Chapter 8

3.1K 280 0
                                    

အပိုင်း (၈)

ကလေး လေးယောက်သားက အလွန်သင့်မြတ်ကာ ပနံသင့်နေကြသည်။ ထိုအချိန် ဧည့်ခန်းထဲရှိ ဖုန်းမှာ ရုတ်တရက် မြည်လာပြီး ယဲအန့်နင် ဖုန်းကိုင်လိုက်တော့မည့်အချိန် ရွယ်ကျင်းဟုန်က ခြေလှမ်းကျဲကျဲလှမ်းကာ ထွက်လာ၏။

သူ ဖုန်းကိုင်လိုက်ချိန် တစ်ဖက်ရှိ ရှိုက်ငိုနေသံကို ကြားလိုက်ရပြီး

"ဟဲလို မစ်စတာရွယ်ရှိလားမသိဘူး"

ရွယ်ကျင်းဟုန် မျက်မှောင်ကြုတ်လိုက်ပြီး

"ပြောနေပါတယ်"

"ကျွန်မက အားယန်ရဲ့ကလေးထိန်းပါ၊ လွန်ခဲ့တဲ့နှစ်ရက်က အားယန်က သူ့အဖေကို သွားရှာမယ်လို့ ပြောပြီး ကျွန်မ တစ်ဖက်လှည့်နေတဲ့အချိန် ပျောက်သွားလို့... အဲ့ဒါ.. အားယန် ရှင့်ရဲ့နေရာမှာ ရှိနေလားဆိုတာ ပြောပြပေးလို့ရမလား? ကျွန်မလည်း ရွေးချယ်စရာ မရှိတော့တာမလို့ ရှင်ဆီ ဖုန်းခေါ်ကြည့်လိုက်ရတာပါ...."

အားမန်က သည်းသည်းနင့်နင့် ငိုယိုလာ၏။

ရွယ်ကျင်းဟုန်တစ်ယောက် အားယန်လေးအား ကူကယ်ရာမဲ့စွာ လှမ်းကြည့်ပြီး သက်ပြင်းချလိုက်သည်။ သူလည်း မပြောဘဲမနေလို့ မရတော့
"အားယန် ငါနဲ့ရှိနေတယ်၊ မနေ့က ကလေးကိုလာခေါ်ဖို့ တစ်စုံတစ်ယောက်က ဖုန်းဆက်လာပေးတာ"

အတွေးတစ်ခုက သူ့ခေါင်းထဲ ဝင်လာပြီး

"ငါ အားယန်ကို နောက်နှစ်ရက်နေရင် ပြန်ခေါ်လာပေးမယ်၊ စိတ်ပူမနေပါနဲ့"

အားမန်မှာတော့ စိတ်မပူဘဲ မနေနိုင်ချေ။

"မဒမ်လည်း အိမ်ပြန်ရောက်မလာသေးဘူး၊ သူ ပြန်လာလို့ အားယန်ရှိမနေတာကို သိရင် မိုးမီးလောင်မှာ"

လျို့ဟွားရဲ့ဒေါသကို ပြန်မြင်ယောင်ပြီး ရွယ်ကျင်းဟုန် မျက်နှာမဲ့သွားကာ

"အားယန်က ဒီမှာ သူ့အကိုတွေအမတွေနဲ့ အဆင်ပြေနေတာ... ငါ သူ့ကို တတ်နိုင်သမျှ မြန်မြန် ပြန်ပို့ပေးမယ်"

တခြားရွေးချယ်စရာမရှိတော့သည့်အဆုံး အားမန်မှာ သဘောတူရုံသာ တတ်နိုင်တော့သည်။

"ဒါဆိုလည်း ကျွန်မ မစ်စတာရွယ်ကိုပဲ ဒုက္ခပေးရတော့မယ်"

ရွယ်ကျင်းဟုန်တစ်ယောက် ဖုန်းချပြီးသည်နှင့် လိမ္မာလှသည့်ကလေးငယ်အား စိုးရိမ်မှုတချို့ဖြင့် လှမ်းကြည့်လိုက်သည်။ ထို့နောက် လျှောက်သွားလိုက်ပြီး ရွယ်ယန်အရှေ့သို့ ဝပ်တုပ်ထိုင်ချပြီး

"အားယန် သမီး မေမေ့ကို သတိရလား?"

ရွယ်ယန်က ရွယ်ကျင်းဟုန်ကို ကြောင်အမ်းစွာ ကြည့်ပြီး

"ဒါပေမယ့် ဖေဖေ မေမေက အိမ်မှာ ရှိမနေဘူးလေ"

ရွယ်ကျင်းဟုန် သူ့သမီးလေးရဲ့ပါးဖောင်းဖောင်းလေးကို ညှစ်လိုက်ပြီး

"မေမေ ဘယ်သွားလဲဆိုတာ အားယန်သိလား?"

ရွယ်ယန်က အလွန်ခေါင်းရှုပ်နေဆဲဖြစ်ပြီး

"သိဘူးလေ မေမေက ကိုကိုချောင်းကျဲကိုပဲ ခေါ်သွားတာ"

သူ(မ)လေးက အနည်းငယ် နှုတ်ခမ်းဆူပြီး

"မေမေက သမီးကိုကျ ကစားဖို့ ခေါ်မသွားဘူး"

ချောင်းကျဲဆိုသည့် အသံကို ကြားရချိန်တွင် ရွယ်ယွိ၊ ရွယ်ကျစ်နှင့် ယဲအန့်နင်တို့မှာ အလိုလို မျက်နှာမဲ့သွားကြသည်။ ချောင်းကျဲက လျို့ဟွား သူ(မ)ကွာရှင်းပြီးနောက် မွေးစားထားခဲ့သည့် ရွယ်ကျစ်နှင့် အသက်တူသည့် ကောင်လေးတစ်ယောက်ဖြစ်သည်။

နောက်ပိုင်းတွင် ရွယ်ယန့်အပေါ် သူ ပေးလာသည့် ဒုက္ခတို့က တခြားသူများထက် မနည်းခဲ့ချေ။

သို့သော် ရွယ်ကျင်းဟုန်က ဤအကြောင်းအား မသိသေးသဖြင့် ဆက်၍ မေးလာ၏။

"ကိုကိုချောင်းကျဲက ဘယ်သူလဲ?"

ရွယ်ယန်က မျက်လုံးဝိုင်းဝိုင်းလေးများကို မျက်တောင်ခတ်ပြီး

"သူက သမီးကိုကိုပဲလေ ကိုကိုကြီးနဲ့တခြားသူတွေလိုလေ"

ရွယ်ကျင်းဟုန် အနည်းနှင့်အများတော့ သဘောပေါက်သွား၏။ သူက ဇဝေဇဝါဖြစ်နေသည့် ကလေးမလေးကို ခေါင်းပုတ်ပေးပြီး

"အားယန် အိမ်ကိုပြန်ချင်လား?"

ရွယ်ယန်တစ်ယောက် ယခုအခိုက်အတန့်တွင်တော့ ထိတ်လန့်အံ့ဩသွား၏။ သူ(မ)က ခေါင်းကိုငုံ့ကာ နှုတ်ခမ်းကို ကိုက်ရင်း

"ဖေဖေက အားယန်ကို အိမ်ပြန်ပို့တော့မလို့လား?"

ယဲဝမ်က မီးဖိုချောင်တံခါးနားတွင်နေ၍ တစ်လျှောက်လုံး နားထောင်နေခဲ့ခြင်းဖြစ်ပြီး လက်ရှိအခြေအနေကို အနည်းနှင့်အများတော့ သဘောပေါက်နေပြီဖြစ်သည်။ သူ(မ)ကလည်း လျှောက်လာလိုက်ပြီး ရွယ်ယန်အရှေ့တွင် ဝပ်တုပ်ထိုင်ကာ ညင်သာစွာဖြင့်
"အားယန် ဒါက အားယန်ရဲ့အိမ်ပဲ! ပြီးတော့ အားယန်မှာ မေမေရှိတဲ့နောက်အိမ်တစ်လုံးလည်း ရှိသေးတယ်၊ အားယန်ရဲ့မေမေကသာ အားယန်ကို မမြင်ရင် သူ စိတ်ပူနေတော့မှာပေါ့"

ရွယ်ယန့်ရဲ့မျက်ဝန်းများထဲ မျက်ရည်များ ဝေ့သီလာပြီး သူ(မ)ပုံစံလေးက အကောင်ပေါက်လေးတစ်ကောင်လိုပင်။

"ဖေဖေ ကိုကိုတို့ရော သမီးနဲ့ အိမ်လိုက်လို့ရလား?"

ရွယ်ကျင်းဟုန် ရွယ်ယွိနှင့် ရွယ်ကျစ်ကို ကြည့်လိုက်ပြီး ကောင်လေးနှစ်ယောက်ပြောသံကို သူ ကြားလိုက်ရသည်။

"ဒါပေါ့! ကိုကိုတို့က အားယန်နဲ့အတူ မေမေ့အိမ်ကို လိုက်မယ် ဟုတ်ပြီလား?"

ရွယ်ကျင်းဟုန်မှာ အနည်းငယ် ပီတိဝေဆာသွားရသည်။ သူက သားနှစ်ယောက်၏ပခုံးကို တစ်လှည့်စီပုတ်ပေးလိုက်ပြီး

"ဟုတ်ပြီ မနက်ဖြန်ကျ မင်းတို့အမေ ဘာကြံနေသလဲဆိုတာ တူတူသွားကြည့်ကြတာပေါ့"

တစ်ခါတစ်ရံ သူတို့ရဲ့စကားများက ရွယ်ယန်နားလည်နိုင်သည်ထက် ကျော်လွန်နေသော်လည်း သူ(မ)ကတော့ အလွန်ပျော်ရွှင်နေလေ၏။

သို့သော် ရွယ်ယွိ၊ ရွယ်ကျစ်နဲ့ ယဲအန့်နင် တွေးနေခဲ့တာက....

သူတို့ မှတ်မိတာသာ မှန်မည်ဆိုလျှင် အားယန် ဒီတစ်ခေါက် အိမ်ပြန်သွားသည့်အချိန် အပြင်းအထန် ဒဏ်ရာရလိမ့်မည်ဖြစ်သည်။ ထိုအချိန်တုန်းက သူတို့ သူ(မ)နှင့်အတူ မလိုက်ဖြစ်ခဲ့၍လည်း ဘာတွေဖြစ်သွားခဲ့လဲဆိုတာ အတိအကျ သူတို့မသိချေ။

ဘာမှမသိရှာသည့် အားယန်လေးက ယဲအန့်နင်ရဲ့လက်ကို ညင်သာစွာ ဆွဲလိုက်ပြီး

"ကျဲကျယ် အားယန် မနက်ဖြန် သွားတော့မယ်နော်"

ယဲအန့်နင် သူ(မ)နှင့်ပတ်သက်၍ အလွန်စိုးရိမ်နေမိသည့်တိုင် ဒါတွေကို ရွယ်ကျင်းဟုန်အား ပြောပြလို့မဖြစ်ပေ။ သူ(မ)က အပြုံးတစ်ခုကို ဖိအားပေးပြုံးရင်း

"အားယန်က ကျဲကျယ်ကို မခွဲနိုင်လို့လား?"

ကလေးမလေးရဲ့မျက်လုံးဝိုင်းဝိုင်းလေးများက ဝမ်းနည်းမှုတို့ကို သယ်ဆောင်ထားပြီး

"အင်း...!"

ယဲအန့်နင်နှလုံးသားမှာ သူ(မ)အတွက် အလွန်နေကျင်နေရပြီး

"အဆင်ပြေပါတယ် အားယန် ကျဲကျယ်တို့တွေ နောက်ဆို အချိန်မရွေး တွေ့နေရတော့မှာလေ ဟုတ်ပြီလား?"

ရွယ်ယန်က နှာရှုတ်လိုက်ပြီး

"အိုခေ....."

ရွယ်ကျစ် ရွယ်ကျင်းဟုန်နှင့် ယဲဝမ်အား ထပ်ကြည့်လိုက်သည်။ သူတို့ နောက်ဖေးသို့ ပြန်ဝင်သွားသည်ကို ရွယ်ကျစ် မြင်သည်နှင့် ယဲအန့်နင်အား အကြည့်တစ်ချက် ပို့လိုက်သည်။

ယဲအန့်နင် သူ့ရဲ့အချက်ပြမှုကို နားလည်ပြီး ခေါင်းဖွဖွညိတ်ပြလိုက်သည်။ သူ(မ)က ကလေးမလေးရဲ့ဆံပင်ကို ဖွလိုက်ပြီး

"အားယန် ဒီမှာ လိမ်လိမ်မာမာစောင့်နေပေးနော်၊ မမနဲ့ ကိုကိုတို့ ချက်ချင်းပြန်လာခဲ့မယ်"

ရွယ်ယန်က လိမ္မာစွာ ခေါင်းညိတ်လိုက်ပြီး

"အို့ခေ!"

သူ(မ)က ဆိုဖာပေါ်တွင် ထိုင်ပြီး ခြေထောက်သေးသေးလေးများကို လွှဲယမ်းနေ၏။ သူ(မ)ခြေရင်းတွင် ပါပီပေါက်စလေးက ပျင်းရိစွာ လဲလျောင်းနေပြီး တစ်ခါတစ်ရံ သူ(မ)ခြေထောက်အား ပွတ်သပ်နေ၏။ ပါပီလေးရဲ့မျက်လုံးများထဲမှ ဖုံးကွယ်ထားသောစောင့်ကြည့်မှုတို့ကို တွေ့ဖို့မဖြစ်နိုင်ချေ။

ယဲအန့်နင်တစ်ယောက် မျက်ခုံးများကို ကြုတ်ထားရင်း လှေကားဆီသို့ ကောင်လေးနှစ်ယောက်နောက် လိုက်သွားသည်။

"နင်တို့ရော တွေးမိကြတယ်မလား?"

ရွယ်ယွိနှင့် ရွယ်ကျစ်နှစ်ယောက်စလုံး အရှက်ရစွာဖြင့် ခေါင်းများငုံ့ထားကြသည်။

"အဲ့ဒီမှာ ဘာတွေဖြစ်ခဲ့လဲဆိုတာ ငါတို့သေချာမသိဘူး၊ ဖြစ်ပြီးနောက်ပိုင်းမှာမှ နည်းနည်းပဲကြားခဲ့တာ"

ယဲအန့်နင် သက်ပြင်းချလိုက်ပြီး

"ငါလည်း သေချာမသိဘူး၊ နောက်ပိုင်းမှာမှ အမျိုးသမီးလျို့ မတော်တဆဆုံးသွားတယ်ဆိုတဲ့သတင်းပဲ ကြားလိုက်ရတာ၊ ပြီးတော့ အားယန် ပြန်ရောက်လာတဲ့အချိန် အကြာကြီးပဲ နေမကောင်းဖြစ်သွားခဲ့တာ"

ရွယ်ယွိ မျက်လုံးများကို မှိတ်ထားလိုက်သည်။ အတန်ကြာသွားပြီးနောက်မှ သူက ဖြည်းညင်းစွာဖြင့် သက်ပြင်းရှည်ကြီးချလိုက်ပြီး

"ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ဒီတစ်ခါ ငါတို့ ကလေးနဲ့အတူသွားကြမှာပဲ၊ အချိန်ကျလာတဲ့အခါကျရင် သတိချပ်ချပ်ထားလိုက်မယ်"

...

အိမ်နီးချင်းမြို့မှ ဆေးရုံတစ်ခုတွင် လျို့ဟွားတစ်ယောက် ဆေးရုံကုတင်ပေါ်တွင် လှဲနေသည့် သတိမရသေးသည့်ကောင်လေးကို ကြည့်ရင်း အေးစက်ပြီး ကျက်သရေရှိသော မျက်နှာထက် မျက်မှောင်ကြုတ်ထား၏။

ချောင်းကျဲက မိဘမဲ့ဂေဟာတစ်ခု၌ သူ(မ)နှင့် ဆုံခဲ့သည့် ကောင်လေးတစ်ယောက်ဖြစ်သည်။ ထိုအချိန်က သူ(မ)က အားယန်အား ကာကွယ်ပေးမည့် တစ်စုံတစ်ယောက်ရှိလျှင် ကောင်းမည်ဟုတွေးပြီး သူ့ကို မွေးစားထားခဲ့ခြင်းဖြစ်သည်။

သို့ရာတွင် ချောင်းကျဲရဲ့ကျန်းမာရေးက အလွန်ဆိုးရွားသဖြင့် သူ(မ)မှာ သူ့ကို ဆေးစစ်ရန်အတွက် ဆေးရုံသို့ ပုံမှန် ခေါ်လာပေးရသည်။ 

အိမ်တွင် သူ(မ)သမီးလေးအား ကြည့်ပေးမည့်သူ အားမန်တစ်ယောက်တည်းသာရှိသည်ကို စဉ်းစားရုံဖြင့် သူ(မ)မှာ အလွန်စိုးရိမ်နေရသည်။

အချို့သော အကြောင်းပြချက်ကြောင့် သူ(မ)နှလုံးသားမှာ မရှင်းပြနိုင်သော စိတ်မသက်မသာမှုတို့ဖြင့် ပြည့်နှက်သွားပြန်၏။

ကုတင်ပေါ်တွင် လှဲရင်း ချောင်းကျဲတစ်ယောက် ရုန်းကန်နေရသည်။ သူက အားယန်ရဲ့အသုဘတွင် သူ သူ(မ)အပေါ် ကျူးလွန်ခဲ့သည့် အမှားတို့ကို နောင်တရရင်း ဝမ်းနည်းစွာ ငိုကြွေးနေခဲ့ခြင်းဖြစ်သည်။

ဘာကြောင့်မှန်းမသိစွာဖြင့် သူ ရုတ်တရက် သတိမေ့သွားရသည်။ သူ အသိပြန်ရလာသည့်အချိန် ဆေးရုံကုတင်ပေါ်တွင် လဲလျောင်းနေပြီး သူ့ခန္ဓာကိုယ်က သူ ဆယ့်တစ်နှစ်၊ ဆယ့်နှစ်နှစ်အရွယ်သို့ ပြန်ရောက်ရှိသွားပုံရသည်ကို သိလိုက်ရသည်။

ချောင်းကျဲ တွေဝေစွာ ထထိုင်ပြီး သူ့ကိုယ်သူ ကြမ်းတမ်းစွာ ဆိတ်ဆွဲလိုက်သည်။ လက်မောင်းထဲရှိ ရှင်းရှင်းလင်းလင်း နာကျင်မှုကြီးက သူ့ကို အတိအလင်းပြောနေသည်မှာ ဒါတွေအားလုံးက အမှန်တွေချည်းသာ ဖြစ်သည်ဟု။

သူက နီရဲတက်လာသည့်မျက်လုံးများကို ဖုံးကွယ်ရန် ခေါင်းငုံ့ထားလိုက်သည်။

သူ လက်တွေ့ကို လက်ခံလိုက်သည့်အချိန် ချောင်းကျဲ အသိတို့ပြန်ဝင်လာပြီး သူ လူပြန်ဝင်စားတာ ဖြစ်နိုင်သည်ဟု သဘောပေါက်လိုက်သည်။

သူ့ခံစားချက်တို့က တဖြည်းဖြည်း တည်ငြိမ်သွားရင် ချောင်းကျဲတစ်ယောက် အသက်ပြင်းပြင်းရှူကာ သူ့နှလုံးသားထဲတွင် ဆုံးဖြတ်ချက်တစ်ခုကို တိတ်တဆိတ် ခိုင်မာစွာ ချလိုက်သည်။

အားယန်ရေ ဒီတစ်ခါ အကိုက မင်းကို သေချာပေါက် ကာကွယ်ပေးပါ့မယ်။

ရုတ်တရက် ဆေးရုံအခန်းတံခါးကို ခေါက်သံထွက်လာပြီး ချောင်းကျဲ အလိုလိုခေါင်းမော့လျက်သားဖြင့် ကြည့်မိသွားသည်။ လျို့ဟွားရဲ့အေးစက်ပြီး ကျက်သရေရှိသည့် မျက်နှာကို တွေ့လိုက်သည်။

ချောင်းကျဲ လျို့ဟွားအကြောင်းကို စဉ်းစားမိလေးတိုင်း သူ့နှလုံးသားမှာ ကျေးဇူးတရားတို့ဖြင့်သာ ပြည့်နေ၏။ သူ(မ)က သူ့အား မိဘမဲ့ဂေဟာမှ ခေါ်ထုတ်လာပေးပြီး ချမ်းချမ်းသာသာနှင့် စည်းစိမ်ခံရသည့်ဘဝကို ပေးအပ်ခဲ့သည်။

သူ(မ)ရဲ့တစ်ခုတည်းသောတောင်းဆိုချက်က အားယန်ကို ကောင်းကောင်းစောင့်ရှောက်ပေးဖို့။ ဒါပေမယ့်...သူ..သူ သူ(မ)ရဲ့မျှော်လင့်ချက်များကို ရိုက်ချိုးပစ်ခဲ့မိသည်။

တံခါးခေါက်သံက ထပ်ထွက်လာပြီး ချောင်းကျဲက တံခါးသွားမဖွင့်ပေးခင် ခေါင်းကြည်သွားစေရန် ခေါင်းကို ခါလိုက်သည်။

"အဒေါ်လျို့"

သူ(မ)အရှေ့မှ အနည်းငယ် ဖြူဖျော့နေသည့် ကောင်လေးကို ကြည့်ပြီး လျို့ဟွားက မျက်မှောင်ကြုတ်ကာ

"မင်း သက်သာသွားပြီလား?"

သူ(မ)အသံထဲမှ စိုးရိမ်မှုတို့က ဖုံးကွယ်ထား၍မရနိုင်ချေ။

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးWhere stories live. Discover now