အပိုင်း (၇၀)
ရေချိုးခန်းထဲတွင် ကိုယ်လက်သန့်စင်နေသည် ကလေးမလေးသည် သွားတိုက်ပြီး မျက်နှာကို မျက်နှာသုတ်ပဝါနှင့် သုတ်ကာ၊ ခြေတံတိုတိုလေးများနှင့် ရေချိုးခန်းထဲမှ ပြေးထွက်လာ၏။
"မေမေ မေမေ! အားယန် ထီကျစ်အော်သံ ကြားလိုက်တယ်!"
လျို့ဟွားသည် ကလေးမလေးအား အဝတ်အစားလဲပေးရန် ဖမ်းဆွဲထားလိုက်သည်။
"ထီကျစ်က ပျော်နေတာလေ၊ မေမေ ခုလေးတင် သမီးကိုကိုကို ရိုက်ပေးလိုက်ပြီ"
ရွယ်ယန်သည် ထီကျစ်ကို ကြည့်လိုက်ပြီးနောက် အစစ်အမှန် ကြေကွဲနေပုံပေါ်သည့် ရွယ်ယွိကို ကြည့်လိုက်သည်။ သူ(မ)က ချီတုံချတုံဖြင့် ဆိုလာ၏။
"မေမေ၊ မေမေ ဒီလိုမျိုး လူတွေကို မရိုက်သင့်ဘူးလေ"
လျို့ဟွား သူ(မ)ကို စနောက်လိုက်သည်။
"သမီးပဲပြောတော့ ကိုကိုက ထီကျစ်ကို အနိုင်ကျင့်နေလို့ဆို"
အဝတ်အစားလဲပြီးနောက်တွင် ရွယ်ယန်သည် ထီကျစ်ထံသို့ ပြေးလိုက်ပြီး ဆောင့်ကြောင့်ထိုင်ကာ သူ၏အမွေးလေးများကို ညင်သာစွာ ပွတ်သပ်ပေးလိုက်သည်။
"ထီကျစ် အားယန်ရဲ့ကိုကိုကို ခွင့်လွှတ်ပေးမယ်မလား"
ထီကျစ်သည် အပြစ်မကင်းသလို ခံစားလိုက်ရသည်။ သူ ကြိုသိခဲ့လျှင် ဤသို့ ဟန်ဆောင်ပန်ဆောင် သရုပ်ဆောင်ခဲ့လိမ့်မည်မဟုတ်ပေ။
ကလေးမလေးသည် စိတ်ရှုပ်စွာဖြင့် ခေါင်းကို ကုတ်လိုက်သည်။
"အခုချိန်ကစပြီး အားယန်က ထီကျစ်ကို အနိုင်မကျင့်ရအောင်လို့ ကိုကို့ကို သေချာကြည့်ပေးထားမှာပါ!"
ရွယ်ယွိသည် အနည်းငယ် ပင်ပန်းလာသဖြင့် ကော်ဇော်ပေါ်ထိုင်ချလိုက်ပြီး ထီကျစ်၏ သရုပ်ဆောင်မှုအား စောင့်ကြည့်နေလိုက်သည်။
သို့ရာတွင် လက်ရှိတွင် လျို့ဟွားရှိနေ၍ ထီကျစ်မှာ နာခံလိမ္မာစွာဖြင့် ထိုင်ပြီး ရွယ်ယန်ကို ညင်သာစွာ ပွတ်သပ်လိုက်သည်။
"ဝု!"
ကလေးမလေး၏မျက်လုံးလေးများက ကွေးတက်သွား၏။
"ကိုကို၊ ထီကျစ်က ကိုကို့ကို ခွင့်လွှတ်တယ်တဲ့!"
ရွယ်ယန်၏အမြင်ထဲမှ ထီကျစ်၏ ချစ်စဖွယ်ပုံရိပ်အား မဖျက်ဆီးလို၍ ရွယ်ယွိသည် ဇာတ်ဝင်ကပေးလိုက်သည်။
"တကယ်လား၊ ကျေးဇူးတင်ပါတယ် ထီကျစ်"
လျို့ဟွားသည် နှစ်ယောက်သားက သူ(မ)၏ကလေးငယ်အား လှည့်စားနေကြပုံကို ကြည့်ပြီး မနေနိုင်အောင် မျက်စောင်းထိုးမိတော့သည်။
"ကောင်းပြီ၊ ကစားတာ တော်လောက်ပြီ၊ အောက်ထပ်ကို သွားပြီး ဝိုင်းကူအုံး၊ အားယန်က မေမေနဲ့ မနက်စာ သွားစားမယ် လာခဲ့"
ကလေးမလေးသည် သူ(မ)အမေ၏လက်ကို နာခံစွာဖြင့် လှမ်းဆွဲလိုက်သည်။
"ဟုတ်!"
သူ(မ)က ခြေတစ်လှမ်း,လှမ်းတိုင်း အနောက်ပြန်လှည့်ကြည့်လာ၏။
"ကိုကို! ထီကျစ်! အတူတူကောင်းကောင်း ဆော့ကြနော်!"
ရွယ်ယွိသည် အတုအယောင်ဆန်ဆန် ပြုံးလိုက်သည်။
"အင်းပါ၊ ကိုကိုက ထီကျစ်နဲ့ သင့်မြတ်အောင် နေမှာပါ"
ထီကျစ် : "..."
အားယန် ကယ်ပါအုံး!
ကလေးမလေး သူ(မ)အမေနှင့် အောက်ထပ်သို့ ဆင်းသွားသည်ကို မြင်လျှင် ရွယ်ယွိသည် ထီကျစ်ကို ပြုံးပြလိုက်ပြီး လက်ဆန့်ထုတ်ပေးလိုက်သည်။
"ငါတို့လည်း အောက်ထပ်ကို သွားကြတာပေါ့၊ ရှောင်ထီကျစ်"
ထီကျစ် : "..."
မပြုံးနေလို့ မရဘူးလားဟင်၊ ကျေးဇူးပြုပြီး!
ရွယ်ယန်တစ်ယောက် အောက်ထပ်သို့ ရောက်သည်နှင့် ဧည့်ခန်းထဲရှိ အရောင်စုံလှပသော အပြင်အဆင်များက သူ(မ)ကို ဆွဲဆောင်နိုင်လိုက်ပြီး ခြေတံတိုတိုလေးများဖြင့် ရွယ်ကျစ်ထံ ပြေးသွားလိုက်သည်။
"ကိုကို၊ ဒါတွေက ဘာလုပ်ဖို့လဲ"
ရွယ်ကျစ်သည် ဖဲကြိုးတစ်ကြိုး လိပ်ပြာပုံစံအဖြစ် ချည်လိုက်သည်။
"ဒါတွေက နံရံမှာ ချိတ်ဖို့လေ၊ ဘာဖြစ်လို့လဲ အားယန်"
ကလေးမလေးသည် ခြေဖျားထောက်ကာ မတ်တတ်ရပ်လိုက်ပြီး သူ(မ)၏လက်သေးသေးလေးများကို ဖြန့်လာ၏။
"အားယန်ကို ပြကြည့်!"
ရွယ်ကျစ် သူ့ညီမလေး၏ ဆံပင်များကို ဖွပစ်လိုက်သည်။
"ဟုတ်ပါပြီ ဟုတ်ပါပြီကွာ၊ ရော့ ဒီမှာ၊ အားယန်ကြိုက်ရင် ကိုကိုက အားယန်အတွက် အများကြီးလုပ်ပေးမယ်လေ"
ရွယ်ယန်၏မျက်လုံးများသည် ဝင်းလက်သွား၏။
"ကိုကို၊ ခဏလောက်ထိုင်ချပေး!"
ရွယ်ကျစ်သည် မျက်ခုံးတစ်ဖက် မြှင့်လိုက်သော်လည်း နာနာခံခံဖြင့် ဝပ်တုပ်ထိုင်ချပေးလိုက်သည်။
"အားယန်က ဘာလုပ်ချင်လို့လဲ"
ကလေးမလေးက လေးနက်စွာ ပြောလာ၏။
"ကိုကို မျက်လုံးကို အရင်မှိတ်ထားပေး၊ အားယန်က ဖွင့်တော့လို့ပြောမှ ဖွင့်ရမယ်နော်"
ရွယ်ကျစ်သည် ရိုးရှင်းစွာဖြင့် ကော်ဇောပေါ် ထိုင်ချလိုက်တော့သည်။
"ဟုတ်ပါပြီကွာ"
ခန့်ညားသည့် လူငယ်ချောလေးသည် မျက်လုံးများကို မှိတ်ထားလေပြီး နှုတ်ခမ်းတို့ထက် ညင်သာသော အပြုံးလေးတစ်ခု ရှိနေ၏။
သူ့ညီမလေးက သူ့ခေါင်းကို ဖွနေသလိုပဲ ခံစားလိုက်ရတယ်၊ ... ရွယ်ကျစ်တစ်ယောက် ရုတ်တရက် မပြုံးနိုင်တော့ချေ။
မဟုတ်မှလွဲ...?
"ကိုကို ရပြီ! အခု မျက်လုံးဖွင့်လို့ရပြီ"
ရွယ်ကျစ် သူ့မျက်ခုံးများကို ပွတ်လိုက်သည်။ သူ့မှာ စိတ်အခြေအနေကို ပြင်ဆင်ထားပြီးသည့်တိုင် မျက်လုံးများဖွင့်လိုက်သည့်အခါတွင်တော့ ထိတ်လန့်သွားရသေးသည်ပင်။
ကလေးငယ်သည် ဘယ်နေရာကမှန်းမသိ မှန်ကို ထုတ်လာခဲ့ပြီး မှန်ကိုကိုင်ကာ သူ့အရှေ့တွင် ရပ်နေလေ၏။
ကလေးကတော့ ချစ်ဖို့ကောင်းနေဆဲဆိုပေမယ့် မှန်ထဲက ပန်းရောင်ဖဲကြိုးကြီးတပ်ထားတဲ့ ကောင်လေးက ဘယ်သူကြီးလဲ?
သေချာပေါက်ကိုပါပဲ... သူ့ညီမလေးရဲ့ အလှတရားအမြင်နဲ့ ပတ်သက်ပြီး သူ့အနေနဲ့ လွဲခဲ့တယ်ဆိုတာ မရှိဘူး။
ရွယ်ယန်သည်တော့ အတော်လေး ဂုဏ်ယူနေသည့်နှယ်။
"ကိုကို ကြည့်ကောင်းတယ်မလား"
ရွယ်ကျစ် : "... ကောင်း၊ ကြည့်ကောင်းတယ်"
ငါ့စိတ်လေးတွေ နာကျင်လိုက်တာမှ!
လျို့ဟွားသည် ပေါင်မုန့်ပန်းကန်နှင့် နို့တစ်ခွက်ကို ယူလာ၏။
"အားယန်၊ ပြဿနာရှာမနေနဲ့တော့ လာပြီး မနက်စာ... လာစား၊ ရှောင်ကျစ်?"
သူ(မ)သည် ဘေးရှိစားပွဲပေါ်သို့ မနက်စာကို တင်ထားခဲ့လိုက်ပြီးနောက် ရွယ်ကျစ်ရှေ့တွင် ဆောင့်ကြောင့်ထိုင်ကာ သားဖြစ်သူအား စေ့စေ့စပ်စပ် ကြည့်လိုက်သည်။
"ရှောင်ကျစ် အမေ ရုတ်တရက်ကြီး ခံစားလိုက်ရတာကလေ မင်းနဲ့ အနုပညာနယ်ပယ်က သိပ်ပြီးမလိုက်ဖက်သလိုပဲ"
ရွယ်ကျစ် : "..."
ရွယ်ယန်မှာ အစောကြီးကတည်းက ကြွားလုံးထုတ်ခွင့်ရဖို့အရေးကို မထိန်းနိုင်တော့ပြီပင်။
"မေမေ ကိုကိုက ကြည့်ကောင်းမနေဘူးလား"
လျို့ဟွားတစ်ယောက် အချိန်နှောင်းကာမှ တုံ့ပြန်မိလေတော့သည်။
"အားယန်၊ သမီးကိုကိုပေါ်က လိပ်ပြာဖဲကြိုးက သမီးလုပ်ထားပေးတာလား"
ရွယ်ယန်သည် ဂုဏ်ယူစွာဖြင့် သူ(မ)၏ ရင်ဘတ်လေးကို ပုတ်ပြလာ၏။
"အွန်း! မမိုက်ဘူးလား"
လျို့ဟွား : "..."
သူ(မ) ရုတ်တရက်ကြီး ဒီကလေးမက သူ(မ)သမီးဆိုတာ ဝန်မခံချင်တော့ဘူး။
ရွယ်ကျစ်သည် သူ့ကိုယ်သူ ကယ်တင်ရန် အားထုတ်ကြည့်လိုက်သည်။
"အားယန်၊ ကိုကို အခု ဒီဖဲပြားကို ချွတ်လိုက်လို့ရပြီလား"
ရွယ်ယန်၏ မျက်နှာလေးထက်မှ အပြုံးသည် တောင့်ခဲသွား၏။
"ကိုကိုက ဒီလိပ်ပြာဖဲကြိုးလေးကို မကြိုက်လို့လားဟင်၊ ဒီလောက်လှတဲ့ဟာ"
ရွယ်ကျစ်မှာ ရုန်းကန်ရင်းဖြင့် လက်လျှော့လိုက်တော့သည်။
"ကိုကို... ကြိုက်တာပေါ့"
ကလေးမလေးသည် သူ(မ)၏လက်ချောင်းလေးများကို ခေါင်းငုံ့ကြည့်လိုက်သည်။
"ဒါဆို ကိုကို ဝတ်ထားပေးလို့ရမလား"
သူ့ညီမလေး၏ ချီတုံချတုံဖြစ်နေဟန်ကို ကြည့်ပြီး ရွယ်ကျစ်မှာ သက်ပြင်းချမိတော့သည်။
"ရတာပေါ့၊ ကိုကို ဝတ်ထားလိုက်မယ်နော်"
ရွယ်ယန်သည် ရုတ်ခြည်း တစ်ဖန် တက်ကြွသွားပြီး ချောင်းကျဲကိုပါ သွားဆွဲခေါ်လာ၏။
"ရှောင်ကျဲကော၊ ကျစ်ကောကောက ကြည့်မကောင်းဘူးလား"
ချောင်းကျဲမှာ ရုတ်တရက်ကြီး ညီမဖြစ်သူ ဆွဲခေါ်ခြင်းကို ခံလိုက်ရပြီး ရွယ်ကျစ်ကို ဗလာကျင်းနေသော မျက်နှာဖြင့် ကြည့်မိတော့သည်။ ထို့နောက်...
"မင်းမှာ ထူးထူးခြားခြား ဝါသနာတွေများ ရှိနေတာလား"
သူ့မျက်နှာထက်တွင်တော့ မဖော်ပြတတ်သော အမူအရာတို့ဖြင့်။
ရွယ်ကျစ်သည် လက်သီးကို ကျစ်ကျစ် ဆုပ်လိုက်ပြီး ရုတ်တရက် တောက်ပဖြာထွက်စွာ ပြုံးလေ၏။
"အားယန် ဒီလိပ်ပြားဖဲကြိုးလေးက အရမ်းကြည့်ကောင်းနေမှဖြင့် ဘာလို့ ရှောင်ကျဲကောကောကိုပါ တစ်ခုလောက် မတပ်ပေးလိုက်ရတာလဲ"
ကလေးမလေး၏ မျက်လုံးများသည် ဝင်းလက်သွား၏။
"အို့ခေ!"
ရွယ်ကျစ်သည် စိမ်းရင့်ရောင်ဖဲကြိုးကို ယူလိုက်ပြီး လိပ်ပြာပုံစံအဖြစ် ကျွမ်းကျင်စွာ ချည်ကာ ညီမဖြစ်သူထံ ကမ်းပေးလိုက်သည်။
"လာလေ အားယန်၊ ရှောင်ကျဲကိုပါ တပ်ပေးလိုက်"
ချောင်းကျဲတစ်ယောက် အထိတ်တလန့်ဖြင့် ခြေနှစ်လှမ်း နောက်ဆုတ်မိတော့သည်။
"အားယန် ကိုကို..."
ကလေးငယ်သည် သူ(မ)၏လက်လေးထဲတွင် စိမ်းရင့်ရောင်ဖဲကြိုးလေးကို ကိုင်ပြီး ချောင်းကျဲအား မျှော်လင့်တကြီး မော့ကြည့်နေလေ၏။
ဒါကို ဘယ်သူက ခံနိုင်မှာတဲ့လဲ?
ချောင်းကျဲတစ်ယောက် သူ့စကားများကို မသိစိတ်အရ အလိုလိုပြောင်းမိသွားတော့သည်။
"ကိုကိုက အားယန်ပေးတဲ့ ဖဲကြိုးကို ကြိုက်တာပေါ့"
လျို့ဟွားမှာ ထိုမြင်ကွင်းကို မြင်သည့်အချိန် အူလှိုက်သည်းလှိုက် ရယ်ချင်နေမိတော့သည်။ ကြည့်ရတာ သူ(မ)သားတွေက သူတို့ညီမလေးရဲ့ လက်ညှိုးညွှန်ရာတွေ ဖြစ်နေပြီနဲ့တူတယ်။
သူ(မ)ကိုယ်သူ(မ) "မတော်တဆ မီးစမှန်မည်" ကို ရှောင်ရှားရန် အလို့ငှာ လျို့ဟွားတစ်ယောက် အကြောင်းပြချက်တစ်ခုပေးပြီး ထွက်ပြေးတော့သည်။
သို့နှင့် အစိမ်းရင့်ရောင်လေးကို ၀တ်ထားသည့် ချောင်းကျဲနှင့် ပန်းရောင်လေးကို ၀တ်ထားသည့် ရွယ်ကျစ်တို့ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြပြီး ချက်ချင်းဆိုသလို သူတို့၏စကားများကို ပြန်ရုပ်သိမ်းလိုက်ကြသည်။
ရှောင်ရွယ်ယန်တစ်ဦးတည်းကသာ ပျော်ရွှင်စွာ လက်ခုပ်လက်ဝါးတီးနေလေ၏။
"ကြည့်ကောင်းတယ် ကြည့်ကောင်းတယ်!"
ရေထဲ ဆွဲချခံထားရသည့် ချောင်းကျဲမှာ အနည်းငယ် တွန့်ဆုတ်တွန့်ဆုတ် ဖြစ်နေ၏။
"အားယန်၊ ကိုကိုတို့ ရွယ်ယွိကောအတွက်ပါ တစ်ခုလောက်လုပ်ပေးလိုက်ကြမလား"
ကလေးမလေးသည် ခေါင်းရှုပ်သွား၏။ နှစ်စက္ကန့်ကြာပြီးနောက်တွင်မှ တုံ့ပြန်လာပြီး အလျင်အမြန် ခေါင်းညိတ်ပြတော့သည်။
"အို့ခေ! အားယန်တို့ ဘာအရောင်ရွေးရင် ကောင်းမလဲ၊ ထီကျစ်အတွက်လည်း တစ်ခုရွေးပေးရမယ်၊ အခုဆို ထီကျစ်က သာ့ကောကောနဲ့ သင့်မြတ်နေကြပြီဆိုတော့!"
ရွယ်ကျစ်နှင့် ချောင်းကျဲတို့သည် တစ်ယောက်ကိုတစ်ယောက် တစ်ချက်ကြည့်လိုက်ကြပြီး သူတို့ညီမလေးရှေ့တွင် မျက်နှာသာပေးခံရရန် မကြာခဏ ယှဉ်ပြိုင်လေ့ရှိကြသော သူတို့နှစ်ဦးသည် ဆက်ဆံရေးကောင်းမရှိနိုင်ကြောင်းကို ကောင်းကောင်းသိထားကြသည်။
ထိုကိစ္စကို ဘေးထားလိုက်ပြီး ရွယ်ကျစ်သည် သူ၏ညီမလေးဘေးတွင် ဝင်ထိုင်ကာ အရောင်များကို အချိန်အတော်ကြာ အတူတူ ရွေးပေးလိုက်သည်။
သုံးယောက်သား၏ အားကောင်းပြင်းထန်သော ဆွေးနွေးမှုများအပြီးတွင် ရွယ်ယွိအတွက် အနီရောင်တောက်တောက်နှင့် ထီကျစ်အတွက် အစိမ်းနုရောင်တို့ကို ရွေးချယ်လိုက်သည်။
ရွယ်ယန်တစ်ယောက် မယုံနိုင်လောက်အောင် ဖြစ်နေ၏။
"ကိုကိုတို့၊ ကိုကိုတို့က အရမ်းမိုက်တာပဲ၊ ဒီနှစ်ခုနဲ့ ကိုကိုတို့နှစ်ခုက အရမ်းအရမ်း အလှဆုံးအရောင်တွေပဲ!"
ရွယ်ကျစ်နှင့် ချောင်းကျဲတို့နှစ်ယောက် အောင့်အီးပြုံးလိုက်တော့သည်။
"ဒါပေါ့"
သူတို့တွေ နောင်ဆို ဒီအရာတွေကို ကလေးနဲ့ ဝေးနိုင်သမျှ ဝေးဝေး ထား,ထားမှရတော့မယ်!
