွိက အချိန်ကိုက် သူ(မ)ကို ပြန်ဖမ်းဆွဲထားလိုက်ပြီး ရွယ်ယန်၏နဖူးကို ထိုးကာ
"ဘာလို့ ခိုးထွက်ပြီး ကစားရတာလဲ အားယန်"

ရွယ်ယွိ၏စကားကို ကြားပြီး ရွယ်ယန်မှာ လိပ်ပြာမလုံသလို ခံစားလိုက်ရသည်။ ကလေးမလေးက သူ(မ)လက်ချောင်းများကို ခေါင်းငုံ့ကြည့်ပြီး

"အားယန် ခိုးထွက်ပြီး ဆော့တာမဟုတ်ပါဘူး..."

ရွယ်ကျစ်တစ်ယောက် ရဲရင့်စွာ မတ်တတ်ထရပ်ပြီး

"အားယန်က ငါနဲ့အတူ ဓာတ်ပုံလိုက်ရိုက်တာ၊ ငါ့မှာ အီလက်ထရွန်နစ်ဓာတ်ပုံတွေတောင် ပါလာသေးတယ်၊ မင်းတို့ ကြည့်ကြအုံးမလား"

ရွယ်ယွိ : "....."

အခြားသူများ : "....."

ယဲအန့်နင်က တိတ်တဆိတ် မတ်တတ်ထရပ်လိုက်ပြီး လက်ဆစ်များကို ချိုးကာ
"အပိုစကားတွေ မပြောကြရအောင် တစ်ပွဲတစ်လမ်းနွှဲကြတာပေါ့"

ရွယ်ယန်တစ်ယောက် ထိတ်ပျာသွားပြီး

"ကျဲကျယ်! ရန်ဖြစ်တာ မကောင်းဘူးနော်!"

ယဲအန့်နင်က အလွန်ကို ကျိုးကြောင်းသင့်လှ၏။

"ဒါဆို အားယန်ကိုပဲ အစားရိုက်လိုက်ရင်ရော"

ရွယ်ယန် : "...."
အဟင့်!

နောက်ဆုံးတွင် အားလုံး စကားများကြပြီး ရွယ်ကျစ်ကို အပြင်တွင် ပိတ်ထားလိုက်သည်။

သူတို့က အီလက်ထရွန်နစ်ဓာတ်ပုံများကိုပါ ခိုးထားလိုက်ကြသည်။

ရွယ်ကျင်းဟုန် အိမ်သို့ပြန်ပြီး ပစ္စည်းများကို သွားထားချိန်တွင် ရွယ်ယန်၏မုန့်များကို လျို့ဟွားအိမ်သို့ ပို့ရန် ဟန်ပြင်လိုက်သည်။ သို့ရာတွင် သူ လျှောက်သွားလိုက်သည်နှင့် တံခါးနားတွင် တစ်ယောက်တည်း ဆောင့်ကြောင့်ထိုင်နေသည့် ရွယ်ကျစ်ကို တွေ့လိုက်ရသည်။

သူက လက်ထဲတွင် အိတ်တစ်လုံးဖြင့် လျှောက်သွားလိုက်ပြီး

"ရှောင်ကျစ် အပြင်မှာ ဘာထိုင်လုပ်နေတာလဲ?"

ရွယ်ကျစ်က နှာခေါင်းကို ထိလိုက်ပြီး

"အဖေ၊ ဘာမှမလုပ်ပါဘူး"

ရွယ်ကျင်းဟုန် တစ်ခုခုပြောရန် ဟန်ပြင်လိုက်သည့်အချိန် တံခါးက သေးသေးလေးဟလာပြီး ရွယ်ယန်က မျက်နှာသေးသေးလေးကို အက်ကြောင်းကြားထဲ တိုးဝင်လုနီးပါးဖြင့် အသံတိုးတိုးလေးဖြင့် တီးတိုးပြောလာ၏။

"ကိုကို မြန်မြန်ဝင်လာတော့"

ရွယ်ကျစ်မှာ ရယ်ချင်စိတ်မျိုသိပ်ရင်းဖြင့် ဆိုလိုက်သည်။

"အိုခေ"

ကလေးမလေးက ခေါင်းမော့ကြည့်လိုက်သည့်အချိန် အပြင်ဘက်တွင် သူ(မ)အဖေပါ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူ(မ)က နှစ်စက္ကန့်စာ တန့်သွားပြီးနောက် တံခါးကို ဖွင့်ပြီး သူ(မ)အဖေ၏ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။

"ဖေဖေ!"

ရွယ်ကျင်းဟုန်တစ်ယောက် အနည်းငယ် ခေါင်းရှုပ်သွားရင်းဖြင့်

"အားယန် ဘာဖြစ်လို့လဲ"

ရွယ်ကျစ်က ဦးအောင်ပြောပြလိုက်သည်။

"အဖေ ဘာမှမဟုတ်ပါဘူး ကျွန်တော်တို့နဲ့အတူ အထဲဝင်အုံးမလား"

ရွယ်ကျင်းဟုန်က ခေါင်းခါလိုက်ပြီး

"မဝင်တော့ပါဘူး ဒီမုန့်တွေက အားယန်ရဲ့ဟာတွေ မင်းတို့တွေ အမြန်ဝင်ကြတော့လေ"

ရွယ်ကျစ် ခေါင်းညိတ်လိုက်ပြီး သူ့ညီမလေးကို ဦးဆောင်ခေါ်သွားလိုက်သည်။ ရွယ်ယန်မှာ အနည်းငယ် နောင်တရနေသော်လည်း အဖေဖြစ်သူအား လက်ဝှေ့ယမ်းပြလိုက်သေး၏။

"တာ့တာ ဖေဖေ!"

ကလေးတွေ အိမ်ထဲဝင်သွားသည်ကို မြင်ကာမှ ရွယ်ကျင်းဟုန်တစ်ယောက် စိတ်ဖြောင့်ဖြောင့်နှင့် ထွက်လာခဲ့တော့သည်။

သူ အိမ်သို့ ပြန်ရောက်သည့်အချိန် ထမင်းစားခန်းထဲတွင် တစ်ယောက်တည်းထိုင်ရင်း ဟင်းရွက်ခြွေနေသည့် ယဲဝမ်ကို တွေ့လိုက်ရသည်။ သူက ထုံးစံအတိုင်း ကူညီပေးရန် သွားလိုက်ပြီး သာမန်ကာလျှံကာ ကွန်ပလိန်းတက်လိုက်သည်။

"အန့်နင် ဟိုဖက်အိမ်မှာသွားဆော့နေပြန်ပြီလား သူကတော့လေ တဖြည်းဖြည်းနဲ့ အိမ်မှာနေတဲ့အချိန်ကို မရှိတော့ဘူး"

သူ ပြောပြီးနောက် ယဲဝမ်၏ တုံ့ပြန်စကားသံကို အချိန်အတန်ကြာသည်အထိ ပြန်မကြားလိုက်ရချေ။ သူက အနည်းငယ် ခေါင်းရှုပ်သွားရင်းဖြင့် ယဲဝမ်ကို လှမ်းကြည့်လိုက်သည်။

"ဝမ်ဝမ်?"

ယဲဝမ်က ရပ်တန့်သွားပြီးနောက်မှ အသိပြန်ဝင်လာ၏။

"ဘာဖြစ်လို့လဲ"

ရွယ်ကျင်းဟုန် မျက်မှောင် ကြုတ်လိုက်ပြီး

"မင်း‌ဘာတွေ အတွေးများနေတာလဲ"

ယဲဝမ်က ရှုတည်တည်ပြုံးပြီး

"ရှင် အားယန်ကို မုန့်တွေ သွားပြန်ပေးတာ မဟုတ်ဘူးလား ဘယ်လိုလုပ်ပြီး ဒီလောက်မြန်မြန် ပြန်ရောက်လာတာလဲ"

ရွယ်ကျန်းဟုန်က အလေးအနက် ပြန်ရှင်းပြလိုက်၏။

"တံခါးနားမှာ ရှောင်ကျစ်နဲ့ဆုံလို့လေ သူ့ကိုပဲ အထဲကို ယူသွားခိုင်းလိုက်တယ်"

ယဲဝမ်က ခေါင်းငုံ့ရင်း အရွက်များကို ဆက်ခြွေနေပြီး

"ဘာလို ရှင်အထဲဝင်ပြီး ခဏတစ်ဖြုတ် မနေခဲ့တာလဲ"

ရွယ်ကျင်းဟုန် တစ်ခုခုကို သဘောပေါက်သွားပြီး သူ့လေသံက တည်ကြည်သွားခဲ့သည်။

"ဝမ်ဝမ် အဲ့ဒါ မင်း စိတ်ပူစရာမလိုပါဘူး"

နောက်ဆုံးတွင် ယဲဝမ် သူ့ကို ကြည့်လိုက်ပြီး

"ဒါဆို ကျွန်မတို့ စကားအရင်ပြောကြည့်ရအောင်လား"

ရွယ်ကျင်းဟုန်က တုံ့ဆိုင်းမနေဘဲ ပြတ်သားစွာ ခေါင်းညိတ်ပြီး သူ(မ)မေးလာမည့် မေးခွန်းများကို စောင့်ဆိုင်းနေခဲ့သည်။

...

လျို့ဟွား၏အိမ်တွင်။

ရွယ်ကျစ် ဝင်လာချိန် သူနှင့် ရွယ်ယန်၏ဓာတ်ပုံများကို ပရိုဂျက်တာဖြင့် ကြည့်နေကြသည့် အဖွဲ့လိုက်ကြီးကို တွေ့လိုက်ရသည်။ သူက သူ့ညီမလေး၏လက်ကို ဆွဲသွားပြီး အားလုံးနှင့်အတူ ထိုင်လိုက်သည်။

လူတိုင်းကာ ရွယ်ယန် မင်းသမီးဝတ်စုံဝတ်ထားသည့် ပုံများကို စွဲလမ်းနေကြပြီး ချစ်စဖွယ်ကလေးမလေးကို လွန်ကဲစွာ ဖော်လံဖားလုပ်နေကြသည်။

တစ်ခဏကြာပြီးနောက် မည်သူကမျှ ရွယ်ကျစ်ကို ပြဿနာမရှာကြတော့ချေ။

ဟုတ်ပါ၏။ မည်သူမျှလည်း သူ့ကို ဂရုစိုက်မနေကြချေ။

သို့နှင့် ရွယ်ယန်နှင့် ရွယ်ကျစ်တို့မှာ နွေး‌ထွေးစေရန်အတွက် ထောင့်နားလေးတွင် တစ်ယောက်နှင့်တစ်ယောက် တိတ်တဆိတ် ပွေ့ဖက်ထားတော့သည်။ 'အထီးကျန်မိဘ' ဖြစ်သူ အရေအတွက်မှာ တစ်ယောက်ကနေ နှစ်ယောက်ဖြစ်သွားခဲ့သည်။

လျို့ဟွားက စခရင်ပေါ်ရှိ ဓာတ်ပုံများကို ကြည့်ပြီးနောက် တွေဝေနေသည့် ကလေးမလေးကို ကြည့်ပြီး လှမ်းခေါ်လိုက်သည်။

"အားယန်"

ရွယ်ယန်က ခေါင်းရှုပ်စွာ မော့ကြည့်လိုက်ပြီး

"မေမေ?"

လျို့ဟွားက မေးပေါ် လက်တင်ပြီး သူ(မ)သမီးလေးကို ကြည့်ကာ

"အိမ်မှာကျ ဘာလို့ စကပ်မဝတ်တာလဲ အားယန်"

ထိုစကားလုံးများထွက်လာသည်နှင့် လူတိုင်း၏မျက်လုံးများက ရွယ်ယန်ဆီ ရောက်လာကြသည်။

ကလေးမလေးက အတန်ကြာ ရုန်းကန်နေရပြီးနောက်မှ နောက်ဆုံးတွင် ပြောလိုက်သည်။

"မေမေ စကပ်လေးတွေက လှမှမလှတာ"

လျို့ဟွားက အနည်းငယ် အံ့အားသင့်သွားပြီး

"ဘယ်သူပြောလဲ မေမေတို့အားယန်က စကပ်လေးနဲ့ဆို ချစ်ဖို့အကောင်းဆုံးပဲဟာ"

ချီလင်းဟန်ကလည်း ဂရုတစိုက် သေချာပြန်စဉ်းစားကြည့်လိုက်ပြီး ကလေးက စကပ်ဝတ်တာရှားသည်ကို သိလိုက်ရသည်။

ယဲအန့်နင်နှင့် ရှန်နျန်သည်လည်း သက်ပြင်းချလိုက်တော့သည်။ ရွယ်ယန်တွင် လူတွေကို မနာလိုဖြစ်စေလောက်သည့် တစ်မူထူးခြားသော ချစ်စဖွယ်ကောင်းသည့် မျက်နှာသေးသေးလေးရှိသော်လည်း သူ(မ)ကတော့ သတိထားမိဟန်မတူချေ။

ရွယ်ယန်က ပါးကို ဖောင်းလိုက်ပြီး

"မလှပါဘူးဆို!"

လျို့ဟွား : "..."
မဟုတ်မှလွဲ သူ့အဖေ၏ဆီက အမှိုက်အဆင့်အမြင်ကို အမွေရလိုက်တာများလား?

အခြားသူများက ထိုကိစ္စနှင့်ပတ်သက်ပြီး အများကြီး မသိချေ။ သူတို့က ကလေးမလေးသာ ၎င်းတို့ကို ဝတ်သည်အား သဘောမကျလျှင် အတင်းအကျပ်လုပ်မည်မဟုတ်ပေ။ မည်သို့ဆိုစေ သူ(မ)က မည်သည့်အဝတ်အစားပဲဝတ်ဝတ် ချစ်ဖို့ကောင်းနေပြီးသားပင်။

ယဲအန့်နင်က တစ်ခဏ စဉ်းစားပြီးနောက်

"အားယန် တစ်ရက်လောက် ကျဲကျယ်တို့တွေ ဓာတ်ပုံအတူတူ ရိုက်ရအောင်"

ရွယ်ယန်က ဆိုဖာပေါ်မှ လျှောဆင်းပြီး
ယဲအန့်နင် ပေါ် တက်ကာ

"အိုခေ အိုခေ! အားယန်တို့ အကုန် အတူတူသွားကြမလား"

ကလေးမလေးက လူတိုင်းကို မျှော်လင့်တကြီး ဝေ့ကြည့်လိုက်သည်။

သဘာဝအတိုင်း လူတိုင်ကလည်း လုပ်ချင်နေကြသည်ပင်။ လျို့ဟွားက တစ်ခဏ စဉ်းစားပြီးနောက်

"မင်းတို့ကလေးတွေကို ဓာတ်ပုံရိုက်ပေးဖို့ ငါ လူတချို့ကို လာဖို့ဖိတ်လိုက်ရင်ရော"

လျို့မန်ကလည်း သဘောတူစွာ ခေါင်းညိတ်ပြ၏။

"မဒမ် ကျွန်မလည်း ဒါက ကောင်းတယ်လို့ထင်တယ် မဟုတ်ရင် ဒီလောက် ကလေးတွေအများကြီး သူတို့ကို ခေါ်သွားပေးဖို့ လွယ်မှာမဟုတ်ဘူး"

လျို့ဟွားက စဉ်းစားပြီးသည်နှင့် တစ်ခါတည်း စိတ်ပိုင်းဖြတ်လိုက်တော့သည်။

သူ(မ) တစ်ခုခုကို ပြောရန် ဟန်ပြင်လိုက်စဉ် လျို့ဟွား၏အကြည့်က ရုတ်တရက် ယဲအန့်နင်ထံ ရောက်သွားပြီး သူ(မ)မှာ မနေနိုင်အောင် ပြောမိတော့သည်။

"အန့်နင် သမီး အန်တီတို့အိမ်ကို နေ့တိုင်းလာကစားနေတော့ သမီးအမေ စိတ်မခုဘူးလား"

ယဲအန့်နင်မှာ တန့်သွားပြီး ထိုကိစ္စနှင့် ပတ်သက်၍ သူ(မ)အရင်က အများကြီး မစဉ်းစားဖူးခဲ့ချေ။ ယခုတွင် လျို့ဟွားက သူ(မ)အား ဆိုင်းမဆင့်ဗုံမဆင့် သတိပေးလာ၍ သူ(မ)လည်း အနည်းငယ် နောင်တရမိသွား၏။

လျို့ဟွားက အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်သည်။

"အန့်နင် သမီး အားယန်ကို သဘောကျတာ အန်တီသိပါတယ် ဒါပေမယ့် သမီးအမေက သူ့တစ်ယောက်တည်း အိမ်မှာ အရမ်းအထီးကျန်နေရမှာလေ"

သူ(မ) ယဲဝမ်ကို ဒီနေရာထိလာပြီး ကစားခိုင်းလို့တော့ မဖြစ်ဘူးလေ၊ တစ်ခုခုက အနည်းငယ်တော့ ထူးဆန်းနေသလိုပဲ။

ကော်ဇောပေါ် ထိုင်နေသည့် ရွယ်ယန်က ခေါင်းရှုပ်စွာဖြင့် မျက်တောင်လေးခပ်ကာ

"မေမေ အားယန် ဖေဖေ့အိမ်သွားပြီး ကျဲကျယ်နဲ့ သွားဆော့ပေးလို့ရတယ်လေ"

လျို့ဟွား မျက်မှောင်ကြုတ်လိုက်သည်။

"ဒါဆို မေမေ့မှာကျ အဖော်လုပ်ပေးမယ့်သူ မရှိတော့ဘူးပေါ့"

လျို့မန်က တုံ့ဆိုင်းစွာဖြင့်

"မဒမ်..."
ကျွန်မက ပစ္စည်းများလား?

ချောင်းကျဲကလည်း အချိန်ကိုက် ဝင်ပြောလာ၏။

"အန်တီ၊ အန်တီနဲ့ အန်တီယဲတို့ အားယန်နဲ့တခြားသူတွေကို အပြင်ထွက်ဆော့ခိုင်းလို့ရတယ်လေ ဘေးက ပန်းခြံလေးကလည်း မဆိုးပါဘူး"

လျို့ဟွားက အနည်းငယ် ချီတုံချတုံဖြစ်နေမိသည်။

"ဘာမှလောစရာမလိုပါဘူး မင်းတို့ကလေးတွေ ကျောင်းသွားဖို့ ရှိသေးတယ်မလား ဘယ်ကနေဘယ်လိုလုပ်ပြီး ကစားဖို့အချိန်တွေ အများကြီး ထွက်လာတာလဲ"

ရွယ်ယွိက အနည်းငယ် ဒေါသထွက်သွားပြီး

"ပြောကာမှပဲ အားယန်က ငါတို့အိမ်စာလုပ်နေတဲ့အချိန်ကို ခိုးထွက်ပြီး ဆော့တာပဲ!"

ရွယ်ယန်တစ်ယောက် သူ(မ)ကိုယ်သူ(မ) နည်းလမ်းကျစွာ ရှင်းချက်ထုတ်၏။

"အားယန် ခိုးထွက်တာ မဟုတ်ဘူးဆို!"

လျို့ဟွားက သူ(မ)နဖူးလေးကို ထိုးပြီး

"အားယန်က လူညာလေး! ကလေးဆိုးလေး!"

ရွယ်ယန်က သနားချင့်စဖွယ်ကောင်းစွာ ပြောလာ၏။

"အားယန်က မဟုတ်ပါဘူး!"

လျို့ဟွားက ကလေးမလေးကို ထပ်၍ ဒေါသဆွရန် ဟန်ပြင်လိုက်ချိန် သူ(မ)ဘေးနားရှိ လျို့မန်က တည်တည်တံ့တံ့ သတိပေးလိုက်သည်။

"မဒမ် ဒီလိုဆက်လုပ်နေရင် အားယန်က ငိုတော့မယ်"

လျို့ဟွားက သူ(မ)စကားများကို ပြန်မျိုချလိုက်သော်လည်း မနေနိုင်အောင် နောက်ဆုံးတစ်ကြောင်းကို ပြောထွက်မိသွားပြန်၏။

"အားယန်က အငိုသန်ပေါက်စလေးပဲ"

ကလေးမလေးက ခါးထောက်ကာ ဒေါသတကြီး မတ်တတ်ရပ်ကာ သူ(မ)အမေကို တစ်ခဏ စိုက်ကြည့်ပြီးနောက် ပါးကိုစူကာ မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။

"အားယန် အခု မေမေ့ကို ဂရုစမစိုက်တော့ဘူး"

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးHikayelerin yaşadığı yer. Şimdi keşfedin