Chapter 27

1.3K 141 0
                                    

အပိုင်း (၂၇)

ရှန်နျန်ရဲ့မွေးနေ့က သိပ်မကြာလိုက်ခင်မှာပင် ရောက်လာခဲ့ပြီး လူတိုင်းက ထိုနေ့တွင် အလွန်ပျော်ရွှင်လို့နေ၏။ မည်သို့ဆိုစေ ယင်းကား အားလုံးအတွက် ပြန်လည်မွေးဖွားလာပြီးကတည်းက ပထမဦးဆုံးသော အခမ်းအနားပွဲကြီးဖြစ်သည်လည်း မဟုတ်ပါလား။

ရှန်နျန်မှာ မွေးနေ့ပွဲအား တခမ်းတနား မလုပ်ချင်ပဲ သူငယ်ချင်းကောင်းအချို့ကိုသာ သူ(မ)အိမ်တွင် ထမင်းစားဖိတ်လိုက်သည်။

လင်ရိဖုန်နှင့် ရှန်ရှုတို့ကလည်း သူတို့သမီးလေး၏မွေးနေ့ပွဲကို အကြောင်းပြု၍ အခွင့်အရေးတစ်ခုအနေဖြင့် လုပ်ငန်းရှင်ပါတနာများအား အလိုလိုက်အကြိုက်ဆောင်တာမျိုး မလုပ်ချင်ပေ။ သူတို့က သူတို့ကလေးကို ပျော်ရွှင်စေချင်ရုံလေးပင်။

ရှန်နျန်၏အိမ်တွင် ယဲအန့်နင်က ရွယ်ယန်နောက်သို့ လိုက်လာပြီး ကြမ်းခင်းပေါ်တွင် ခြေချိတ်ထိုင်လိုက်၏။ သူ(မ)က ရွယ်ယန်၏ အနည်းငယ် ကောက်ကွေးနေသည့်ဆံပင်တို့အား ဘေးသို့ ဖယ်ပေးပြီး ငြီးငွေ့စွာဖြင့်

"ငါတို့လူတွေချည်းပဲ မဟုတ်ဘူးလား? နင် ဘယ်သူ့ကို ဖိတ်ထားသေးလဲ?"

ရှန်နျန်က ပြုံးပြီး

"ငါ လုယွင့်လင်ကိုလည်း ဖိတ်ထားသေးတယ်"

ယဲအန့်နင်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သော်လည်း နောက်ဆုံးတွင် ဘာမှ ဝင်မပြောတော့ချေ။

ချီလင်းဟန်ကလည်း လုံးဝ အရေးမထားချေ။ တကယ်တွင် သူက လုယွင့်လင်နှင့် ရင်းတောင်မရင်းနှီးပေ။ အလွန်ဆုံးမှ သူ(မ)အား တစ်ခါသာ တွေ့ဖူးခြင်းဖြစ်သည်။

လုယွင့်လင်က သာမန်မိသားစုနောက်ခံမှ ဆင်းသက်လာခြင်းဖြစ်သော်လည်း အတိတ်တစ်ခါတုန်းက သူ(မ)၏အကြီးအကဲများက ချီလင်းဟန်၏ဘိုးဘေးများနှင့် အဆက်အဆံရှိခဲ့ဖူးခြင်းဖြစ်သည်။

ပြီးနောက် ချီမိသားစုက လုယွင့်လင်မိသားစုအပေါ် ကျေးဇူး‌ကြွေးရှိပြီး လုမိသားစုက ထိုကျေးဇူးကို ခေါင်းစဉ်တပ်၍ ချီမိသားစုအပေါ် တစ်ချိန်လုံး အကူအညီတောင်းခံနေခဲ့သည်။

ထိုအကြောင်းအား ပြန်တွေးမိပြီး ချီလင်းဟန်မှာလည်း အနည်းငယ် မျက်မှောင်ကြုတ်မိသွား၏။

သိပ်မကြာလိုက်ခင် တံခါးအပြင်ဘက်၌ ကားအင်ဂျင်သံ ထွက်လာ၏။ ရှန်နျန်က သူ(မ)အဝတ်အစားများကို သပ်ရပ်အောင်ပြင်လိုက်ပြီး လုယွင့်လင်အား ထွက်ကြိုရန် အသင့်ပြင်လိုက်၏။

ကလေးအစစ်အမှန်တစ်ယောက်ဖြစ်သည့် လုယွင့်လင်က ယခုအခိုက်အတန်၌ လွန်စွာ ပလွှားလျက်ရှိသည်။ ချီမိသားစု၏ အဆင့်မြင့်မြင့်‌နေထိုင်မှုကို တွေ့မြင်ပြီးနောက်တွင် သူ(မ)က အနှေးနှင့်အမြန်ဆိုသလို ချီမိသားစုထဲသို့ ဝင်ခွင့်ရလိမ့်မည်ဟု အမြဲ ခံစားခဲ့ရသည်။

သို့သော် သူ(မ)ကို ရှန်နျန်၏ဒါရိုက်ဘာ လာကြိုပြီး ရှန်နျန်၏အိမ်ကို ခေါ်လာချိန်မှာတော့ သူ(မ)မှာ အံ့အားသင့်သွားရသည်။

မည်သို့ဆိုစေ သူ(မ)မိသားစုအခြေအနေက အလွန်သာမန်သာဖြစ်သည်မဟုတ်ပါလား။ ရှန်နျန်မိသားစုက အတော်လေး ချမ်းသာလိမ့်မည်ဟု သူ(မ) မမျှော်လင့်ထားခဲ့ပေ။

သူ(မ)က နှုတ်ခမ်းကို ကိုက်လိုက်ပြီး ထူးဆန်းသော အလင်းရောင်တစ်ခုက မျက်လုံးများထဲ ဖြတ်ပြေးသွား၏။

ရှန်နျန်က အိမ်ထဲကနေ ထွက်လာပြီး လုယွင့်လင်ကို အပြုံးဖြင့် လက်ဝှေ့ယမ်းပြကာ

"ဒီဘက်မှာ!"

လုယွင့်လင်က ကားထဲမှ ထွက်ပြီး ရှန်နျန်ဆီသို့ လျှောက်သွားလိုက်သည်။ သူ(မ)က ရှန်နျန်မိသားစု၏ဗီလာကို တစ်ချက်လှမ်းကြည့်လိုက်ပြီး နှုတ်ခမ်းကို ကွေးညွတ်ကာ

"နင့်အိမ်က အဲ့လောက်လည်း မကောင်းပါဘူး"

ရှန်နျန်၏အမူအရာမှာ တစ်ခဏ တန့်သွားလိုက်သော်လည်း လုယွင့်လင်အား ဘာမှမဖြစ်ခဲ့သလို တည်ငြိမ်စွာ နှုတ်ဆက်လိုက်သည်။

"အထဲဝင်ကြရအောင်လေ၊ နင်တစ်ယောက်တည်းပဲ ကျန်တော့တာ"

ကလေးမလေးက ဧည့်ခန်းထဲရှိ ကြမ်းခင်းပေါ် ထိုင်နေဆဲဖြစ်ပြီး လင်ရိဖုန်က သူ(မ)အတွက် အထူးတလည် ယူလာပေးထားသည့် အရုပ်များကို ဆော့ကစားနေ၏။

ထီကျစ်ကလည်း အလွန် လိမ်လိမ်မာမာရှိနေပြီး သူ(မ)ဘေးနားတွင် လဲလျောင်းကာ ရံဖန်ရံခါ အရုပ်အပိုင်းစများကို ပါးစပ်ဖြင့် ကိုက်ကာ သူ(မ)ကို ယူပေးလေ၏။

ယဲအန့်နင်က ဘေးတွင် ထိုင်ကာ သူ(မ)၏မျက်နှာလေးကို ညှစ်လိုက်၊ ဆံပင်များကို ဖြီးသင်ပေးလိုက် လုပ်နေ၏။

ကလေးမလေးက အစ်မဖြစ်သူ စနောက်သမျှကို စိတ်ထဲမထားချေ။ တစ်ခါတစ်ရံ အရုပ်များ ဆက်ပြီးသွားသည့်အခါတွင် အစ်မဖြစ်သူထံ ပျော်ရွှင်စွာဖြင့် ကမ်းပေးလာတတ်ပြန်သည်။

ကောင်ကလေးများမှာ ဘာမှလုပ်စရာရှိမနေ၍လည်း ဆိုဖာပေါ်တွင် ထိုင်ကာ ရွယ်ယန် သူ(မ)အရုပ်များဖြင့် ကစားနေသည်ကို ထိုင်ကြည့်နေလိုက်ကြသည်။

ရှန်နျန်နှင့် လုယွင့်လင်တို့ တံခါးဝမှ လျှောက်ဝင်သည့်အချိန် ဤသို့သော နွေးထွေးပြီး ပျော်ရွှင်ဖွယ် မြင်ကွင်းလေးအား မြင်လိုက်ကြသည်။ ရှန်နျန်က သက်ပြင်းချရင်းဖြင့် လျှောက်သွားလိုက်ပြီး

"အားယန်တို့ကတော့ ငါမရှိရင်တောင် ကစားနေရရင် ပျော်နေတာပဲနော်"

ရွယ်ယန်က ခေါင်းရှုပ်စွာဖြင့် ဗလာကျင်းစွာ ငေးကြည့်ပြီးနောက် ရူးအစွာလေး တခစ်ခစ်ရယ်လေ၏။

သို့သော် လုယွင့်လင်၏မျက်လုံးများက ပထမဆုံးအကြည့်မှာတင် ချီလင်းဟန်ထံ ရောက်သွားပြီး သူ(မ)က ချီလင်းဟန်ထံ အပြေးသွားရင်း အံ့ဩဝမ်းသာစွာဖြင့် အော်ခေါ်လိုက်၏။

"ချီကောကော!"

ချီလင်းဟန်၏မျက်နှာက ချက်ချင်း မှောင်ကျသွား၏။

"ဟဲလို"

သူ သူ(မ)ကို လုံးဝ ဂရုစိုက်မနေချင်ပေ။

လုယွင့်လင် ထိုသို့အော်လိုက်သည့်အချိန်တွင် သူ(မ)က ရွယ်ယန်၏အာရုံကိုလည်း ဆွဲဆောင်နိုင်သွား၏။

ကလေးမလေးမှာ ဘာကြောင့်မှန်းမသိ၊ သူ(မ)ကို မြင်လိုက်သည်နှင့် ရုတ်တရက် မပျော်မရွှင် ဖြစ်လာရ၏။

ရွယ်ယန်မှာလည်း သူ(မ)ကိုယ်တိုင် ဘာဖြစ်လို့ဖြစ်မှန်း မသိချေ။ သူ(မ)မှာ ရုတ်တရက် မသက်မသာဖြစ်လာရပြီး ဘာလုပ်လို့လုပ်ရမှန်း မသိ ဖြစ်နေတော့သည်။ သူ(မ)က နှာခေါင်းရှုံ့လိုက်ပြီး စတင် အော်ငိုလိုက်တော့သည်။

သူ(မ)ဘေးနားရှိ ထီကျစ်ကလည်း မတ်တတ်ထရပ်လိုက်ပြီး လုယွင့်လင်ကို မြင်သည့်အချိန်တွင် သူ(မ)ကို အေးစက်သော အကြည့်တို့ဖြင့် စိုက်ကြည့်လိုက်၏။

သူ့မှာ တစ်ခါမှ အနှီခန္ဓာကိုယ်သေး‌သေးလေးအား ဤမျှထိ မမုန်းတီးဖူးခဲ့‌ချေ။ ဖြစ်နိုင်လျှင် လုယွင့်လင်အား အသေကိုက်သတ်ပစ်လိုက်ချင်၏။

မည်သို့ဆိုစေ... လုယွင့်လင်တစ်ဦးတည်းကသာ ယခင်ဘဝတွင် ရွယ်ယန်အား ထိုသို့ဖြစ်အောင် လုပ်ခဲ့သည့် တကယ့်လက်သည်အစစ်အမှန်ပင်။ ထို့ကြောင့်လည်း ထီကျစ်က ရွယ်ယွိတို့အဖွဲ့ကို အလွယ်တကူ လက်ခံပေးနိုင်ခြင်းဖြစ်ပြီး သူတို့က ရွယ်ယန်ကို အကြီးအကျယ်နာကျင်စေခဲ့သော်လည်း ပြဿနာအားလုံးကို လုယွင့်လင်က စခဲ့ခြင်းပေ...

ယဲအန့်နင်နှင့် ရှန်နျန်တို့က ရွယ်ယန်၏ စိတ်အခြေအနေကို ဦးစွာ သတိထားမိခဲ့ကြသူများဖြစ်သည်။ သူတို့က ကလေး မပျော်မရွှင်ဖြစ်သွားသည်ကို တွေ့လိုက်ကြပြီး သူတို့ ဘာဖြစ်သလဲကို မေးချိန်ပင် မရလိုက်ခင် ကလေးမလေး၏ ကျယ်လောင်စွာ ငိုယိုသံကို ကြားလိုက်ရသည်။

ရွယ်ယန်၏ငိုသံက လူအားလုံးကို ရုတ်ခြည်း ထိတ်ပျာသွားစေ၏။ ကလေးမလေးက နူးနူးညံ့ညံ့လေး ဖြစ်သော်လည်း သူ(မ) ဤသို့ ငိုသည်မှာ ရှား၏။

ချီလင်းယန်တစ်ယောက် သူ့အရှေ့မှ လုယွင့်လင်ကို ဖြတ်သွားပြီး ရွယ်ယန်ဆီသို့ ပြေးသွားကာ သူ(မ)ရဲ့ဆံပင်အား ညင်သာစွာ ပွတ်သပ်လိုက်ပြီး

"အားယန် ဘာဖြစ်လို့လဲ? မငိုပါနဲ့ မငိုနဲ့တော့"

ရွယ်ယွိနှင့် တခြားသူများမှာလည်း ကလေးအနား ဝိုင်းအုံလာကြပြီး သူတို့ အတန်ကြာ ချော့မော့နေသည့်တိုင် ကလေးက အငိုမတိတ်သေးချေ။

ယဲအန့်နင်မှာ အနည်းငယ် သောကများသွားရပြီးနောက်မှ

"အားယန် ဒီနေ့က နျန်နျန်ရဲ့မွေးနေ့လေ၊ အားယန် ငိုလို့မဖြစ်ဘူးလေ နော်"

ထိုစကားကို ကြားသည်နှင့် ရွယ်ယန်က အော်ငိုခြင်းရပ်သွားသော်လည်း မျက်ရည်များက အဆက်မပြတ် ကျနေဆဲဖြစ်ပြီး သူ(မ)လေးက တိုးဖျစွာ ရှိုက်ရင်းဖြင့်

"နျန်နျန်... အားယန် တောင်းပန်ပါတယ်လို့... ဝူး...."

ရှန်နျန်ရဲ့နှလုံးသားမှာ ပြင်းထန်စွာ နာကျင်လာရသည်။ သူ(မ)က ကလေးရဲ့မျက်ရည်များကို ညင်သာစွာ သုတ်ပေးပြီး နူးညံ့စွာ မေးလိုက်၏။

"ဘာဖြစ်လို့လဲ အားယန်? ဘာလို့ ရုတ်တရက်ကြီး ထငိုတာလဲ ဟမ်? တစ်နေရာရာက နေလို့မကောင်းလို့လား?"

ရွယ်ယန်က သူ(မ)၏မျက်ရည်များအား ဝမ်းနည်းစွာ သုတ်ပစ်ပြီး

"အားယန်လည်း မသိဘူး... အားယန် နေလို့မကောင်းဘူး..."

ချောင်းကျဲက ကလေးရဲ့နဖူးနှင့် လက်ကို စမ်းလိုက်ပြီးမှ

"အားယန်က ကျန်းမာပါတယ်"

သို့ရာတွင် ချီလင်းဟန်က ထီကျစ်၏အကြည့်တို့ကို သတိထားမိသွား၏။ သူက လုယွင့်လင်အား တွေးတွေး‌ဆဆဖြင့် ကြည့်ရင်း ကြောက်လန့်ဖွယ်ကောင်းသော အတွေးတစ်ခုက သူ့စိတ်ထဲ ရုတ်တရက် ဖျတ်ခနဲ ဝင်လာ၏။

သူက သူ့ကိုယ်သူ တည်ငြိမ်အောင် ထားပြီးမှ

"အရင်ဆုံး ရှန်နျန်ရဲ့မွေးနေ့ပွဲကို ကျင်းပရအောင်၊ လူကြီးတွေ အားယန်ရဲ့ငိုသံကို ကြားရင် ရောက်လာပြီး မေးမြန်ကြအုံးမယ်"

သို့သော် သူတို့မှာ ကလေးက ဘာကြောင့်ငိုရသလဲကို မသိကြချေ။ ချီလင်းဟန်မှာ ဘာဖြစ်သွားသလဲကို အကြမ်းဖျင်း ခန့်မှန်းထားသော်လည်း ယခုတွင် ထုတ်ပြောလို့မဖြစ်သေးချေ။

ထိုအချိန်တွင် ရွယ်ယန်က ထီကျစ်အား တင်းကျပ်စွာ ပွေ့ဖက်ထားနှင့်ပြီဖြစ်သည်။ ကလေးမလေးက ဝမ်းနည်းစွာဖြင့် ခေါင်းငုံ့ထားပြီး တိုးဖျစွာ

"တောင်းပန်ပါတယ်...."

သူတို့အားလုံးမှာ ရွယ်ယန်အတွက် သောကရောက်နေကြပြီး ကလေးကို ဘယ်လိုလုပ်ပြီး အပြစ်တင်ရက်ပါ့မလဲ..

တစ်ချိန်လုံး လျစ်လျူရှုခံထားရသည့် လုယွင့်လင်က ရွယ်ယန်အား မနာလိုစွာ မုန်းတီးစွာဖြင့် ကြည့်လိုက်သည်။

ဒီကလေးက ဘာများ ကောင်းနေလို့လဲ? ချီကောကောနဲ့ လူတိုင်းက သူ နည်းနည်းလေး ငိုပြလိုက်တာနဲ့ ဘာလို့ သည်းသည်းလှုပ်ဖြစ်ပြနေကြတာလဲ?

သူ(မ)မှာ ရွယ်ယန်က သူ(မ)ပိုင်ဆိုင်သည့် အာရုံများကို လုယူသွားသည်ဟု ခံစားနေရသည်။ ရွယ်ယန်က အလွန်ချစ်စဖွယ်ကောင်းနေခြင်းကြောင့်လည်း လုယွင့်လင်မှာ ရွယ်ယန့်ကို မြင်ကတည်းက မုန်းတီးမိတော့သည်။

သူ(မ)က လူတိုင်း ငြိမ်ကျသွားသည့်အချိန်တွင် ရည်ရွယ်ချက်ရှိရှိဖြင့် ထေ့ငေါ့လိုက်သည်။

"အငိုသန်လိုက်တာမှ စိတ်အနှောင့်အယှက်ဖြစ်ဖို့ကောင်းလိုက်တာ၊ နင်နဲ့ သူငယ်ချင်းဖြစ်ရတာ တော်တော်စိတ်ပျက်ဖို့ကောင်းတာပဲ"

သူ(မ) ပြောလို့မပြီးသေးခင် ချီလင်းဟန်၏ အကြည့်တို့ ရုတ်ခြည်း အေးစက်သွားပြီး

"ထွက်သွား!"

ရှန်နျန်၏အမူအရာတို့မှာလည်း ကြည့်ကောင်းမနေတော့ချေ။

"လုယွင့်လင် အားယန်က ကလေးပဲ ရှိသေးတာ"

ယဲအန့်နင်က အေးစက်စွာဖြင့်

"နင့်အမေက သူများအိမ်သွားတဲ့အခါ ဘယ်လိုယဉ်ကျေးရမလဲဆိုတာ မသွန်သင်ထားဘူးလား၊ အို့ တောင်းပန်ပါတယ် နင့်မှာ မရှိတာ မသိလိုက်ဘူး...."

စကားလုံးများက အတော်လေး ထေ့ငေါ့နေခြင်းပေ။ လုယွင့်လင်မှာ အစပိုင်းတွင် ဆိုလိုရင်းကို နားမလည်သော်လည်း လေသံကို ကြည့်ရုံဖြင့် ကောင်းသည့်စကားမဟုတ်လေမှန်း သူ(မ)သိ၏။

သူ(မ)က စိတ်ဆိုးစွာဖြင့် ရွယ်ယန့်ကို လက်ညှိုးထိုးကာ

"ဘာလို့ နင်တို့အကုန် သူ့ဘက်ပဲ ပါနေရတာလဲ?"

ကလေးက အကိုနှင့်အမများအနောက်တွင် ကာကွယ်ပေးခြင်း ခံထားရသော်လည်း လုယွင့်လင်၏စကားများကိုတော့ ကြားနေရဆဲပင်။

သူ(မ)က ထပ်ကျလာသည့် မျက်ရည်များကို သုတ်ပစ်ပြီး အသံတိုးတိုးဖြင့် ခုခံလာ၏။

"အားယန်က အငိုသန်မဟုတ်ဘူး၊ အားယန်က အရမ်း လိမ္မာတာ...."

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now