Chapter 25

2.1K 193 0
                                    

အပိုင်း (၂၅)


ရွယ်ယွိ တစ်ခဏ ကြည့်နေပြီးမှ ကလေးမလေးအတွက် အရုပ်အိမ်လေးကို ဆောက်ပေးနေရင်းဖြင့်

"ဒီလိုမျိုး အရုပ်ပိစိလေးတွေနဲ့ကစားရတာကို ဘာလို့ ဒီလောက်တောင် သဘောကျရတာလဲ အားယန်"

ရွယ်ယန်က ခေါင်းငုံ့ကာ ကားလေးတစ်စီးကို တစ်စစီဖြုတ်နေပြီး တတွတ်တွတ်တီးတိုးလာ၏။

"ဘာလို့လဲဆိုတော့... ကားလေးတွေနဲ့ အိမ်လေးတွေက အရမ်းချစ်ဖို့ကောင်းတယ်လေ"

ယဲအန့်နင်နှင့် ရှန်နျန်မှာ ကောင်ကလေးတစ်သိုက် ကလေးမလေးနှင့် ကစားပေးနေသည်ကို ကြည့်ရုံကြည့်နေလိုက်သည်။ သူတို့ ဒီလိုအရုပ်တွေကို တကယ် မကြိုက်ပေ။

ယဲအန့်နင်က ဘေးတစ်ဖက်ကို မှီပြီး ဆိုင်းမဆင့်ဗုံမဆင့်ဖြင့် ထမေးလေ၏။

"အားယန် အားယန်ရဲ့အဝတ်အစားတွေရော?"

ရွယ်ယန်က သူ(မ)ကို ခေါင်းရှုပ်စွာ ပြန်ကြည့်လိုက်ပြီး
"ဘာအဝတ်အစားတွေလဲ ကျဲကျယ်?"

ယဲအန့်နင်က မေးလေးထောက်ပြီး

"ပန်ဒါဝတ်စုံလေးလေ"

ရှန်နျန်ရဲ့မျက်လုံးများက ထိုအကြောင်းကို ကြားချိန်တွင် တောက်ပသွား၏။ ကလေးက ပန်ဒါဝတ်စုံလေးနဲ့ဆိုရင် အရမ်းကို ချစ်ဖို့ကောင်းနေတော့မှာ!

ရွယ်ယန်က သူ(မ)အခန်းကို လက်ညှိုးထိုးပြပြီး

"အားမန်က အဝတ်တွေကို ဗီရိုထဲမှာ ထည့်ထားပေးတယ်"

ယဲအန့်နင်က သူ(မ)ကို တစ်ခါတည်း ကောက်ချီလိုက်ပြီး

"ကျဲကျယ်က အားယန်ကို ပန်ဒါဝတ်စုံလေး ဝတ်ပေးမယ်နော် ကောင်းတယ်မလား?"

ရှန်နျန်ကလည်း အနောက်ကနေ လိုက်လာပြီး

"အားယန်က ပန်ဒါဝတ်စုံလေးနဲ့ဆို အရမ်းချစ်ဖို့ကောင်းမှာပဲ"

ရွယ်ယန်က မပျော်ရွှင်စွာဖြင့် နှုတ်ခမ်းစူလာပြီး

"နျန်နျန် အားယန်က ပန်ဒါဝတ်စုံမဝတ်လည်း အရမ်း ချစ်ဖို့ကောင်းတယ်"

ယဲအန့်နင်က ရှန်နျန်ကို အကြည့်တစ်ချက်ပေးလိုက်ပြီး ရှန်နျန်ကလည်း ချက်ချင်း သဘောပေါက်သွားကာ

"ဒါပေါ့ ဒါပေါ့၊ တို့ရဲ့အားယန်လေးက ပန်ဒါဝတ်စုံလေးနဲ့မဟုတ်ရင်တောင် ပိုပြီးချစ်ဖို့ကောင်းတယ်"

ကလေးမလေးက စိတ်ကြီးဝင်စွာ နှစ်ကြိမ်နှာမှုတ်လိုက်ပြီးနောက် ယဲအန့်နင်နှင့် အခြားသူများအား သူတို့စိတ်တိုင်းကျ ပေးလုပ်ထားလိုက်တော့သည်။

သို့နှင့် မိနစ်အနည်းငယ် ကြာပြီးနောက် ဧည့်ခန်းထဲတွင် အရုပ်မျိုးစုံဖြင့် ကစားပေးနေရသည့် ငြီးငွေ့နေပြီဖြစ်သော ကောင်လေးများမှာ ယဲအန့်နင်က ပန်ဒါလေးတစ်ကောင်ကိုချီပြီး အခန်းထဲမှ ထွက်လာသည်ကို တွေ့လိုက်ရသည်။

ကလေးမလေးက ခေါင်းငုံ့ကာ သူ(မ)ရဲ့အရုပ်လေးများဖြင့် က‌စားနေဆဲဖြစ်ပြီး၊ ဒီလိုပုံစံလေးနဲ့ သူ(မ)က ဘယ်လောက်တောင် ချစ်ဖို့ကောင်းနေလိုက်သလဲကို သူ(မ) လုံးလုံး သတိမမူမိချေ!

ချီလင်းဟန်မှာ နှလုံးသားတစ်ခုလုံး အရည်ပျော်သွားပြီလား မှတ်ရလောက်သည်ထိ ဖြစ်သွားရပြီး သူ့လက်များကို ညင်သာစွာ တီးကာ

"အားယန် ဒီကိုလာပါအုံး"

ချီလင်းဟန်မှာ သူ(မ)အမေပြီးလျှင် ရွယ်ယန် သဘောကျရဆုံးနှင့် အားကိုးတွယ်တာရဆုံးသော သူဖြစ်ဟန်တူ၏။ တစ်ခါတစ်ရံ သူ(မ) ဘာကြောင့် ဒီလိုဖြစ်ရသလဲကို သူ(မ)ကိုယ်တိုင်ပင် နားမလည်ချေ။

သူ့လက်ကို ထိုသို့တီးလိုက်သည်နှင့် ကလေးမလေးက သူ့ဆီသို့ အမြန်ပြေးလာတော့သည်။

"လင်းဟန်ကောကော!"

...

ထီကျစ်က အောက်ထပ်တွင် အိပ်ပျော်နေဆဲပင်။ ကလေးမလေးက ကျောင်းသို့သွားနေရပြီဖြစ်၍ သူနှင့် တစ်နေကုန် ဆော့မပေးနိုင်တော့ချေ။

လမ်းလျှောက်ထွက်သည်မှလွဲ၍ သူက အနောက်ဘက်ဥယျာဉ်ခြံထဲတွင် နေဆာလှုံပြီး တစ်ရေးတစ်မော အိပ်တတ်လေ့ရှိသည်။

ထိုအခိုက်အတန့်တွင် ထီကျစ်က ရုတ်တရက် နိုးလာ၏။ သူက ဧည့်ခန်းဘက်ကို တစ်ချက်ဝေ့ကြည့်ကာ လူကြီးအများအပြား၏ ကိုယ်များကို ဝိုးတိုးဝါးတာ တွေ့လိုက်ပြီး ဒုတိယထပ်သို့ ဖြည်းညင်းစွာ တက်သွားလိုက်သည်။

သူ ဒုတိယထပ်သို့ ရောက်သည်နှင့် ယခင်ဘဝက ထိုလူတွေအကုန် ဤနေရာတွင် စုပြုံနေကြသည်ကို တွေ့လိုက်ရတော့သည်!

ကလေးမလေးက ချစ်စဖွယ် ပန်ဒါဝတ်စုံလေးကို ဝတ်ဆင်ထားပြီး ချီလင်းဟန်ဘေးတွင် ထိုင်ကာ ကြမ်းပြင်ပေါ်တွင် အရုပ်လေးများကို ဆော့ကစားနေ၏။

ရက်စက်ကြမ်းတမ်းသော အလင်းရောင်တစ်ခုက ပါပီလေး၏မျက်လုံးများထဲတွင် ထင်ဟပ်လာ၏....

ရွယ်ယန်က ထီကျစ်ပြန်လာသည်ကို ပထမဆုံး သတိထားမိလိုက်သူဖြစ်ပြီး သူ(မ)က ထီကျစ်အား ပျော်ရွှင်စွာဖြင့် လက်များ ဝှေ့ယမ်းပြကာ

"ထီကျစ် ဒီနားလာ!"

ကလေးမလေးက ပါပီလေး၏မျက်လုံးများထဲမှ အန္တရာယ်အငွေ့အသက်များကို သတိလုံးဝမထားမိပဲ ပါပီလေးကလည်း ရွယ်ယန်ကို ကြည့်လိုက်သည်နှင့် ချက်ချင်းဆိုသလို ညင်သာသွားတော့သည်။

သူက ရွယ်ယန်ဘေးတွင် ဝင်လှဲလိုက်ပြီး အကောင်ပေါက်လေးနှစ်ကောင်အတူတူ ရှိနေကြပုံက အထူးတလည်ကို နွေးထွေးနေတော့သည်။

ရွယ်ယန်က ထီကျစ်၏ခေါင်းကို ပွတ်ပေးပြီး

"ထီကျစ် နင် ဘယ်တွေလျှောက်သွားနေတာလဲ? ငါ အခုနက နင့်ကို မမြင်မိဘူး"

ထီကျစ်က အသံသေးသေးလေးဖြင့် နှစ်ကြိမ်ဟောင်ပြလိုက်ပြီး ကလေးမလေးက သူ့ရဲ့လက်ဖဝါးထဲ အရုပ်လေးတစ်ရုပ်ကို ထိုးထည့်ပေးလိုက်သည်။

"ထီကျစ် တူတူကစားရအောင်"

ရွယ်ယွိက မျက်မှောင်ကြုတ်လိုက်ပြီး ချီလင်းဟန်နှင့် အကြည့်ချင်း ဖလှယ်လိုက်သည်။ အစောပိုင်းက သူတို့ကို ကြည့်နေသည့် ထီကျစ်၏မျက်လုံးထဲမှ အကြည့်များက သူတို့ ထင်ယောင်ထင်မှား ဖြစ်နေခြင်းမဟုတ်ပေ။

သို့သော် အရင်ဘဝက သူတို့ ရွယ်ယန်အပေါ် လုပ်မိခဲ့သည့်အရာများကို ပြန်စဉ်းစားမိရင်း သူတို့မှာ မှိုင်တွေသွားရပြန်၏။

ရှန်နျန်တစ်ယောက် ယဲအန့်နင်က သူ(မ)ကို ဘယ်အချိန်က ချောင်းကျဲနားတွင် ထိုင်ရန် တွန်းပို့ခဲ့သလဲ မသိလိုက်ချေ။ သူ(မ)က ရွယ်ယန်၏အရုပ်ကို မှင်သေစွာ ကိုင်ထားရင်း နှလုံးသားထဲတွင် ရှင်းပြ၍မရနိုင်သော မသက်မသာဖြစ်မှုတို့ကို ခံစားနေရ၏။

ထိုအချိန် ချောင်းကျဲရဲ့ အနည်းငယ်အေးစက်နေပုံရသော အသံတို့က သူ(မ)နားထဲ ဝင်လာ၏။

"မင်း ဒီလိုပဲဆက်လုပ်နေရင် အားယန်ရဲ့အရုပ် ကျိုးသွားလိမ့်မယ်"

ရှန်နျန်မှာ အသိပြန်ဝင်လာပြီး လက်ထဲမှ အရုပ်ကို အမြန်ချရင်း အနည်းငယ် လမ်းပျောက်သွားသလို ခံစားလိုက်ရသည်။

ချောင်းကျဲသည်လည်း လွန်စွာ ကူကယ်ရာမဲ့နေရသလိုပင်။ သူ့ဘေးနားရှိ မိန်းကလေးက စိတ်ပိုင်းဆိုင်ရာအရ အသက်နှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း သူ(မ)က ခုနစ်အရွယ်ကလေးတစ်ယောက်နှင့် တူနေ၏။

ရွယ်ယွိမှာ ဒီနှစ်ယောက်က နည်းနည်းလေးထူးဆန်းနေသည်ဟု ခံစားနေရသည်။ ဘယ်လိုပင်ဆိုစေအုံးတော့ ငယ်ငယ်ရွယ်ရွယ်ချစ်ကြိုက်တာက စောလွန်းသေးတယ်မဟုတ်ဘူးလား?

တစ်ဦးတည်းသော သာမန်ကလေးတစ်ယောက်က နောက်ဆုံးတွင် လှပသော အရုပ်အိမ်လေးကို ဆောက်ပြီးသွားခဲ့သည်။ သူ(မ)က အိမ်လေးကို ဂုဏ်ယူစွာ မြှောက်ပြလာပြီး

"ကြည့် ဒီမှာ အားယန်ရဲ့အိမ်လေး!"

ထီကျစ်က လိုက်လျောညီထွေရှိစွာ ဟောင်ပြလိုက်ပြီး ချီလင်းဟန်ကလည်း အထူးတလည် အံ့အားသင့်စွာ ပြုမူပြီး

"အားယန်က အရမ်းတော်တာပဲ"

ရွယ်ယွိက အရုပ်ကားလေးတစ်ရုပ်ကိုပါ ကမ်းပေးလိုက်ပြီး

"အားယန်မှာ ခုဆို ကားလေးပါ ရှိသွားပြီ"

ကလေးမလေးက အရုပ်လေးနှစ်ရုပ်ကို ပိုက်ထားပြီး မျက်လုံးများကျဉ်းမြောင်းသည်အထိ ပြုံးနေတော့သည်။

အတန်အနည်းငယ်ကြာပြီးနောက် လျို့မန်က အပေါ်ထပ်သို့ တက်လာပြီး လှေကားထိပ်နားတွင် ရပ်ကာ

"ကလေးတို့ ညစာအဆင်သင့်ဖြစ်ပြီ"

သူ(မ)ရဲ့အကြည့်များက ပန်ဒါဝတ်စုံလေးအား ပြန်ဝတ်ထားသည့် ရွယ်ယန်ထံသို့ ရောက်သည်နှင့် မနေနိုင်အောင် ရယ်မိသွားပြီး ကလေးမလေးကို လက်ခုပ်တီးပြီး ညင်သာစွာ လှမ်းခေါ်လိုက်သည်။

"အားယန်၊ လာပါအုံး အားမန်ဖက်ထားချင်လို့"

ကလေးမလေးက ခြေတံတိုတိုလေးများဖြင့် ပြေးသွားပြီး လျို့မန်၏ရင်ခွင်ထဲ ပစ်ဝင်လိုက်သည်။

"အားမန်! သမီးရဲ့အိမ်လေးကို ကြည့်ကြည့်!"

လျို့မန်က အရှက်မရှိစွာ တန်းချီးကျူးပေးလိုက်၏။

"အားမန်က အရမ်းကို တော်တာပဲ!"

ရွယ်ယန်က တစ်ခစ်ခစ်ရယ်ပြီးနောက် အနောက်သို့ လှည့်ကာ လျို့မန်၏ပုခုံးပေါ် မှီပြီး သူ(မ)၏အကိုများနှင့် အစ်မများအား လှမ်းအော်ခေါ်လိုက်သည်။

"ကိုကို! မမ! အားယန်တို့ ထမင်းစားကြမယ်"

ယဲအန့်နင်က တည်ငြိမ်စွာ ထရပ်လိုက်ပြီး သူ(မ)အဝတ်အစားများကို ခါကာ အနောက်မှ လိုက်သွားလိုက်သည်။

ရှန်နျန်က ခြေနှစ်လှမ်းနောက်ကျသွားသော်လည်း သူတို့နောက်သို့ အမြန်အမီလိုက်၏။

ကျန်သည့်ကောင်ကလေးလေးယောက်က အချင်းချင်း အကြည့်ဖလှယ်လိုက်ကြပြီးနောက် သူတို့ရဲ့ခြေတံရှည်ကြီးများဖြင့် အောက်ထပ်သို့ ဆင်းလိုက်ကြသည်။

ချစ်စဖွယ်အကောင်းဆုံးသော ရွယ်ယန်လေးက လူတိုင်းရဲ့အချစ်တော်လေးဖြစ်သည်။ ယဲဝမ်က ကလေးမလေးရဲ့ လက်တုတ်တုတ်လေးကို ညှစ်လိုက်ပြီး သူ(မ)အကြည့်များက ညင်သာနေကာ
"ကျွန်မတို့ရဲ့အန့်နင်လေးရဲ့ပုံစံသာ အားယန်လေးလိုသာဆို ဘယ်လောက်တောင် ကောင်းလိုက်မလဲ"

လျို့ဟွားမှာလည်း သူ(မ)ရဲ့သမီးဖြစ်သူ၏စိတ်ဓာတ်အပေါ် အနည်းငယ် အားမလိုအားမရဖြစ်နေခြင်းဖြစ်သည်။

"ဘာကိုကောင်းရမှာလဲ? သူက သူများ သကြားတစ်လုံးပြတာနဲ့ ပါသွားမှာ"

ရွယ်ယန်မှာ သူ(မ)အမေက သူ(မ)အား မျက်နှာသာတစ်စက်ကလေးမှ မပေးသည်ဟု ခံစားရလေသည်။ သူ(မ)က မပျော်ရွှင်စွာဖြင့် နှုတ်ခမ်းစူကာ

"မေမေ! အားယန်က မဟုတ်ပါဘူး!"

လျို့ဟွားက မျက်လုံးလှိမ့်ပြီး လုံးဝကို မလိုက်လျောပေးချေ။

"အို့"

ရွယ်ကျင်းဟုန်မှာ သူ့မိန်းမနှင့် မပြိုင်နိုင်သဖြင့်လည်း ဘေးကနေ၍သာ အနှီချစ်စဖွယ်သမီးလေးအား မြတ်နိုးစွာ ကြည့်နေလေ၏။ ရုတ်တရက် ချီလင်းဟန်ကို မျက်လုံးထောင့်ကနေ လှမ်းမြင်လိုက်ရပြီး သူက မျက်မှောင်ကြုတ်ကာ

"ရှောင်ချီ မင်းမိဘတွေ မရောက်လာကြသေးဘူးလား?"

ချီလင်းဟန်က အလွန်ကို တည်ငြိမ်စွာဖြင့်

"အန်ကယ်ရွယ် ကျွန်တော့်မိဘတွေက ဒီအတောအတွင်း အလုပ်လေးတွေ ရှိနေလို့ပါ၊ ဒါကြောင့်မလို့ ဒီကိုလာမဲ့ရက်ကို လောလောဆယ် ရွှေ့ဆိုင်းထားကြပါတယ်... နောက်ရက်အနည်းငယ်အတွင်းတော့ ဒီကို ရောက်လာကြမှာပါ"

ရွယ်ကျင်းဟုန်က တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြလိုက်သော်လည်း အနည်းငယ် ဘဝင်မကျချင်ပေ။

"သူတို့တွေ ကလေးတစ်ယောက်တည်းကို ဒီလိုမျိုးပစ်ထားတာတောင် တော်တော်စိတ်ချကြတာပဲ"

ချီလင်းဟန်က တည်ငြိမ်မြဲတည်ငြိမ်စွာဖြင့်

"ကျွန်တော်တို့ရဲ့အိမ်တော်ထိန်းကလည်း ဒီမှာပါပဲ၊ သူက ကိစ္စလေးပေါ်လာလို့ ဒီနှစ်ရက်မှာ ထွက်သွားတာ"

ရွယ်ကျင်းဟုန်က နောက်ဆုံးတွင် ဘာမှ ဆက်မေးမနေတော့ချေ။ သူက တစ်ဖက်သို့လှည့်ပြီး သူ့သမီးလေးအား ချစ်မြတ်နိုးစွာ ထပ်ကြည့်လိုက်ပြန်၏။

ယဲဝမ်မှာ ရွယ်ကျင်းဟုန်ကို ကြည့်ကာ ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး ကလေးမလေးအား သူချီလို့ရစေရန် လက်မောင်းထဲ ထည့်ပေးလိုက်သည်။

ရွယ်ယန်က အလိုက်တသိဖြင့် သူ့အဖေ၏လည်ပင်းကို ဖက်ကာ

"ဖေဖေ"

ရွယ်ကျင်းဟုန်က ပျော်ရွှင်စွာ ရယ်ပြီး
"ဟေး!"

ညစာစားပွဲတွင် ရွယ်ကျင်းဟုန်က ရုတ်တရက် တစ်စုံတစ်ခုကို မှတ်မိသွား၏။ သူက ရွယ်ကျစ်ကို ကြည့်လိုက်ပြီး

"ရှောင်ကျစ် အဖေ့ရဲ့သူငယ်ချင်းတစ်ယောက်က မင်းကို ကြော်ငြာရိုက်ဖို့ ကူညီပေးစေချင်တယ်လို့ ပြောတယ်၊ သား သွားချင်လား?"

ရွယ်ကျစ်မှာ တစ်ခဏ မှင်သက်သွားသော်လည်း နောက်တွင် သဘောပေါက်လိုက်၏...... အရင်ဘဝက သူ့ကို အနုပညာလောကထဲကို ဝင်လာစေတဲ့ ကိစ္စတွေက စပြီလေ...

သူက တွေးရင်းဖြင့် ခေါင်းကို ငုံ့ထားပြီး အတန်ကြာသည်အထိ အဖြေပြန်မပေးသေးချေ။

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးDonde viven las historias. Descúbrelo ahora