အပိုင်း (၁၁)
လျို့ဟွားက ခေါင်းမာစွာဖြင့်
“ငါ့ကို အားယန်နဲ့ပေးတွေ့”
အားမန်မှာ သူ(မ)ကို ဖျောင်းဖျ၍လည်းမရပြန်၊ သူ(မ)ကျောမှ မီးလောင်ဒဏ်ရာက ပို၍စိုးသွားမှာကိုလည်း ကြောက်ရပြန်သဖြင့် သတိမရသေးသည့် ကလေးအား သွားချီခေါ်လာပြီး သူ(မ)ကို ပေးလိုက်သည်။
“မဒမ် အားယန်က ဒီမှာပါ”
လျို့ဟွားရဲ့မျက်လုံးများက နီရဲလာကာ သူ(မ)သမီးလေးအား သူ(မ)ရင်ခွင်ထဲသို့ ဂရုတစိုက် ပွေ့ချီလိုက်သည်။ သူ(မ)အသံတို့က ဩရှနေပြီး
“အားယန် မေမေ့ရဲ့အားယန်လေး....”
ရွယ်ယွိက အနည်းငယ် စိတ်ပူစွာဖြင့် လမ်းလျှောက်ဝင်လာပြီး
“အမေ မနေ့ညက ဘာဖြစ်ခဲ့တာလဲ....?”
ဘဝနှစ်ခုစလုံးတွင် တူညီသောအရာက ဖြစ်ပျက်ခဲ့ပြီး ဒီတစ်ကြိမ်တွင် ချီလင်းဟန်ကြောင့်သာ မဟုတ်လျှင် လျို့ဟွားရဲ့အသက်ကို ကယ်တင်နိုင်ခဲ့အုံးမည်မဟုတ်ပေ။
လျို့ဟွားက ရွယ်ယွိကို ထိုအကြောင်းနှင့်ပတ်သက်ပြီး မပြောချင်ပေ။ သူ(မ)က ခေါင်းကို တစ်ဖက်သို့လှည့်ပြီး ဖွဖွလေးဆိုလိုက်၏။
“ဒီကိစ္စက မင်းစိတ်ပူနေရမဲ့အရာမဟုတ်ဘူး”
ထိုအချိန် ရွယ်ကျင်းဟုန်က ဝင်လာပြီး
“ဒါဆို ငါကရော? ဒီလိုအန္တရာယ်များတဲ့ပတ်ဝန်းကျင်မျိုးမှာ ငါ့သမီးလေး ကြီးပြင်းတာကို ထိုင်ကြည့်မနေနိုင်တော့ဘူး”
လျို့ဟွား တစ်ခုခုကို သဘောပေါက်လိုက်ပြီး ရွယ်ကျင်းဟုန်အား အေးစက်စွာ စိုက်ကြည့်ကာ
“ဒါ ရှင် ဘာသဘောပြောတာလဲ?”
ရွယ်ကျင်းဟုန်က လုံးဝနောက်မတွန့်သွားဘဲ
“ငါ အလေးအနက်ပြောနေတာ၊ ငါ အားယန်ရဲ့အုပ်ထိန်းခွင့်ကို လိုချင်တယ်”
လျို့ဟွား အံကိုကြိတ်ပြီး
“မဖြစ်နိုင်ဘူး”
ရွယ်ကျင်းဟုန် တစ်ခုခုပြန်ပြောချင်သော်လည်း လျို့ဟွား၏နီရဲနေသော မျက်လုံးများကို မြင်လိုက်ရပြီး သူ(မ)က
“ရှင် ကျွန်မသားတွေကို ယူပြီးသွားပြီလေ၊ အားယန်ကိုပါ ယူခွင့်ပြုမှာမဟုတ်ဘူး”
ရွယ်ယွိနှင့် ရွယ်ကျစ်တို့မှာ ဒီကိစ္စထဲ သူတို့ ဘယ်လိုပတ်သက်သွားကြသလဲကို မသိလိုက်စွာဖြင့် အနည်းငယ်ခေါင်းရှုပ်သွားကြသည်။
ရွယ်ကျင်းဟုန်က ပြုံးလိုက်ပြီး
“ဒါက မင်းရဲ့ပြဿနာမဟုတ်ဘူးလား? မင်းကသာ သူတို့ကို နာကျင်စေခဲ့တဲ့သူလေ”
လျို့ဟွားက အထိတ်တလန့်ဖြင့် ခေါင်းခါကာ
“မဟုတ်ဘူး၊ ကျွန်မ သူတို့ကို နာကျင်စေခဲ့တာ မဟုတ်ဘူး”
ရွယ်ကျင်းဟုန် သူ(မ)နှင့်ဆက်ပြီး ရန်ဖြစ်မနေတော့ဘဲ
“မင်း စိတ်ရောဂါပညာရှင်တစ်ယောက်တော့ လိုနေပြီ”
လျို့ဟွားရဲ့မျက်လုံးများမှာ မျက်ရည်များဝေ့တက်လာပြီး
“ထွက်သွား!”
သူ(မ)အသံက အနည်းငယ် ကျယ်လောင်သွားသဖြင့် သူ(မ)ရင်ခွင်ထဲတွင် လဲလျောင်းနေသည့် ရွယ်ယန်က မျက်လုံးများကို တွေဝေစွာ ဖွင့်လိုက်ပြီး
“မေမေ...”
လျို့ဟွားမှာ ချက်ချင်းဆိုသလို နူးညံ့သွားပြီး
“အားယန် မေမေ ဒီမှာရှိတယ်နော်”
ရွယ်ယန် ထထိုင်ပြီး ဘေးပတ်ဝန်းကျင်အား ခေါင်းရှုပ်စွာ ကြည့်လိုက်သည်။ သူ(မ)က နှာခေါင်းရှုံ့ပြီး မျက်ရည်များက စီးကျလာကာ
“မေမေ စိတ်မဆိုးပါနဲ့”
လျို့ဟွား ကလေးရဲ့မျက်ရည်များကို အမြန်သုတ်ပေးလိုက်ပြီး
“အားယန် မငိုပါနဲ့၊ အားယန် မငိုနဲ့တော့နော်၊ မေမေ့အမှားတွေပါ....”
ရွယ်ကျင်းဟုန်၏အမူအရာတို့မှာ မည်းမှောင်သွားပြီး
“မင်း အားယန်ကို ရိုက်ခဲ့တာလား?”
လျို့ဟွားက သူ့ကို ဂရုမစိုက်လေဘဲ အားယန်ကို မျက်ရည်များ သုတ်ပေးနေပြီး အားယန်က မျက်လုံးများကို ပွတ်ကာ နူးညံ့စွာဖြင့်
“ဖေဖေ မေမေက အားယန်ကို မရိုက်ပါဘူး”
ရွယ်ကျင်းဟုန် ချောင်းနှစ်ကြိမ်ဟန့်လိုက်ပြီး
“အို့ ဒါဆိုလည်း ပြီးတာပဲ ကောင်းတယ်”
ရွယ်ကျစ်မှာ ထပ်ပြီးကြည့်မနေနိုင်တော့ချေ။ သူက ရွယ်ကျင်းဟုန်အား အပြင်သို့ တိုက်ရိုက်ဆွဲခေါ်သွားပြီး အခန်းထဲရှိကိစ္စများကို ကိုင်တွယ်ဖြေရှင်းရန် ဝင်လာကြသည့် ချောင်းကျဲနှင့် ရွယ်ယွိကို ချန်ထားခဲ့လိုက်သည်။
ရွယ်ယွိက မပြောခင် တစ်ခဏစဉ်းစားနေပြီးနောက်မှ
“အမေ ယောက်ျားလေးဖြစ်တဲ့ သားတို့ကို အမေ ရိုက်နှက်နိုင်ပေမယ့် အားယန်က အရမ်းလိမ္မာနေပြီးသားလေ....”
ချောင်းကျဲက ကျိုလာသည့်ဆေးကို လျို့ဟွားအနားမှာ ချလိုက်ရင်း
“အဒေါ်လျို့ ဆေးအရင်သောက်လိုက်ပါ၊ ဒါက အဒေါ့်ရဲ့ဒဏ်ရာကို အမြန်သက်သာစေမှာပါ”
သို့သော် လျို့ဟွားက မျက်လွှာချထားပြီး သူ(မ)ပေါင်ပေါ် ထိုင်နေသည့် ငြိမ်သက်နေသော ကလေးမလေးကို ကြည့်ကာ နောက်ဆုံးတွင်
“ရှောင်ယွိ အမေတောင်းပန်ပါတယ်”
ရွယ်ယွိမှာ တစ်ခဏ အံ့အားသင့်သွားပြီး
“အမေ ကျွန်တော် အမေရဲ့တောင်းပန်မှုကို မလိုပါဘူး”
လျို့ဟွားက ဆက်၍
“အမေ့မှာ တစ်ခုခုမှားယွင်းနေတယ်ဆိုတာ အမေ အမြဲ သိနေခဲ့တယ်၊ ဒါပေမယ့် အမေ အဲ့ဒါကို ဖြေရှင်းဖို့ ဘယ်တော့မှ မတွေးခဲ့ဘူး”
ပြောနေရင်းဖြင့် သူ(မ)အသံတို့ကာ တိုးဖျသွားပြီး တိုးဖျလွန်းသည်က ရွယ်ယွိမှာ မနည်းနားထောင်ယူရသည့်အထိပင်။
ရွယ်ယန်က ဂရုတစိုက်ဖြင့် ဆေးပန်ကန်ကို ယူလိုက်ပြီး သူ(မ)အမေထံ ကမ်းပေးကာ
“မေမေ ဆေးသောက်”
လျို့ဟွားမှာ ကူကယ်ရာမဲ့စွာ ပြုံးလျက်ဖြင့် ပန်းကန်လုံးကို ယူကာ
“အိုခေ အားယန်က အရမ်းကို ကောင်းတာပဲ”
ရွယ်ယန်က နှုတ်ခမ်းကို စေ့ထားပြီး ရှက်သွေးဖြာစွာ ပြုံးရင်း
“မေမေ ဝမ်းမနည်းနဲ့တော့နော်”
လျို့ဟွား သူ(မ)သမီးလေးရဲ့ပါးပြင်လေးအား ညှစ်လိုက်ပြီး တရုတ်ဆေးပန်းကန်တစ်လုံးလုံးအား သောက်ချလိုက်သည်။
သောက်ပြီးနောက်တွင် သူ(မ)က
“အားယန် သမီး ဒီမှာနေရတာ သဘောကျရဲ့လား?”
အမေဖြစ်သူ၏ ပေါင်ပေါ်တွင်ထိုင်ပြီး ရွယ်ယန်က အလွန် လေးနက်စွာဖြင့်
“မေမေ အားယန် အပြင်မှာထွက်ပြီး ကစားချင်တယ်၊ ဒါပေမယ့် အားယန်က မေမေနဲ့ပဲ ပိုနေချင်တာ”
လျို့ဟွား၏မျက်လုံးများမှာ တစ်ဖန် နီရဲလို့လာပြန်၏။ သူ(မ)က ကလေးငယ်အား တင်းကျပ်စွာ ပွေ့ဖက်ထားရင်း အသံတို့က တုန်ယင်နေကာ
“အိုခေ မေမေ နားလည်ပါပြီ”
ရွယ်ကျစ်က ရွယ်ကျင်းဟုန်အား အပြင်သို့ ခေါ်ထုတ်သွားပြီး ရွယ်ကျင်းဟုန်မှာ ကူကယ်ရာမဲ့စွာဖြင့်
“ရှောင်ကျစ် ဘာဖြစ်လို့လဲ?”
ရွယ်ကျစ်က ဆိုဖာပေါ်မှီပြီး အနည်းငယ် မခံမရပ်နိုင်စွာဖြင့်
“အဖေ အဖေ ဘာလို့အမေ့ကို အဲ့လိုသွားပြောရတာလဲ?”
ရွယ်ကျင်းဟုန်တစ်ယောက် သူ့သားက ယခုတွင် သူနှင့် ခပ်တန်းတန်းမနေတော့သည်ကို ရေးတေးတေး အာရုံရမိပြီး ကူကယ်ရာမဲ့စွာ သက်ပြင်းချရင်း
“အဲ့တော့ အဖေက ဘာပြောလိုက်သင့်တာလဲ?”
ရွယ်ကျစ်က ခေါင်းခါပြီး
“ကျွန်တော်လည်း မသိဘူး ဒါပေမယ့် အဖေ ဒီကိစ္စကို အားယန်ကို ကိုင်တွယ်ခိုင်းသင့်တာ”
ရွယ်ကျင်းဟုန် စဉ်းစားလိုက်ပြီး သူလည်းပဲ သဘောပေါက်လိုက်သည်။ လျို့ဟွားရဲ့အကြီးမားဆုံးသော ပြဿနာက သူ(မ)က ကိုယ့်ကိုယ်ကိုယ် လုံခြုံတယ်လို့ ခံစားမနေရတာ ဒါပေမယ့် သူ(မ) အားယန်ကို ချစ်တယ်ဆိုတာက သံသယဝင်စရာမလိုဘူး...
ဒီတော့ ဒီကိစ္စကို ကလေးကိုပဲ လက်လွှဲထားမှရလိမ့်မယ်...
သိပ်မကြာလိုက်ခင် လျို့ဟွားက ရွယ်ယန်အား ခေါ်ကာ ထွက်လာပြီး သူ(မ) အနောက်မှလိုက်လာကြသည့် ချောင်းကျဲနှင့် ရွယ်ယွိတို့ အလွန်ကို အေးအေးဆေးဆေး ဖြစ်နေကြသည့်ဟန်က ဘာပြဿနာမှ မရှိတော့သည့်ပုံနှယ်။
ရွယ်ကျင်းဟုန် ထိုအကြောင်း တွေးနေရုံရှိသေး လျို့ဟွားက သူ့ထံ လျှောက်လာပြီး
“ကျွန်မ အားယန်နဲ့ မြို့ထဲမှာ ပြောင်းနေမယ်၊ ရှင် အခု သွားလို့ရပြီ”
ရွယ်ယန်က သူ(မ)လက်ကို ကိုင်ပြီး နူးညံ့စွာဖြင့်
“မေမေ အားယန်တို့ ဖေဖေတို့အိမ်နားမှာ နေမှာလား?”
လျို့ဟွားက ခေါင်းခါပြီး
“ဟင့်အင်း” ဇနီးဟောင်းဖြစ်သူက သူ့အိမ်ဘေးနားမှာ သွားနေရင် ယဲဝမ် ဘယ်လိုတွေးနေလိမ့်မလဲ?
ကလေးမလေးက အနည်းငယ် မကြည်ဖြူဟန်ဖြင့်
“ဒါပေမယ့် အားယန်က မမနဲ့ ကိုကိုတို့ရဲ့ ဘေးမှာ နေချင်တာလေ....”
လျို့ဟွားမှာ ယဲဝမ်ရဲ့သမီးက သူ(မ)ရဲ့အရူးမလေးနှင့် အဆင်ပြေပြေရှိကြလိမ့်မည်ဟု မမျှော်လင့်ထားခဲ့မိပေ။ သူ(မ)က
“ဒါဆိုလည်း သမီးရဲ့ကိုကိုတွေကို သမီးနဲ့ မကြာခဏ လာကစားခိုင်းလိုက်လေ ကောင်းတယ်မလား?”
ရွယ်ယန်က ခေါင်းမာမြဲခေါင်းမာဆဲ
“ဒါပေမယ့် မမကျတော့ရော?”
လျို့သွား : “.....”
ဒီကလေး..၊ ဘာလို့ အရူးလုပ်ဖို့ ဒီလောက်ခက်ရတာလဲ?
ရွယ်ကျင်းဟုန်မှာ မနေနိုင်တော့ဘဲ
“မင်း ဘာလို့ ငါတို့အနားကိုပဲ မပြောင်းနေလိုက်တာလဲ? အဲ့လိုဆို အကုန်လုံး တစ်ယောက်ကိုတစ်ယောက် စောင့်ရှောက်ရလွယ်သွားတာပေါ့”
အဓိက,က လျို့ဟွား စိတ်တစ်ဖန်ထပ်လွတ်ပြီး အားယန်အား နာကျင်စေမည်ကို သူ စိုးရိမ်သောကြောင့်ပင်။
လျို့ဟွားလည်း ဤဖြစ်နိုင်ခြေကို တစ်ခဏ စဉ်းစားကြည့်ပြီးနောက်
“ရှင့်အိမ်ဖုန်းနံပါတ်ဘယ်လောက်လဲ?”
ရွယ်ကျင်းဟုန်မှာ နှစ်စက္ကန့်စာမျှ ကြောင်အမ်းသွားပြီး မသေချာမရေရာစွာဖြင့် နံပါတ်ကို ပြောပြလိုက်သည်။
လျို့ဟွားကို ထိုဖုန်းနံပါတ်ကို ချက်ခြင်း ခေါ်ဆိုလိုက်ပြီး တခြားတစ်ဖက်က လျင်မြန်စွာ ကိုင်လာခဲ့သည်။
တစ်ဖက်မှ ယဲဝမ်ရဲ့ညင်သာသောအသံက ထွက်လာ၏။
“ဟဲလို?”
လျို့ဟွားက လိုရှင်းတိုရှင်းဖြင့်
“လျို့ဟွားပါ”
ယဲဝမ် ထိတ်လန့်သွားမိသည်။ ထို့နောက် လျို့ဟွားဘက်မှ ဆက်ပြောလာသည်ကို သူ(မ)ကြားလိုက်ရသည်။
“နောက်ရက်အနည်းငယ်ကျရင် အားယန်နဲ့ ငါ အိမ်ပြောင်းမလို့၊ အားယန်က နင်တို့အိမ်ဘေးနားကို ပြောင်းချင်နေတယ် နင့်မှာ ကန့်ကွက်ချင်တာများ ရှိလား?”
ယဲဝမ်တစ်ယောက် အနည်းငယ် ပြောစရာစကားမဲ့သွားပြီး
“ဘာလို့ နင့်အသံက ဒီကို တိုက်ပွဲစဖို့ ရောက်လာတော့မယ့်ပုံစံမျိုးဖြစ်နေရတာလဲ?”
လျို့ဟွားက အတည်လည်းမပြုသလို ငြင်းဆန်ခြင်းလည်းမရှိကာ
“နင့်ကိုနင် အတင်းအကျပ်ဖိအားပေးစရာမလိုဘူး”
ယဲဝမ် မျက်ခုံးများကို ဖိထားလိုက်ပြီး
“ငါ အကြံတစ်ခုပေးချင်တယ်၊ ငါတို့အရှေ့က အိမ်က နေရောင်ပိုရတယ်၊ နင် အဲ့ဒီအိမ်ကို ဝယ်လိုက်လို့ရတယ်”
လျို့ဟွား မျက်ခုံးများကို မြှင့်လိုက်ပြီး
“ကောင်းပြီ”
ရွယ်ကျင်းဟုန်နှင့် ရွယ်ယန်မှလွဲ၍ လူတိုင်းက လျို့ဟွားအား ထိတ်လန့်စွာ ကြည့်မိလိုက်ကြသည်။
နှစ်ယောက်သားရဲ့ဆက်ဆံရေးက ဒီလောက်တောင် ကောင်းကြတာလား?
ရွယ်ကျင်းဟုန်က သူတို့နှစ်ယောက်လုံးရဲ့ အကျင့်စရိတ်ကို ကောင်းကောင်းနားလည်ထား၏။ လျို့ဟွားက သူ့ရဲ့ဇနီးဟောင်းဖြစ်သော်လည်း သူတို့နှစ်ဦးအကြားအိမ်ထောင်ရေးက မည်သည့်စိတ်ခံစားချက်မရှိဘဲ အပြန်အလှန်အကျိုးသက်ရောက်မှုတစ်ခုတည်းကြောင့်သာ ဖြစ်သည်။
ယဲဝမ်ကမူ အပေါ်ယံတွင် နူးညံ့ပုံပေါ်သော်လည်း သူ(မ)ရဲ့ပင်ကိုယ်စရိုက်က မတွေဝေမယိမ်းယိုင်တတ်သူဖြစ်ပြီး အရာများကို အလွန်ရှင်းလင်းစွာ မြင်နိုင်၏။
ယဲဝမ်နှင့် ရွယ်ကျင်းဟုန်က ငယ်ချစ်ဦးများဖြစ်ကြသော်လည်း လျို့ဟွားအပေါ် ကလေးနှိပ်စက်ညှဉ်းပန်းမှုဟူသော သံသယသာမရှိလျှင် သူ(မ)နှင့် သူ ကွာရှင်းခဲ့မည်မဟုတ်ပေ။ မည်သို့ဆိုစေ တာဝန်ဆိုသည့် ဝတ္တရားများကို သည်းခံထားရမည်မဟုတ်ပါလား။
ထို့ကြောင့် သည်နှစ်ယောက် တစ်ယောက်နှင့်တစ်ယောက် သင့်မြတ်နေကြသည်က သူ့အတွက် အံ့အားသင့်စရာမဟုတ်ပေ။
အားယန်ကတော့.....
သူ(မ)က အနှီရှုပ်ထွေးလှသည့် ကိစ္စရပ်များကို ဘာတစ်ခုမှ ရိုးရိုးရှင်းရှင်း နားမလည်နေရုံပင်။
သူ(မ)သိသမျှအားလုံးမှာ....
“မေမေ အားယန်တို့ ဖေဖေတို့အိမ်ဘေးမှာ နေလို့ရပြီလား?”
