အပိုင်း (၆၄)
သူ(မ)နှင့် ရွှီယိတို့ သိကျွမ်းလာကြသည်မှာ နှစ်အတော်ကြာပြီဖြစ်၍ သူ(မ) ရွှီယိအား ယုံကြည်၏။ သူ(မ)က အကြီးအကဲနှစ်ယောက်၏ သူ(မ)တို့နှစ်ယောက် ပြန်ပေါင်းထုပ်အရေးကို စဉ်းစားနေကြဆဲဖြစ်သော အကြံကို ရပ်တန့်ရန် ဆင်ခြေတစ်ခု ရှာကြည့်လိုက်ရုံပင်။
ပြီးတော့ ယဲဝမ်အတွက်...
လူကြီးနှစ်ယောက်က ယဲဝမ် အရွယ်ရောက်လာသည်ကို မြင်တွေ့ခဲ့ကြသော်လည်း သူ(မ)နှင့် ရွယ်ကျင်းဟုန်၏ ကွာရှင်းမှုကြောင့် သူ(မ)နှင့် ပတ်သက်၍ အချို့သောနားလည်မှုလွဲခြင်းများ ရှိနေကြသေးသည်ပင်။
လျို့ဟွားသည် ရွယ်ကျင်းဟုန်နှင့် ယဲဝမ်အား ကူညီပေးရုံသက်သက်သာ။
ရွယ်ကျင်းဟုန်သည်လည်း သဘာဝအတိုင်း ၎င်းအား သဘောပေါက်သည်။ ကျေးဇူးတင်စွာဖြင့်ပင် သူ(မ)အား သတိပေးစရာရှိသည်ကို ပေးလိုက်သေး၏။
“အဲ့ဒီလူကို အကဲခတ်ဖို့ ဘေးအိမ်က အမျိုးသမီးတွေကိုလည်း မင်း အကူအညီအတောင်းလို့ရတယ်”
လျို့ဟွား သူ့အား အမြင်ကတ်စွာ လက်ခါပြလိုက်သည်။
“အင်း ကျွန်မသိတယ်”
ကလေးမလေး ရွယ်ယန်က နောက်ထပ်သကြားလုံးတစ်လုံးကို ယူပြီး သူ(မ)ပါးစပ်ထဲ ထိုးထည့်ရန် ကြိုးစားလိုက်သည်။
“ဖေဖေ၊ အားယန်တို့ ဖိုဖိုးနဲ့ဖွားဖွားအိမ်ကို ဘယ်အချိန် သွားကြမှာလဲ”
ရွယ်ကျင်းဟုန်က အပြင်ဘက်ရှိ ရာသီဥတုကို တစ်ချက် လှမ်းကြည့်လိုက်သည်။
“မနက်ဖြန်ဆိုရင်ရော၊ သမီးကိုကိုနဲ့ မမတွေကိုပါ အတူခေါ်သွားကြတာပေါ့”
ကလေးမလေးမှာ အကြောင်းအချို့ကြောင့် အဖိုး၊အဖွားဖြစ်သူအား တွေ့ချင်စိတ် ပြင်းပြနေပြီး နာခံစွာဖြင့် ခေါင်းညိတ်လိုက်သည်။
“ဟုတ်!”
အဓိကအကြောင်းအရာအား ပြောပြီးသည်နှင့် ရွယ်ကျင်းဟုန်တစ်ယောက် စကားအနည်းငယ် ဆိုပြီးနောက် သူ့အိမ်သို့ ပြန်သွားလိုက်သည်။
လျို့ဟွား ရွယ်ကျင်းဟုန်ကို ပြန်လိုက်ပို့ပေးသည်ကို ကြည့်ပြီး ရွယ်ယွိတစ်ယောက် စနောက်သံစွက်စွက်ဖြင့် လျို့ဟွားအား လှမ်းပြောလိုက်သည်။
“အမေရေ၊ ဦးလေးရွှီတစ်ယောက် သူ တစ်စက္ကန့်စာလောက် အာဏာရသွားတာကို သိလားမသိဘူးနော်”
လျို့ဟွား သားဖြစ်သူကို စိုက်ကြည့်လိုက်ပြီး သူ့ထံသို့ ခေါင်းအုံးတစ်လုံး လှမ်းပစ်လိုက်သည်။
“မင်း တအားစကားများတာပဲ”
သူ(မ)မှာ ရွှီယိအား လက်ခံရကောင်းနိုးနိုး ချီတုံချတုံဖြစ်နေရဆဲ၊ ယနေ့တွင် ရွယ်ကျင်းဟုန် သူ(မ)အား ပြောသွားသည်က သူ(မ)အား ပိုလို့ပင် စိတ်ပိုင်းဖြတ်နိုင်သွားစေ၏။
ရွယ်ကျင်းဟုန်၏ မိဘများ သူ(မ)အကြောင်းတွေးနေသည်အား ခွင့်ပြုထား၍ မဖြစ်တော့ပေ။ ယင်းကား မည်သူ့အတွက်မျှ မကောင်းချေ။
အနည်းဆုံးတော့ ရွှီယိသည် သူ(မ)၏သားသမီးလေးယောက်အား အသည်းလှိုက်အူလှိုက် ဆက်ဆံပေးမည်ကိုတော့ သူ(မ)သိသည်။
လျို့ဟွားတစ်ယောက် အတွေးထဲမျောနေချိန် ရွယ်ယန်၏ တီးတိုးရေရွတ်သံကို သူ(မ) ကြားလိုက်ရသည်။
“ဦးဦးရွှီ သမီးမေမေက...”
ကလေးပေါက်စက ဆိုဖာထောင့်နားတွင် ပုန်းနေပြီး ရွယ်ယွိ၏ ဖုန်းဖြင့် တစ်စုံတစ်ယောက်ကို ဖုန်းခေါ်နေသည့်ဟန်ပင်။
လျို့ဟွား တိတ်တဆိတ်နှင့် လျှောက်သွားလိုက်သည်။
“အားယန်!”
အရမ်း ကောင်းတယ်၊ ကြည့်ရတာ သူ(မ)ရဲ့ကလေးလေးကောင်က ပုန်ကန်တတ်နေကြပြီပဲ။
ရွယ်ယန်၏ လက်မှာ တုန်ယင်သွားပြီး လက်ထဲမှ ဖုန်းပင် ပြုတ်ကျလုနီးနီး။
“မေမေ...၊ မေမေ... မေမေ ဒီကို ဘယ်လိုရောက်နေတာလဲ”
လျို့ဟွား မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။
“ဘယ်သူ့ကို ဖုန်းခေါ်နေတာလဲ”
ကလေးမလေးက မျက်လုံးကစားကာ ထူးထူးဆန်းဆန်း ပြုမူနေ၏။
“အားယန် ဘယ်သူ့ကိုမှ ဖုန်းမခေါ်ပါဘူး မေမေ”
လျို့ဟွား အပိုစကားများဖြင့် အချိန်ဖြုန်းမနေချင်တော့ပေ။ ကလေးမလေးအား လက်တစ်ဖက်ဖြင့် ဆိုဖာပေါ်တွင် ဖိထားလိုက်ပြီး နောက်လက်တစ်ဖက်ဖြင့် သူ(မ)၏လက်ထဲမှ ဖုန်းအား တိုက်ရိုက် ဆွဲလုလိုက်သည်။
ရွယ်ယန်မှာ အဖိခံထားရခြင်းကြောင့် မလှုပ်နိုင်သဖြင့် လက်တိုတိုလေးများကိုသာ တဖျပ်ဖျပ် ခတ်နေရတော့သည်။
“မေမေ! သူများပစ္စည်းကို အဲ့လိုယူလို့မရဘူးလေ! ကိုကိုရေ! ကိုကို့ဖုန်း!”
ရွယ်ယွိတစ်ယောက် အလွယ်တကူ အရေးနိမ့်သွားသော ညီမဖြစ်သူအား တစ်လှည့်၊ လူသတ်တော့မည့် အရောင်အဝါများ ထုတ်လွှတ်နေသည့် အမေဖြစ်သူအား တစ်လှည့်ကြည့်လိုက်ပြီးနောက် ပြတ်သားစွာဖြင့် အကြည့်လွှဲလိုက်တော့သည်။
“ရှောင်ကျစ် မင်းကို ငါ ပြီးခဲ့တဲ့အခေါက်က မေးထားတဲ့ မေးခွန်း ဖြေပြီးပြီလား”
ရွယ်ကျစ်မှာ ပဟေဠိဖြစ်သွားရသည်။ ကော မင်းက အထက်မြက်ဆုံးဆိုတာကို ငါ ဝန်ခံပါတယ်၊ ဒါပေမယ့် ငါက ဂျုနီယာ အထက်တန်းမေးခွန်းတွေတောင် မလုပ်နိုင်တဲ့ အဆင့်တော့ မဟုတ်သေးဘူးလေ!
သူက မျက်မှောင်ကြုတ်ကာ တစ်ခုခုပြောရန် ဟန်ပြင်လိုက်သော်လည်း ရုတ်တရက် သူ့အမေနှင့် အကိုဖြစ်သူထံမှ ထွက်လာသော အရေဆုတ်လိုသော ရောင်ဝါများကို ခံစားလိုက်ရသည်။
“မလုပ်ရသေးဘူး၊ အကိုကပဲ ကျွန်တော့်ကို ပြန်ပြီး ရှင်းပြပေးပါအုံး”
လျှံထွက်လာတော့မည့် စကားလုံးများကို အတင်း ပြန်မျိုချထားလိုက်ရပြီး ရွယ်ကျစ်တစ်ယောက် ရွယ်ယွိ၏ ဇာတ်အတိုင်း လိုက်,ကဖို့ ရွေးချယ်လိုက်သည်။
ကလေးငယ်ခမျာ အနှီစဉ်းလဲသော ခွေးအိုကြီးများကို နားမလည်နိုင်ဖြစ်နေရ၏။ သူ(မ)က ထိတ်လန့်သွားကာ
“ကိုကိုတို့ အဲ့ဒီလို လုပ်လို့မရဘူးလေ! မေမေသိသွားခဲ့ရင် အားယန်ကို ကာကွယ်ပေးမယ်လို့ ကတိပေးပြီးသားလေ!”
သူ(မ)၏ အသနားခံသော မျက်လုံးများက ပို၍ ကိုးစားလို့ရနိုင်မည့် ချောင်းကျဲထံ ကူးပြောင်းသွား၏။
“ရှောင်ကျဲကော...”
“ရွယ်ယွိကော ကျွန်တော်လည်း အဲ့ဒီမေးခွန်းကို မရှင်းမရှင်းဖြစ်နေတယ်ဗျ၊ ကျွန်တော့်ကိုပါ ပြန်သင်ပေးပါ”
ချောင်းကျဲသည်လည်း ရွယ်ယွိ၊ ရွယ်ကျစ်တို့နှင့် ပူးပေါင်းရန် ရွေးချယ်လိုက်သည်။
လျို့ဟွားတစ်ယောက် စိတ်ကျေနပ်စွာ ခေါင်းညိတ်လိုက်ပြီးနောက် သူ(မ)အကြည့်များကို အသေးလေးထံ ပြန်ပို့လိုက်သည်။
“အသေးလေး နင် တော်တော်ရဲတင်းလှချည်လား ဟမ်”
ရွယ်ယန် : “... မား သမီး ရှင်းပြတာကို နားထောင်ပေးပါအုံး!”
လျို့ဟွား အေးစက်စွာ နှာမှုတ်လိုက်သည်။ သူ(မ) အနှီကလေးပေါက်စအား သင်ခန်းစာ ကောင်းကောင်းပေးရန် ဟန်ပြင်လိုက်သည့်အချိန် သူ(မ)လက်ထဲရှိ ဖုန်းထဲမှ နှလုံးသားအား ယားယံသွားစေသည့် အမျိုးသား၏ အသံကို ကြားလိုက်ရသည်။
“ရှောင်ဟွား”
လျို့ဟွား၏ အပြုအမူမှာ ရုတ်ခြည်း တန့်သွားတော့သည်။
“ဒီကလေးစုတ်လေး ရှင့်ကို ဘာတွေပြောထားတာလဲ”
သေချင်ယောင်ဆောင်နေသည့် ကလေးပေါက်စက တစ်စက္ကန့်အတွင်း ပြန်ရှင်းလာ၏။
“မေမေ အားယန်က ကလေးစုတ်လေး မဟုတ်ဘူး!”
လျို့ဟွား ကလေးမအား ဖင်သို့ ညင်သာစွာ လက်ပြန်ရိုက်လိုက်ပြီး တိတ်တိတ်နေရန် မျက်လုံးဖြင့် အချက်ပြလိုက်သည်။
ရွယ်ယန်မှာ သူ(မ)၏ အားနည်းပြီး သနားစဖွယ်ကောင်းသော ကူကယ်ရာမဲ့နေသည့် ကိုယ်လေးအား ဖက်ထားလိုက်တော့သည်။ သူ(မ)အမေက ဘာလို့ သူများဖင်ကို ရိုက်ရက်ရတာလဲ! သူကဖြင့် လေးနှစ်ခွဲ ရှိနေပြီဟာကို! အရွယ်ရောက်နေပြီ!
သူ(မ)မျက်နှာကို မထည့်တွက်ပေးတော့ဘူးလား?
ရွှီယိ၏ အသံထဲတွင် အပြုံးတို့ ပါဝင်နေ၏။
“ကလေးက သူပြောသင့်တာကိုပဲ ပြောသွားတာပါ၊ မပြောသင့်တာတွေလည်း ပါတာတော့ ပါတာပေါ့”
သူ(မ) မပြောသင့်သော အရာများက သူတို့ အိမ်ထောင်ပြုတော့မလား၊ သူတို့ ဘယ်တော့ လက်ထပ်မှာလဲ စသဖြင့်ပင်...
လျို့ဟွား ပြုံးလိုက်သည်။
“အရမ်းကောင်းတယ်”
သူ(မ)က ဖုန်းကို တိုက်ရိုက်ချလိုက်ပြီး ရွယ်ယွိထံ ပြန်ပစ်ပေးလိုက်သည်။ ထို့နောက် ကလေးမလေးကို ဖမ်းချုပ်ကာ ကလိထိုးတော့သည်။
ရွယ်ယန်တစ်ယောက် လျို့ဟွား၏ ဖိထားခြင်းကို ခံရပြီး မလှုပ်နိုင်ချေ။ သူ(မ)မှာ အမေဖြစ်သူ၏ လက်မောင်းကို ဖက်တွယ်ပြီး အဆက်မပြတ် အော်ဟစ်ရယ်နေရတော့သည်။
ဖရဲစေ့စားနေကြသော သုံးယောက်သားမှာ ခက်ခက်ခဲခဲ တံတွေးမျိုချလိုက်ရသည်။ ဒါကြီးက တကယ် လူသားမဆန်တဲ့ ချဉ်းကပ်မှုကြီး!
သို့သော် ကလိထိုးခံရသော ကလေးမသည် သူ(မ)အမေနှင့် ကျွမ်းကျွမ်းကျင်ကျင် ကစားနေတော့သည်။ သူ(မ)သည် ရုန်းကန်ပြီး သူ(မ)၏တစ်ကိုယ်လုံးဖြင့် အမေဖြစ်သူကို ပတ်ထားလိုက်သည်။ အနှီသားအမိနှစ်ယောက် ယခုလိုမျိုး မကြာခဏ ကစားတတ်ကြသည်မှာ သိသာလှသည်ပင်။
လျို့ဟွားသည်လည်း လွန်လွန်ကျူးကျူး မသွားပေ။ သူ(မ)က ဒီအတိုင်း ကလေးမလေးနှင့် ဆော့ကစားပေးရုံပင်။
ရွယ်ယန်တစ်ယောက် ကစားရတာ ပင်ပန်းသွားသည့်အချိန် သူ(မ)၏ ခြေလက်များကို ဖြေလျှော့ချလိုက်ပြီး ဆိုဖာပေါ် ပစ်လှဲချလိုက်သည်။
လျို့ဟွားက ကလေးမလေး၏ နူးညံ့သော မျက်နှာလေးအား အားအနည်းငယ်စိုက်ကာ ဖျစ်ညှစ်လိုက်သည်။
“အားယန် နောင်ဆို ဒီလို မလုပ်ရဘူးနော်!”
သူ(မ) ဘာကြောင့် မလုပ်သင့်သလဲကို မသိသည့်တိုင် ရွယ်ယန်တစ်ယောက် နာခံစွာဖြင့် ခေါင်းညိတ်ပြလိုက်သည်။
“အိုခေပါ ဒါနဲ့... မေမေ ဦးဦးရွှီနဲ့ မေမေတို့ အတူရှိကြဖို့ အားယန် မျှော်လင့်တယ်”
လျို့ဟွား လှောင်ထေ့လိုက်သည်။
“ကလေးစုတ်လေးကများ ဘာနားလည်တာမှတ်လို့”
ကလေးမလေးသည် မကျေနပ်စွာ ညည်းတွားလာ၏။
“အားယန်က ကလေးစုတ်လေး မဟုတ်ပါဘူးဆို!” သူ(မ) ဒါကို အကြိမ်ပေါင်းများစွာ ပြောပြထားပြီးသားလေ!
လျို့ဟွား ကလေးမလေး၏ပါးပြင်နှစ်ဖက်ကို ကိုင်လိုက်ပြီး မျက်နှာတည့်တည့်ကြည့်ကာ တစ်လုံးချင်း ဆိုလိုက်သည်။
“ကလေး! စုတ်လေး! အားယန်က ကလေး စုတ်!”
ရွယ်ယန် : “... မေမေ မေမေက အရမ်း ကလေးဆန်တာပဲ”
ဒီလိုလုပ်တာနဲ့ပဲ သူ စိတ်ဆိုးမယ်ထင်နေတာလား? မဖြစ်နိုင်တာ လုံးဝ မဖြစ်နိုင်ဘူး!
လျို့ဟွားတစ်ယောက် တစ်ခဏ ရပ်တန့်သွားကာ တည်ငြိမ်စွာဖြင့် ဆိုလိုက်သည်။
“အဲ့ဒီလိုလား... ဒါဆို အားယန် ချောကလက်ကိုလည်း မလိုချင်လောက်တော့ဘူးပေါ့ ဟုတ်တယ်မလား”
တည်ငြိမ်ချင်ယောင်ဆောင်နေသည့် ကလေးမတစ်ယောက် ရုတ်ခြည်း ဣန္ဒြေပျက်လာတော့သည်။
“မေမေ့! လိုချင်တယ်! လိုချင်တယ်! အားယန် ချောကလက်လိုချင်တယ်!”
လျို့ဟွားတစ်ယောက် နောက်ဆုံးစာကြောင်းကို ဆွဲထုတ်လာ၏။
“အဲ့ဒီလိုလား... ဒါက ကလေးဆန်တာမလား”
ကလေးမလေးက လေးနက်စွာ ပြန်ဖြေပေး၏။
“အားယန်က ကလေးဆန်တာပါ!” မေမေက တကယ့် ကလေးဆန်တာပဲ!
လျို့ဟွားသည် အလွန် စိတ်ကျေနပ်လျက်။
“ဒါဆို... ကလေးစုတ်လေးကရော”
ကလေးမလေးက ချက်ချင်း ပြန်ဖြေလာ၏။
“အားယန်ပါပဲ! အဲ့ဒါ အားယန်ပါပဲ!”
ကလေးမလေး ဤမျှအထိ နာခံလွန်းနေသည်က လျို့ဟွားအား လိပ်ပြာမလုံဖြစ်စေ၏။
“ဟုတ်ပြီ ဟုတ်ပြီ၊ မေမေ သမီးကို မစတော့ဘူး၊ သွား ထီကျစ်နဲ့ သွားဆေ့ာတော့”
ရွယ်ယန်တစ်ယောက် ချောကလက်ကို သိမ်းထားလိုက်ပြီး သူ(မ)အား ပျော်ရွှင်စွာ ပွေ့ဖက်ပြီး အနမ်းများပင် ချွေပေးလိုက်သေး၏။
“မေမေ အားယန်က မေမေ့ကို အချစ်ဆုံး!”
လျို့ဟွား ကလေးမလေး၏ဆံပင်များကို ဖွလိုက်သည်။
“အသည်းလေး မေမေက သမီးကို ဒီလောက်အနိုင်ကျင့်တာ ဒါတောင် မေမေ့ကို ချစ်နေသေးတယ်ပေါ့လေ”
ရွယ်ယန်က သူ(မ) ကောင်းကောင်းနားလည်သည့်ပုံပင်။
“မေမေကလည်း မိန်းကလေးပဲလေ၊ အဲ့တော့ အားယန်နဲ့ တူတူကစားချင်မှာပေါ့!”
ဒါကြောင့်မလို့လည်း သူ(မ)က သူ(မ)အမေကို အချစ်ပိုရတာပေါ့!
လျို့ဟွားမှာ အလွန် မမျှော်လင့်ထားမိသဖြင့် သူ(မ)၏ အသည်းအသက်လေးကြောင့် ရင်ထဲ ထိသွားရပြီး မထိန်းချုပ်နိုင်တော့ကာ ကလေးမလေးကို ပွေ့ဖက်ပြီး နမ်းရှိုက်လိုက်သည်။
“ဒီအသည်းပေါက်လေးက အရမ်းတော်တာပဲ!”
