အပိုင်း (၂၉)
ယဲအန့်နင်က ခက်ခက်ခဲခဲဖြင့်
"နင် ဘာလို့ ရုတ်တရက်ကြီး ဒါကို ပြောရတာလဲ?"
ချီလင်းဟန်၏မျက်လုံးများက သူ့ဘေးတွင် လဲလျောင်းနေသည့် ထီကျစ်ထံ ရောက်သွားပြီး သူ့ကို ခေါ်လိုက်သည်။
"ထီကျစ်..."
ထီကျစ်က သူတို့ပြောသမျှကို တစ်ချိန်လုံး နားထောင်နေခဲ့ခြင်းဖြစ်ပြီး ချီလင်းဟန်ခေါ်သံကို ကြားသည့်အချိန်တွင် သူက နှေးကွေးစွာဖြင့် ချီလင်းဟန်ဘက်သို့ တွားသွားလိုက်ပြီး သူ့လက်ကိုပင် ညင်သာစွာ လျက်လိုက်၏။
ချီလင်းဟန်က သူ့ခေါင်းကို ကိုင်ပြီး မေးလိုက်၏။
"ငါပြောခဲ့တာတွေက မှန်တယ်မလား?"
လူတိုင်း၏အကြည့်တို့က ထီကျစ်ထံသို့ စုပြုံရောက်လာကြပြီး အနှီဝံပုလွေက မည်မျှဉာဏ်ကောင်းကြောင်း သူတို့အားလုံးသိပေ၏။ ထီကျစ်ကလည်း အကုန်လုံး၏ရှေ့တွင် ခေါင်းညိတ်ပြလာသည်။
ယဲအန့်နင်နှင့် ရှန်နျန်တို့မှာ ချက်ချင်း ဖြူလျော့သွားကြပြီး ရွယ်ယွီ၏အမူအရာမှာလည်း ကောင်းမနေချေ။
ချီလင်းဟန်က အသက်ပြင်းပြင်းတစ်ချက် ရှိုက်သွင်းပြီး ဆက်ပြောလာခဲ့သည်။
"ငါ ပြောခဲ့သလိုပဲ ငါ့မှာ သက်သေမရှိဘူး၊ ထီကျစ်ကလည်း ငါ့ရဲ့ခန့်မှန်းချက်က မှန်တယ်လို့ပဲ ပြောနိုင်မယ်၊ ဒါပေမယ့် ငါတို့တွေ နောင်ကို စောင့်ကြည့်ဖို့လိုတယ်" သက်သေမရှိဘူးဆိုပေမယ့် ဘာဖြစ်မလဲကို လူတိုင်း သိသည်ပင်။
ရှန်နျန်က နှုတ်ခမ်းကို စေ့ထားပြီး အတန်ကြာပြီးနောက်မှ
"ဒါသာ အမှန်ဆိုရင် အဲ့ဒီကိစ္စတွေက သေချာပေါက် ထပ်ဖြစ်လာအုံးမှာပဲ"
ထိုအချိန်တွင် ယဲအန့်နင်မှာ ယခင်ဘဝတွင် ဖြစ်ပျက်ခဲ့သည့် ရွယ်ယန်၏ကားမတော်တဆမှုအကြောင်းကို ပြန်တွေးမိလိုက်သသည်။ ခေါင်းမိုးထပ်တွင် တစ်ယောက်တည်း တိတ်တဆိတ်ငိုနေခဲ့သည့် ရွယ်ယန်၏ပုံစံကို သူ(မ) တစ်သက်မေ့မည်မဟုတ်ပေ။
သူ(မ)က တုန်ယင်စွာဖြင့်
"ငါ အဲဒီကိစ္စတွေကို ထပ်ဖြစ်ခွင့် ပြုမှာမဟုတ်ဘူး"
ရွယ်ယွိ၏မျက်လုံးများက မှေးမှိန်သွားသော်လည်း သူ့အသံတို့က တည်ကြည်ပြတ်သားနေကာ
"မင်းတစ်ယောက်တည်း မဟုတ်ဘူး"
ချီလင်းဟန်က နှုတ်ခမ်းထောင့်များကို ကွေးညွတ်လိုက်သော်လည်း ဘာမှ မပြောတော့ဘဲ စိတ်ထဲတွင်တော့ ရွယ်ယန်က ဤဘဝတွင် သေချာပေါက် အဆင်ပြေမှာဟု တွေးနေလိုက်သည်။
ချောင်းကျဲ တစ်ခုခုဝင်ပြောတော့မည့်အချိန်တွင် ရုတ်တရက် တန့်သွားသည်။ သူ့မျက်နှာက ကြည့်ကောင်းမနေပဲ
"မင်းတို့တွေ တွေးမိကြလား... အားယန်က လုယွင့်လင်ကို ပထမဆုံးတွေ့ဖူးတာလေ ဒါပေမယ့် သူ လုယွင့်လင်ကို ကြောက်နေတယ်"
ဒီနေရာတွင် ရှိနေကြသည့်သူအားလုံးက ထက်မြက်ကြသူချည်းသာ။ ချောင်းကျဲ ထိုအကြောင်း ပြောလာသည့်အချိန်တွင် သူတို့အားလုံး ၎င်းကို တွေးမိကြသည်။
ရွယ်ကျစ်က ခက်ခက်ခဲခဲဖြင့်
"အဲဒီတော့ အားယန်ကလည်း ငါတို့နဲ့ တူတူပဲပေါ့၊ ဒါပေမယ့် သူက အရင်က ဖြစ်ခဲ့တာတွေကို မေ့သွားခဲ့တာ" မေ့သွားတယ်ဆိုပေမယ့် ခန္ဓာကိုယ်ရဲ့သိစိတ်က ရှိနေသေးတယ်...
ယဲအန့်နင်က ခါးသက်စွာ ပြုံးပြီး
"အားယန်သာ အဲ့ဒီကိစ္စတွေ မှတ်မိနေခဲ့ရင်ဆိုတဲ့ စိတ်ကူးကို ငါတော့ မတွေးကြည့်ရဲဘူး"
ထီကျစ်က ဘေးကနေ၍ သူတို့ကို အေးစက်စွာ ကြည့်လိုက်ပြီး ကိုယ်ကို ပျင်းရိစွာ ဆန့်ကာ ရွယ်ယန်အား ရှာရန် ထွက်လာခဲ့လိုက်သည်။
အားယန်ကသာ ချစ်ဖို့အကောင်းဆုံးပဲ...
ရက်အနည်းငယ်ကြာပြီးနောက်တွင် ရွယ်ကျစ်က သူ ကြော်ငြာရိုက်ကူးမည့်နေရာသို့ သွားလည်ကြည့်ရန် ရွယ်ကျင်းဟုန်နောက်သို့ လိုက်ရန် စီစဉ်နေ၏။
ကျောင်းပိတ်ရက်ဖြစ်၍လည်း ရွယ်ယန်တစ်ယောက် ကျောင်းသွားစရာ မလိုချေ။ သို့သော် သူ(မ)အမနှင့် အကိုများက အိမ်စာလုပ်နေရသေးသည်။
သို့နှင့် မူကြိုကလေးလေးက ထိုင်ခုံပုလေးပေါ် လှဲလျောင်းပြီး သူ(မ)ရဲ့မျက်နှာသေးသေးလေးကို ကိုင်ကာ အပြင်ထွက်ရန်ပြင်နေကြသည့် သူ(မ)အကိုနှင့် အဖေဖြစ်သူကို ငေးကြည့်ပြီး စူးစမ်းစွာဖြင့်"
"ဖေဖေ ကိုကို့ကို ဘယ်ခေါ်သွားမလို့လဲ?"
ရွယ်ကျင်းဟုန်က သူ့သမီးလေး၏ခေါင်းကို ပုတ်ပေးပြီး
"အဖေက သမီးအကိုကို ကြော်ငြာရိုက်ကွင်းကို ခေါ်သွားပေးမှာလေ၊ အားယန်ကရော ဖေဖေတို့နဲ့ လိုက်ချင်လို့လား?"
ရွယ်ယန်၏မျက်လုံးများက ဝင်းလက်သွားပြီး
"ကြော်ငြာတွေ ရိုက်တဲ့နေရာကိုလား?"
အဲ့ဒီနေရာမှာ မမချောချောတွေ အများကြီး ရှိတာ သူ(မ)သိတယ်
ရွယ်ကျင်းဟုန်က ပြုံးပြီး
"ဒါပေါ့"
ကလေးမလေးက မတ်တတ်ထရပ်ပြီး
"အားယန် သွားချင်တယ်"
ရွယ်ကျင်းဟန်က သမီးဖြစ်သူကို ကောက်ချီကာ
"ဒါဆို သွားကြတာပေါ့"
ရွယ်ယန်က သူ(မ)အဖေ၏ကော်လာကို ကိုင်ထားပြီး ဘေးပတ်ပတ်လည်အား ကြည့်ကာ ဖျော့တော့စွာဖြင့်
"ဖေဖေ ထီကျစ်ကိုရော ခေါ်လို့ရမလား?"
ကြမ်းပေါ်မှ အဖြူရောင် ခွေးပေါက်လေးကို ကြည့်ပြီး ရွယ်ကျင်းဟုန် အနည်းငယ် တုံ့ဆိုင်းသွား၏။ ရွယ်ကျစ်က အချိန်ကိုက် ဝင်ပြောလာပေး၏။
"အဖေ ထီကျစ်ကိုပါ ခေါ်ရအောင်၊ သူက အရမ်းလိမ္မာတာ"
ရွယ်ကျင်းဟုန် သူ့ခြေထောက်နားက ခွေးလေးကို ထပ်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့စွာဖြင့် လက်ခံပေးလိုက်သည်။
"အိုခေ အိုခေ၊ တူတူသွားကြမယ်"
ရွယ်ယန်က တက်ကြွသွားတော့သည်။
"ရေး!"
သို့နှင့် ချစ်စဖွယ်ကလေးမလေးကို ချီထားသည့် အမျိုးသားတစ်ယောက်နှင့် ချစ်စရာပါပီလေးကို ချီထားသည့် ကောင်လေးတစ်ယောက်တို့က အပြင်ထွက်ကြလေသည်။
ထီကျစ်က အမှန်တကယ်တွင် ရွယ်ကျစ် ချီတာ မခံချင်သော်လည်း ရွယ်ကျစ်၏ "မင်းကို ခွေးဖမ်းတဲ့သူတွေ မတော်တဆဖမ်းသွားပြီး အားယန်ကို နောက်ထပ်ဘယ်တော့မှ ထပ်မတွေ့ရတော့မှာကို မလိုချင်ဘူးမလား" ဆိုသည့်စကားအောက်တွင် အလျှော့ပေးလိုက်တော့သည်။
ရွယ်ယန်က သူ့အဖေ၏ပခုံးပေါ် လှဲလျောင်းပြီး အနောက်ရှိ ကောင်လေးတစ်ယောက်နှင့် ခွေးတစ်ကောင်အား ကြည့်ကာ ပျော်ရွှင်စွာ ပြုံးပြီး
"ကိုကို ထီကျစ်က အခု ကိုကို့ကို ပေးချီခိုင်းပြီ" အရင်ကဆို သူ(မ)ရယ်၊ သူ(မ)အမေနဲ့ အားယန်ကိုပဲ ပေးအချီခံတာ...
ရွယ်ကျစ်က 'ချစ်မြတ်နိုးစွာ' ဖြင့် ခွေးထီကျစ်၏ခေါင်းကို ပုတ်ပေးလိုက်ပြီး
"ဟုတ်တယ်၊ ထီကျစ်က အားယန်လိုပဲ လိမ္မာလိုက်တာမှ"
ထီကျစ်သာ စကားပြောတတ်လျှင် စတင် ဆဲဆိုနေတော့မည်ဖြစ်သည်။ သူ့နှလုံးသားထဲတွင် သူကား အရွယ်ရောက်ပြီးသား ရက်စက်ကြမ်းတမ်းသော ဝံပုလွေတစ်ကောင်၊ မျိုးသုဉ်းလုနီးပါးဖြစ်နေသည့် ဝံပုလွေဖြူဘုရင်တစ်ပါး! လျို့ဟွားနဲ့ အားမန်ကို ကိုင်ခွင့်ပြုခဲ့တာက ကလေးရဲ့မျက်နှာကို ထောက်ပြီးတော့! ဒီပေါတောတောရူးကြောင်ကြောင်လူသားက ဘာကို လာပြောနေတာလဲ?
ရွယ်ကျစ်မှာ ထီကျစ်၏ သူ့အား အသေကိုက်သတ်ချင်နေသော အကြည့်တို့ကို ခံစားမိပြီး သူက အကြောက်အရွံ့ကင်းစွာဖြင့် ထီကျစ်ကို မျက်ခုံးမြှင့်ပြလိုက်သည်။
ထီကျစ်က မျက်လုံးများကို မှိတ်ချလိုက်ပြီး ရွယ်ကျစ်လက်ကို ကိုက်ထည့်ရန် ပါးစပ်ကို ဖွင့်လိုက်သည်။
သူက ပါပီပေါက်စလေးဖြစ်သော်လည်း သူ့ရဲ့သွားများက ရွယ်ကျစ်အား ဆန်ပြုတ်သောက်ရန် လုံလောက်စေ၏။
သူ ကိုက်ရန် ဟန်ပြင်လိုက်သည့်အချိန် ရွယ်ကျစ်က ရုတ်တရက် ထပြောလာ၏။
"အားယန်..."
ကလေးမလေးက ချက်ချင်း ခေါင်းလှည့်ကြည့်လာပြီး
"ကိုကို?"
ထီကျစ်တစ်ယောက် ကိုက်တော့မည့်ဟန်မှ လျက်ပေးသည့်ဟန်သို့ ချက်ချင်း ပြောင်းလဲသွားတော့သည်။ ကလေးမလေးကတော့ နှစ်ယောက်သားက တော်တော်အဆင်ပြေပြေရှိနေကြသည်ဟု တွေးကာ အလွန်ပျော်ရွှင်နေတော့သည်။
"ကိုကို ထီကျစ်က ကိုကို့ကို အရမ်းသဘောကျနေတာပဲ!" ပုံမှန်ဆို ထီကျစ်က သူ(မ)ရဲ့အကိုအမများကို အဖက်လုပ်သည့်သူ မဟုတ်ပေ...
ရွယ်ကျစ်က ညင်သာစွာ ပြုံးပြီး
"အင်း..."
ထီကျစ် "...." အား! ဆိုးလိုက်တဲ့ကံ!
သို့သော် သူက ရွယ်ယန်ကို ပျော်ရွှင်သွားစေချင်သည့်နှယ်။ ထီကျစ်က အမှန်တကယ်ကို ရွယ်ကျစ်နှင့် အလွန်ရင်းနှီးနေသည့်ဟန် ပြုမူပြ၏။ ရွယ်ကျစ်ကတော့ သူက ကလေးဆန်သည်ဟု မြင်မိသည်။
သူတို့ကားက ကုမ္ပဏီရှေ့တွင် ရပ်လိုက်ပြီး ရွယ်ကျင်းဟုန်က သူ့သမီးလေးကို ချီထားရင်းဖြင့် သူ့သားကို လှမ်းခေါ်လိုက်သည်။
"ရှောင်ကျစ် အဖေတို့ ရောက်ပြီ"
ရွယ်ကျစ် သည်နေရာသို့ရောက်သည်မှာ ဒါ ပထမဦးဆုံးအကြိမ်မဟုတ်သဖြင့် သူ သဘာဝအတိုင်း သိနှင့်နေပြီးသားပင်။ သူက ထီကျစ်ကို ချီပြီး ကားထဲမှထွက်ကာ သူ့အဖေ၏ခြေလှမ်းအတိုင်း လိုက်လေသည်။
ရွယ်ကျင်းဟုန်၏အသွင်အပြင်ကာလည်း ထင်ရှားပြီး မှတ်မိလွယ်ကာ TV ထဲမကြာခဏပါဖူးသူလည်း ဖြစ်သည်။ ကောင်တာထိုင်သည့်အမျိုးသမီးက သူ့ကို မြင်သည်နှင့် ဥက္ကဋ္ဌ၏ အတွင်းရေးမှူးဆီ ချက်ချင်း အကြောင်းကြားလိုက်၏။
အမျိုးသမီးငယ်လေးတစ်ဦးက တည်ငြိမ်သော အပြုအမူဖြင့် ရောက်လာပြီး
"မစ်စတာရွယ် ဆရာ ကျွန်မတို့ ဥက္ကဋ္ဌကို တွေ့ဖို့ ရောက်လာတာလားရှင့်?"
ရွယ်ကျင်းဟုန်ကလည်း ပူးပေါင်းဆောင်ရွက်ပေး၏။
"ငါ မင်းတို့ ဥက္ကဋ္ဌကို ဆက်သွယ်ထားပြီးပါပြီ၊ သူ အခု အပေါ်ထပ်မှာစောင့်နေတယ်....."
သူ စကားပြောနေသည့်အချိန် ဝတ်စုံနှင့် အမျိုးသားတစ်ယောက်က ရောက်လာပြီး
"လောင်ရွယ်!"
ရွယ်ကျင်းဟုန်က မျက်ခုံးများကို မြှင့်လိုက်ပြီး သူ့ဆီသို့ လျှောက်လာနေသည့် သူငယ်ချင်းဖြစ်သူအား ကြည့်ကာ
"ငါ ငါ့သမီးကို ခေါ်နေတာနဲ့ နည်းနည်းနောက်ကျသွားတယ်"
လီရှန်မင်က ရွယ်ကျင်းဟုန်၏ပခုံးကို ပုတ်လိုက်ပြီး
"ငါတို့ကြားမှာ ဒါတွေ ပြောစရာလိုလို့လား?"
သူက ရွယ်ကျင်းဟုန်လက်ထဲရှိ ကလေးမလေးတစ်ယောက်ကို ရုတ်တရက် သတိထားမိလိုက်သည့်အချိန်တွင် ပြုံးပြလိုက်သည်။ သူက အနည်းငယ် အံ့အားသင့်သွားပြီး ကလေးမလေး၏ခေါင်းကို ကိုင်ကြည့်ချင်ခဲ့သည်။
"ဒါ မင်းသမီးလား?"
ရွယ်ကျင်းဟုန်က မျက်မှောင်ကြုတ်ပြီး လီရှန်မင်၏လက်ကို ရိုက်ထုတ်လိုက်သည်။
"ကလေးကို မလန့်စေနဲ့"
သူက ခေါင်းကိုငုံ့ပြီး သူ့သမီးကို ချော့မော့ပြောလိုက်သည်။
"အားယန် ဒီအန်ကယ်ကို အန်ကယ်လို့ခေါ်"
ကလေးမလေးက အနည်းငယ် စိတ်လှုပ်ရှားနေသော်လည်း နာခံစွာဖြင့် ခေါ်လိုက်သည်။
"ဟဲလို အန်ကယ်"
လီရှန်မင်ထံတွင် ရွယ်ကျစ်ထက် နှစ်အနည်းငယ်သာ ငယ်သည့် သားတစ်ယောက်တည်းသာ ရှိသည်။ ကောင်လေးက အလွန်ကို ဆိုးသွမ်းပြီး ကလေးမလေးလောက် ချစ်ဖို့မကောင်းချေ။
သူ့နှလုံးသားမှာ ချက်ချင်း အရည်ပျော်သွားပြီး
"ချစ်ဖို့ကောင်းတဲ့ကလေးလေးပါလား! အန်ကယ်က သမီးအတွက် တစ်ယောက်ယောက်ကို လက်ဆောင်ဝယ်ခိုင်းလိုက်မယ်နော် ဟုတ်ပြီလား?"
ရွယ်ယန်က ရွယ်ကျင်းဟုန်၏အဝတ်စကို တိတ်တဆိတ် ဖမ်းဆုပ်လိုက်ပြီး အနည်းငယ် ကြောက်ရွံ့စွာဖြင့်
"အန်ကယ် အားယန်က လက်ဆောင်မလိုပါဘူး"
ရွယ်ကျင်းဟုန်က သူ့သမီးလေးရဲ့ခေါင်းကို ပွတ်လိုက်ပြီး
"အားယန် ဒါက ဖေဖေ့ရဲ့သူငယ်ချင်း၊ ကြောက်စရာမလိုဘူး"
ကလေးမလေးက လိမ္မာစွာဖြင့် ခေါင်းညိတ်ပြလိုက်ပြန်၏။
လီရှန်မင်၏မျက်နှာထက်တွင် အဖေအိုတစ်ယောက်၏ အပြုံးတစ်ခု ရှိနေ၏။ သူက ရုတ်တရက် လုပ်ငန်းကိစ္စအကြောင်းကို တွေးမိသွားပြီး ရွယ်ကျင်းဟုန်ဘေးနားမှ လူငယ်လေးအား ကြည့်ကာ
"ရှောင်ကျစ် မတွေ့ရတာ ကြာပြီနော်"
ရွယ်ကျစ်က ယဉ်ကျေးစွာ ပြန်နှုတ်ဆက်လိုက်၏။
"အန်ကယ်လီ"
