အပိုင်း (၁၀)
ချီလင်းလန်ရဲ့မျက်လုံးများ နီရဲလာပြီး သူ့ရဲ့စိတ်ခံစားချက်တို့ကို ဖုံးကွယ်ရန် ခေါင်းကို ချက်ချင်း ငုံ့ချထားလိုက်သည်။
ရွယ်ယန်က လှေကားပေါ်မှ ဆင်းလာပြီး သူ(မ)ရဲ့မျက်နှာသေးသေးလေးက ဟနေသည့်ကြားမှ ချောင်းကြည့်ရင်း
“မေမေ့!”
လျို့ဟွားက အားမန်အား
“အားမန် ဧည့်သည်တွေကို ကောင်းကောင်းဧည့်ခံထားလိုက်၊ ငါ အားယန်ကို အရင်သွားသိပ်လိုက်မယ်”
အားမန် ခေါင်းညိတ်ပြီး
“ဟုတ် မဒမ်”
လျို့ဟွားက တစ်ဖက်သို့လှည့်ပြီး ရွယ်ယန်ဆီသို့ လျှောက်သွားကာ
“အားယန် ချောကလက်တွေ အများကြီးစားရင် သွားထဲမှာ ပိုးကောင်တွေပေါက်လာမှာနော်”
ရွယ်ယန်က သူ(မ)အမေရဲ့ပေါင်ကို တင်းကျပ်စွာ ဖက်ထားပြီး
“မေမေလိမ်နေတာ ကိုကိုပြောတာ သွားတွေမှာ ပိုးကောင်မပေါက်တတ်ဘူးတဲ့”
လျို့ဟွားတစ်ယောက် ကလေးအား ဘယ်အကိုက သင်ပေးလိုက်မှန်း မသိချေ။ သူ(မ)က ကလေးကို ကောက်ချီပြီး အပေါ်ထပ်သို့ ဖြည်းညင်းစွာ တက်သွားရင်း
“သမီးရဲ့ကိုကိုကမှ သမီးကို လိမ်နေတာ”
ရွယ်ယန် ဝမ်းနည်းစွာဖြင့် နှုတ်ခမ်းဆူကာ
“မေမေ~~~~”
လျို့ဟွား သူ(မ)နဖူးလေးကို ခေါက်လိုက်ပြီး
“ချွဲပြမနေနဲ့”
ကလေးမလေးက သူ(မ)ခေါင်းကို အုပ်ရင်း ဝမ်းနည်းစွာဖြင့်
“အို့ခေ!”
ချီလင်းဟန်ရဲ့မျက်လုံးများက လှေကားများထက် ပျောက်ကွယ်သွားသည့် ကိုယ်ရိပ်လေးကို ကြည့်ရင်း ပျော့ပျောင်းသွားရသည်။
ချောင်းကျဲက အေးစက်စွာဖြင့်
“မင်းတို့အားလုံး စောစောအနားယူသင့်ပြီ”
ချီလင်းဟန်က အသိပြန်ဝင်လာပြီး
“သတိပေးတဲ့အတွက် ကျေးဇူး”
သို့သော် သူ့တွင် ဒီညအိပ်ဖို့ အစီစဉ် လုံးဝမရှိချေ။ အားယန်ရဲ့မတော်တဆက ဒီညတွင် ဖြစ်သည်ကို သူ အရှင်းအလင်းကြီး မှတ်မိနေ၏။ ယင်းမှာ လျို့ဟွားရဲ့အခန်းမှနေ၍ မီးလုံးကြီးက အရာအားလုံးကို ဝါးမျိုသွားခဲ့ခြင်းဖြစ်သည်။
ညသန်းခေါင်တွင် ချီလင်းဟန်တစ်ယောက် မျက်ခုံးများကို ဖိပြီး ဂရုတစိုက် ထကာ အခန်းထဲမှ ထွက်လိုက်သည်။
မာစတာအခန်းထဲတွင် လျို့ဟွားတစ်ယောက် သူ(မ)ရင်ခွင်ထဲတွင် အိပ်ပျော်နေသည့် ကလေးကို စိုက်ကြည့်နေ၏။ သူ(မ)က ကလေးရဲ့နူးညံ့သော မျက်နှာသေးသေးလေးကို ညင်သာစွာ ထိပြီး တီးတိုးစွာဖြင့်
“အားယန်၊ သမီး မေမေ့ကို မထားသွားဘူးမလား?”
ရွယ်ယန်က ချစ်စဖွယ် မျက်ခုံးလေးများကို တွေဝေစွာ တွန့်ချိုးပြီး မျက်လုံးများကို ဖွင့်လိုက်သည်။ သူ(မ)က သဘာဝအလျောက် နူးညံ့စွာဖြင့်
“မေမေ”
လျို့ဟွားရဲ့နှလုံးသားမှာ နူးညံ့သွားပြီး
“အားယန် ကလေး မေမေ ဒီမှာရှိတယ်၊ မကြောက်နဲ့နော်”
ရွယ်ယန်တစ်ယောက် ယိုင်နဲ့စွာ ပြန်အိပ်ပျော်တော့မည့်အချိန် လျို့ဟွားက ရုတ်တရက် သူ(မ)ကို လှုပ်နှိုးပြီး
“အားယန် သမီး မေမေ့ကို ချစ်လား?”
ကလေးမလေးက အလွန်အိပ်ငိုက်နေခြင်းကြောင့် နှုတ်ခမ်းဆူပြီး အမေဖြစ်သူ၏ရင်ခွင်ထဲတိုးဝင်လိုက်သော်လည်း လျို့ဟွားမှာတော့ အကြောင်းပြချက်တချို့ကြောင့် ထူးထူးဆန်းဆန်း အလျှော့မပေးချင်ပဲ သူ(မ)နှလုံးသားထဲတွင် တနုံ့နုံ့ခံစားချက်တို့က တစ်ဖန် ပေါ်ထွက်လာပြန်သည့်အလား...
သူ(မ)က ရွယ်ယန်ကို လှုပ်နှိုးပြီး
“အားယန်!”
ရွယ်ယန် မျက်လုံးများကို ပွတ်ပြီး ဖွင့်လိုက်သည့်အချိန် သူ(မ)အမေရဲ့ကြောက်မက်ဖွယ်အမူအရာကို မြင်ပြီး သူ(မ)မှာ မျက်ရည်များကျလာသည်အထိ ကြောက်လန့်သွားခဲ့သည်။
“မေမေ..အဟင့် အဟင့် ဝူးဝူးဝူးဝူးဝူး....”
ကလေးက သူ(မ)အမေးကို ပြန်မဖြေသေးဘူးဆိုတာကို မြင်လျှင် လျို့ဟွားမှာ ပို၍ပင် သောကများလာပြီး
“မငိုနဲ့! အားယန် မငိုနဲ့လို့!”
ကလေးတစ်ယောက်က ကိုယ့်ကိုယ်ကိုယ် ဘယ်ထိန်းချုပ်ထားနိုင်ပါ့မလဲ? သူ(မ)က ပို၍ပင် သည်းသည်းနင့်နင့် အော်ငိုလာ၏။
“ဝူး ဝူးဝူး....”
လျို့ဟွားက ထထိုင်လိုက်ပြီး ကလေးရဲ့ပခုံးများအား ဆုပ်ကိုင်ကာ
“အားယန်! မေမေ့ကို မြန်မြန်ဖြေစမ်း!”
ရွယ်ယန်က ခေါင်းကို တွင်တွင်ခါနေပြီး
“မဖြေချင်ဘူးလို့! မေမေ အဟင့် ဝူးဝူးဝူးဝူး....”
လျို့ဟွားမျက်ခုံးများကို တင်းကျပ်စွာ တွန့်ချိုးထား၏။ သူ(မ)ရဲ့အဖိုးတန်သမီးငယ်အား နာကျင်အောင်လုပ်နေသည်ကို နောက်ဆုံးတွင် သူ(မ) သဘောပေါက်သွားသည်။ သူ(မ)က တုံ့ဆိုင်းစွာဖြင့် ရွယ်ယန့်ကို လွှတ်ပေးလိုက်ပြီး သူ(မ)အား ကူညီပေးရန် တစ်ခုခုကို ရှာဖွေကြည့်လိုက်သည်။
သို့ရာတွင် ဘေးပတ်ပတ်လည်၌ မီးထွန်းထားသည့်မီးအိမ်လေးမှတစ်ပါး တခြား ဘာမှရှိမနေချေ။
သူ(မ)က ထိုမီးအိမ်သေးသေးလေးကို အလိုလို လက်က လှမ်းယူမိလိုက်သော်လည်း ရလဒ်အနေဖြင့် သူ(မ) ၎င်းကို တိုက်ချမိသွားသည်။
မီးအိမ်က ပြုတ်ကျသွားပြီး အရာအားလုံးက ကြိုတင်ပြင်ဆင်ထားသည့်အလား အိပ်ရာဘေးရှိ စာအုပ်များထားရာနေရာပေါ် တန်းပြုတ်ကျသွားခဲ့ကာ ချက်ချင်း မီးတောက်လာခဲ့သည်....
တိုးသထက်တိုးလာသည့် မီးတောက်များက ကလေးမလေးကို ခြောက်လန့်နေပြီး ရွယ်ယန်မှာ ငိုဖို့ပင် မေ့လျော့သွားခဲ့သည်။ သူ(မ)က အငြိုးကြီးစွာ တောက်လောင်နေသည့်မီးတောက်များကို ကြည့်ပြီး မျက်ရည်များကို တိတ်တဆိတ်သုတ်လိုက်သည်။
“မေမေ....”
ကလေးမလေးရဲ့အသံက ခြင်တစ်ကောင်ရဲ့ ညည်းသံလို တိုးဖျနေပြီး လျို့ဟွားမှာ ရုတ်ခြည်း အသိကပ်လာ၏။ သို့သော် ဘေးပတ်လည်ရှိ မီးတောက်များမှာ သူ(မ)ကဲ့သို့ အားနွဲ့သည့်အမျိုးသမီးတစ်ယောက်အဖို့ ထိန်းချုပ်နိုင်သည့် အခြေအနေထက် ကျော်လွန်နေပြီဖြစ်သည်။
သူ(မ)က ရွယ်ယန်အား အထိတ်တလန့် ပွေ့ဖက်ရင်း
“အားယန် မေမေ တောင်းပန်ပါတယ် မေမေ တောင်းပန်ပါတယ် “
ယခုအချိန်တွင် ရွယ်ယန်မှာ ခေါင်းအနည်းငယ် ကိုက်နေ၏။ သူ(မ)မျက်လုံးများက မသိလိုက်မသိဘာသာဖြင့် အိပ်ခန်းတံခါးဆီ လှမ်းကြည့်မိသည်မှာ တစ်စုံတစ်ယောက်က သူ(မ)ကို ကယ်တင်ဖို့ ရောက်လာတော့မည့်အလား....
ထိုအချိန်တွင် လျို့ဟွားရဲ့အိပ်ခန်းက ရိုက်ဖွင့်ခြင်း ခံလိုက်ရသည်။ ခေါင်းကိုက်မှုကြောင့် သတိလစ်မသွားခင် ရွယ်ယန် မီးတောက်များကြားထဲသို့ ပြေးဝင်လာသည့် လူငယ်လေးကို ရေးတေးတေး မြင်လိုက်ရသလိုပင်။
ချီလင်းယန်တစ်ယောက် ကော်ရစ်ဒါတွင် ခေါက်တုံ့ခေါက်ပြန် လျှောက်နေ၏။ သူ သူ့အခန်းထဲသို့ ပြန်ဝင်တော့မည့်အချိန် ကလေးရဲ့အထိတ်တလန့်ငိုသံကို ရေးတေးတေးကြားလိုက်ရသည်။
သူက လုံးဝတုံ့ဆိုင်းမနေဘဲ သူ့လူများကို ချက်ချင်းခေါ်လိုက်ပြီး မာစတာခန်းတံခါးကို ရိုက်ဖွင့်ရန် ညွှန်ကြားလိုက်သည်။
သို့သော် သူတို့ ခြေတစ်လှမ်း နောက်ကျသွားဆဲပင်။ တံခါးကို ဖွင့်လိုက်သည့်အချိန် အခန်းကို မီးတောက်များ လွှမ်းခြုံထားပြီး တဟုန်းဟုန်အပူက အပြင်သို့ပင် ပြန့်နှံ့လာ၏။
ချီလင်းဟန် ကြိုတင်ပြင်ဆင်ထားပြီးသားပင်။ မီးတောက်များက ပြင်းထန်နေသော်လည်း ၎င်းတို့က လက်ရှိတွင် မာစတာအခန်းထဲမှာပဲ ရှိနေဆဲဖြစ်သည်။
သူ့ကိုယ်သူ ရေစိုစောင်ဖြင့် ပတ်လိုက်ပြီး အခန်းထဲသို့ တိုက်ရိုက် ပြေးဝင်လိုက်သည်။ မာစခန်းမှာ အလွန်ကြီးပြီး အိပ်ရာကုတင်က အတွင်းဘက်အကျဆုံးတွင် ဖြစ်သည်။
သူ အလွန်သတိရ လွမ်းဆွတ်နေခဲ့သည့် မျက်ရည်များဝေ့သီနေသည့် ကလေးကို ရှင်းရှင်းလင်းလင်း တွေ့လိုက်ရသည်။ သူ(မ)က အမေဖြစ်သူ၏ရင်ခွင်ထဲ လဲလျောင်းရင်း မျက်လုံးဝိုင်းဝိုင်းလေးထဲ ထိတ်လန့်မှုတို့ ပြည့်နေ၏။
ချီလင်းဟန်ရဲ့နှလုံးသားမှာ လွန်စွာ နာကျင်လာရသည်။ သူ မာစတာခန်းထဲမှ ရေချိုးခန်းကို ရှာလိုက်ပြီး ရေပိုက်ကို ဖြုတ်ကာ ခလုတ်ဖွင့်ပြီး အခန်းထဲသို့ ဖြန်းလိုက်သည်။
အခြေအနေကိုကြည့်ပြီး အပြင်ဘက်ရှိ လူများကလည်း မီးငြိမ်းသတ်ရန် ရေများ ယူလာကြပြီး အဟုန်းပြင်းသည့်မီးက လျင်မြန်စွာဖြင့် ထိန်းချုပ်မှုအောက်သို့ ရောက်သွားခဲ့သည်။
ထိုအချိန်တွင် ရွယ်ယန်နှင့် လျို့ဟွားတို့က ကုတင်ပေါ်တွင် မေ့မြောသွားကြပြီဖြစ်သည်။ လျို့ဟွားက သူ(မ)ကိုယ်ကို သုံးပြီး ရွယ်ယန်အား မီးတောက်ကြီးများထံမှ ကာကွယ်ပေးထားခဲ့သည်။
ရွယ်ယွိနှင့် ချောင်းကျဲတို့မှာလည်း အိပ်မပျော်ကြချေ။ အခန်းတွင်းရှိ အသံလုံစနစ်က လွန်စွာ ကောင်းသော်လည်း တစ်ခုခု မှားနေသည်ကို သူတို့ သတိထားမိလိုက်ကြပြီး အခန်းထဲမှ ပြေးထွက်လာကြသည့်အချိန် မာစတာခန်းရှိမတော်တဆမှုက ဖြေရှင်းသွားနှင့်ပြီးဖြစ်သည်။
.
ရွယ်ကျင်းဟုန်တစ်ယောက် တံခါးခေါက်သံကြောင့် နိုးလာခဲ့သည်။ သူ အခန်းအပြင်သို့ ရောက်သည့်အချိန် မီးလောင်သည့်အနံ့ကို ချက်ချင်းရလိုက်သည်။
ဘာဖြစ်သလဲ မေးမြန်းသည်ကို စောင့်မနေတော့ဘဲ ရွယ်ယွိ သူ့အား ဆွဲခေါ်သွားပြီး လမ်းတွင် ရှင်းပြရင်းဖြင့်
“အဖေ အမေနဲ့အားယန် မတော်တဆဖြစ်လို့၊ မြန်မြန်သွားပြီး ကူညီပေးပါအုံး”
ရွယ်ကျင်းဟုန်တစ်ယောက် အနောက်မှလိုက်ရင်း မျက်မှောင်ကြုတ်ကာ
“ဘာဖြစ်တာလဲ?”
ရွယ်ယွိ အကြမ်းဖျင်း ရှင်းပြလိုက်သည်။
“အမေ့အခန်းထဲမှ မီးလောင်လို့၊ အမေရော အားယန်ပါ သတိလစ်နေကြတယ်”
ရွယ်ကျင်းဟုန် ခြေလှမ်းများကို အရှိန်တင်လိုက်ပြီး
“သူတို့ အဆင်ပြေကြရဲ့လား?”
ရွယ်ယွိ ခေါင်းခါကာ
“မသိသေးဘူး”
သူ(မ)က သူ့ဇနီးဟောင်းဖြစ်သော်လည်း ရွယ်ကျင်းဟုန် လူသားချင်းစာနာမှုအရ ဂရုစိုက်မိနေဆဲဖြစ်သည်။
လျို့ဟွားနဲ့ ရွယ်ယန်ကို ဧည့်ခန်းထဲသို့ ရွှေ့ထားကြသည်။ လျို့ဟွားက ကျောကုန်းတွင် ဒဏ်ရာအနည်းငယ်ရသွားခဲ့ပြီး ကံကောင်းစွာဖြင့် ရွယ်ယန်က ဘာမှမဖြစ်ခဲ့ချေ။
ရွယ်ကျင်းကုန် ရောက်သွားသည့်အချိန်တွင် ချောင်းကျဲက လျို့ဟွားရဲ့ဒဏ်ရာကို ဆေးထည့်ပေးနေ၏။
သူက အကြည့်များကို အလိုလို အဝေးသို့ ပို့လိုက်ပြီး
“အားယန် ဘာမှမဖြစ်ဘူးမလား?”
ရွယ်ကျစ်က ဒေါသသံဖြင့်
“ကလေးက အဆင်ပြေတယ်!”
ရွယ်ကျင်းဟုန် သူ့သားရဲ့လေသံကို နားထောင်ပြီး ပဟေဠိဖြစ်နေသည့်အချိန် မျက်စိတစ်မှိတ်အတွင်း သူ့ရဲ့အဖိုးတန်လေးက ကောင်လေးတစ်ယောက်ရဲ့ရင်ခွင်ထဲရောက်နေသည်ကို တွေ့လိုက်ရသည်။
သူက လျှောက်သွားလိုက်ပြီး ယဉ်ကျေးစွာဖြင့်
“ကလေးကို ဦးလေး ချီထားလိုက်ပါ့မယ်”
ချီလင်းဟန်ကလည်း အလွန်ကို ယဉ်ကျေးနေ၏။ သူက အခြေအနေအား ရွယ်ကျင်းဟုန် မြင်စေရန်အတွက် သူ့ကိုယ်ကို အနည်းငယ် စောင်းပြပေးလိုက်ပြီး
“ကလေးက ကျွန်တော့်အင်္ကျီစကို မလွတ်စတမ်း ကိုင်ထားလို့လေ၊ သူ့ကိုနိုးသွားစေမှာ စိုးတယ်”
ရွယ်ကျင်းဟုန်လည်း အံကို တင်းတင်းကြိတ်ထားမိတော့သည်။
လျို့ဟွား နိုးလာသည့်အချိန်က နောက်တစ်နေ့ နေ့လယ်ခင်းပင် ရောက်နေပြီဖြစ်ပြီး သူ(မ)က သတိရလာသည်နှင့်အတူ စိုးရိမ်တကြီး ငိုယိုကာ
“အားယန်...အားယန်....”
အခြေအနေကို နောက်မှ သိလိုက်ရသည့်အားမန်မှာ ငိုရှိုက်ရင်းဖြင့် သူ(မ)အား
“မဒမ် အဆင်ပြေရဲ့လား?”
လျို့ဟွား သူ(မ)ရဲ့လက်မောင်းကို ဖမ်းဆုပ်ပြီး
“အားယန် ဘယ်မှာလဲ? ဘယ်မှာလဲ ငါရဲ့အားယန်လေးက?”
အားမန် မျက်ရည်များကို သုတ်ကာ စိတ်ကို တည်ငြိမ်စွာ ထားပြီး
“မဒမ် အားယန် အိပ်ပျော်နေတုန်းပါ၊ ကလေးက အဆင်ပြေပါတယ်”