အပိုင်း (၂၆)
ပြောရမည်ဆိုလျှင် ရွယ်ယန်မှာ ရွယ်ကျစ်၏ဖန်များ တိုက်ခိုက်တာကိုပါ ခံခဲ့ရသေးသည်။ သို့ရာတွင် ၎င်းကို သူ ရှာတွေ့သွားခဲ့သည့်အချိန်မှာ နောက်ကျလွန်းသွားခဲ့ပြီပင်။
ထိုအကြောင်းစဉ်းစားရင်းဖြင့် ရွယ်ကျစ်တစ်ယောက် သူ ဖျော်ဖြေရေးလောကနှင့်ပတ်သက်သည့် မည်သည့်အရာနှင့်မျှ ထပ်၍ ပတ်ပတ်သက်သက် မရှိလိုတော့ချေ။
ရွယ်ကျင်းဟုန်ကလည်း သူ့ကို အတင်းဖိအားမပေးချေ။
"ရှောင်ကျစ် သားမသွားချင်ဘူးဆိုလည်း အဆင်ပြေတယ်၊ အဖေ့သူငယ်ချင်းက ဒီတိုင်း သူတို့ရဲ့ အဝတ်အစားဒီဇိုင်းသစ်က သားနဲ့ အရမ်းလိုက်ဖက်တယ်လို့ တွေးထားကြတာ"
ရွယ်ကျစ် သက်ပြင်းသဲ့သဲ့ချပြီး ငြင်းရန် ဟန်ပြင်လိုက်သည့်အချိန်၊ ရွယ်ယန်က ခေါင်းထောင်ကြည့်လာပြီး
"ကိုကို၊ ကြော်ငြာရိုက်ရင် ကိုကိုက တီဗီထဲမှာ ပါမယ်မလား?"
ရွယ်ကျစ်ရဲ့ငြင်းဆန်တော့မည့် စကားတို့မှာ လည်ချောင်းထဲ တစ်သွားရပြီး ရွယ်ယန်၏ခေါင်းလေးအား ပွတ်ကာ
"ဒါပေါ့၊ အားယန်က ဘာလို့မေးတာလဲ?"
ကလေးမလေးက သူ(မ)ရဲ့ပါးပြင်များကို ကိုင်ပြီး
"အရမ်းမိုက်တာပဲ!"
ရွယ်ကျစ်ရဲ့မျက်လုံးများက တစ်ချက်လက်သွားပြီး
"တကယ်လား?"
ရွယ်ယန်က ပြတ်သားစွာ ခေါင်းညိတ်ပြပြီး
"အွန်း! ပြီးတော့ ကိုကိုက အရမ်းကြည့်ကောင်းတာမလို့ သူများတွေလည်း ကိုကို့ကို သဘောကျကြမှာ"
ဒါက အမှန်ပင်။ ယခင်ဘဝတွင် ရွယ်ကျစ်၌ ဖန်တစ်ရာမီလီနီးပါး ရှိခဲ့သည်။ ဖန်အများစုက သူ့ရဲ့စွမ်းရည်နှင့် အရည်အချင်းထက် သူ့ရုပ်ရည်ကို သဘောကျကြခြင်းဖြစ်သည်။
မည်သို့ဆိုစေ ရွယ်ကျစ်ကာ အနုပညာလောကထဲသို့ စောစောစီးစီးဝင်သွားခဲ့သော်လည်း ပညာရေးတွင် လက်မလျှော့ခဲ့ပဲ နောက်ပိုင်းတွင် ဘွဲ့လက်မှတ်များစွာပါ ရခဲ့သေးသည်။
ရွယ်ကျစ်က ညင်သာစွာဖြင့်
"ဆိုတော့ အားယန်က ကိုကို့ကို ကြော်ငြာရိုက်စေချင်လို့လား?"
ကလေးမလေးက ရှက်ရွံ့စွာ ပြုံးပြီး
"အွန်း! ဒါပေမယ့် ကိုကိုက မလုပ်ချင်ဘူးဆိုရင် မသွားနဲ့လေ"
ရွယ်ကျစ်က နှုတ်ခမ်းထောင့်ကို ကွေးညွတ်လိုက်ပြီး သူ့အဖေကို ပြန်ကြည့်ကာ
"အဖေ ကျွန်တော် သွားချင်တယ်"
ရွယ်ကျစ် ဘာကို စဉ်းစားနေသလဲအား လူတိုင်း တစ်ချက်ကြည့်ရုံဖြင့် မြင်နိုင်သော်လည်း သူတို့တတ်နိုင်တာ ဘာမှမရှိချေ။
သားဖြစ်သူက သူ့သမီးငယ်၏စကားကြောင့် သဘောတူလိုက်ခြင်းဖြစ်သည်ကို ရွယ်ကျင်းဟုန် သိသော်လည်း နောင်တွင် ရွယ်ကျစ်က ဖျော်ဖြေရေးလောကထဲ ဝင်ရောက်သွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
သူက ခေါင်းညိတ်လိုက်ပြီး
"ဒါဆို အဖေ အဲဒီဦးလေးနဲ့ စကားနည်းနည်းပြောကြည့်လိုက်မယ်"
ရွယ်ကျစ်က ခေါင်းညိတ်ပြပြီး
"ဟုတ်"
အရူးမလေး ရွယ်ယန်သည်တော့ သူ(မ)ရဲ့ရိုးရိုးရှင်းရှင်းစကားလေးများက အကိုဖြစ်သူ၏စိတ်ကို ပြောင်းလဲသွားစေနိုင်ခဲ့သည်ကို မသိသေးပဲတခစ်ခစ်ရယ်ကာ
"ကိုကိုက အရမ်းမိုက်!"
ရွယ်ကျစ်က ပြုံးရုံသာပြုံးပြီး အရူးမလေး၏ခေါင်းအား ပွတ်သပ်ပေးလိုက်သည်။
လျို့ဟွားကလည်း သူ့သားရဲ့ဆုံးဖြတ်ချက်နှင့်ပတ်သက်ပြီး ကြားဝင်မစွက်ဖက်ချေ။ သူ(မ)က တဖြည်းဖြည်းဖြင့် သူ(မ)ရဲ့စိတ်ပိုင်းဆိုင်ရာနှင့် အတွေးများကို ပြောင်းလဲနေပြီဖြစ်သည်။
ထိုနေ့ပြီးနောက်မှာတော့ ရွယ်ယန်၏သူငယ်ချင်းလေးများအားလုံး အိမ်နီးနားချင်းများဖြစ်လာကြ၏။
လျို့ဟွားမှာ ဧည့်ခန်းထဲရှိ 'ကလေးတစ်သိုက်' ကို ကြည့်ပြီး သဘောတွေ့စွာ ခေါင်းခါမိတော့သည်။
သူ(မ)အနားရှိ လျို့မန်က ခေါင်းရှုပ်စွာဖြင့်
"မဒမ် ဘာဖြစ်လို့လဲ?" သူ(မ)ကတော့ အားယန်တွင် သူငယ်ချင်းတွေ အများကြီးရှိတာက ကောင်းသည်ဟုထင်၏။
လျို့ဟွားက ကလေးတစ်အုပ်ကို ညွှန်ပြပြီး
"ကလေးတွေ ဒီလိုမျိုး လာဆော့နေကြပုံမျိုးနဲ့ဆို ငါတို့တွေ ဒီမှာ ကလေးထိန်းကျောင်းဖွင့်ထားလိုက်သင့်တယ်"
သူ(မ) စိတ်ရွှင်နေပုံကို ကြည့်ပြီး လျို့မန်ကလည်း ပြုံးပြီး သဘောတူလိုက်သည်။
"ဒီလိုသာဆို ကောင်းမှာပဲ၊ အားယန်တော့ ပျော်နေတော့မှာ"
လျို့ဟွားလည်း ထပ်တူခံစားလိုက်ရသော်လည်း သမီးဖြစ်သူအား အနည်းငယ် ကွန်ပလိန်းတက်လိုက်သေး၏။
"သူက သူ့ကို သကြားလုံးတစ်လုံးကျွေးရင်တောင် အရမ်း ပျော်နေအုံးမှာ"
အားမန် လျို့ဟွားကို ဒီနေ့မှစသိခြင်းမဟုတ်ပဲ သဘာဝအတိုင်း သူ(မ)အကြောင်း ကောင်းကောင်းသိပေ၏။ သူ(မ)ရဲ့စရိုက်ကြောင့်လည်း စကားများကို အတည်မှတ်ယူမနေပေ။
ကလေးများ၏ဘက်ခြမ်းတွင်၊ သူတို့က အရေးကြီးဟန်တူသော်လည်း မဟုတ်ပြန်သည့်ကိစ္စတစ်ခုကို ဆွေးနွေးနေကြ၏။
"ဘာလက်ဆောင်လိုချင်လဲ နျန်နျန်?"
ရွယ်ယန်က ဆိုဖာပေါ်တွင် ဝမ်းလျားမှောက်လဲလျောင်းပြီး ခြေထောက်လေးများကို လှုပ်ယမ်းရင်း ဘေးတွင်ထိုင်နေသည့် ရှန်နျန်အား လှမ်းမေးလိုက်သည်။
အမှန်ပင်... ရှန်နျန်ရဲ့မွေးနေ့က နောက်ရက်အနည်းငယ်ဆို ရောက်လာတော့မည်ပင်။
ယဲအန့်နင်က ကလေးမလေးရဲ့ခေါင်းကို ပုတ်လိုက်ပြီး
"အားယန် သူများကို ဘာလက်ဆောင်လိုချင်တာလဲလို့ ဘာလို့ မေးလိုက်ရတာလဲ?"
ရှန်နျန်က ဒါကို ဂရုမစိုက်ပဲ
"အားယန်ဘာပဲပေးပေး ငါ ကြိုက်တယ်"
ရွယ်ယန်အတွက် အခြားသူများကလည်း သူတို့ ရှန်နျန်အား ဘာလက်ဆောင်ပေးရမလဲကို တစ်ခဏ စဉ်းစားလိုက်ကြသည်။
ချောင်းကျဲက ဘေးတွင် တစ်ယောက်တည်းထိုင်နေပြီး တစ်စုံတစ်ခုနှင့်ပတ်သက်၍ အတွေးထဲ နစ်မျောနေ၏။
ရွယ်ယန်က ရုတ်တရက် ထထိုင်လိုက်ပြီး ထီကျစ်ကို ဖက်ကာ ချီလင်းဟန်ဆီ သွားလိုက်၏။ သူ(မ)က ချီလင်းဟန်၏နား,နားသို့ တီးတိုးစွာဖြင့်
"လင်းဟန်ကောကော၊ ကောကောကရော နျန်နျန်ကို ဘာလက်ဆောင်ပေးမှာလဲ?"
ချီလင်းဟန်မှာ ရှန်နျန်နှင့် သိပ်မရင်းနှီးသဖြင့် တစ်စုံတစ်ယောက်အား လက်ဆောင်ပြင်ခိုင်းရန် စီစဉ်ထားခြင်းဖြစ်သော်လည်း ကလေးမလေးက ထိုသို့မေးလာသည့်အခါတွင် သူက ချောင်းခြောက်နှစ်ကြိမ် ဟန့်လိုက်ပြီး"
"ဘာဖြစ်လို့လဲ အားယန်?"
ရွယ်ယန်မှာ ထီကျစ်အား မကိုင်ထားနိုင်တော့ပဲ ချီလင်းဟန်၏လက်ထဲ ထိုးထည့်ပေးလိုက်သည်။ ကလေးမလေးသတိမထားမိလိုက်သည်မှာ လူရော ဝံပုလွေပေါက်စရောက တစ်ချိန်တည်းဆိုသလို တန့်သွားခဲ့သည်ကိုပင်။
သူ(မ)က ချီလင်းဟန်ဘေးတွင် ခြေချိတ်ထိုင်လိုက်ပြီး အသံတိုးတိုးဖြင့်
"အားယန် ဘာပေးရမှန်းမသိလို့!"
ရွယ်ယွိက ချီလင်းဟန်၏ကိုယ်ပေါ်မှ အမြန်ခုန်ဆင်းသွားသည့် ထီကျစ်ကို ကြည့်ပြီး ရွယ်ယန်အား မျက်နှာတည်တည်ထား၍ မေးလိုက်၏။
"ဘာလို့ အားယန်က ကိုကို့ကိုကျ လာမမေးရတာလဲ?"
ရွယ်ကျစ်ကလည်း ကလေးမလေးအား စိုက်ကြည့်လာ၏။
ရွယ်ယန်က ခေါင်းလေးငုံ့ပြီး လက်ချောင်းလေးများအား ဆော့ကာ
"အားယန်က လင်းဟန်ကောကောကို အရင်မေးချင်လို့..."
ချီလင်းဟန်က ဂုဏ်ယူစွာ ပြုံးပြီး
"အားယန်၊ ဒါဆို တို့တွေ တူတူစဉ်းစားကြတာပေါ့"
ရွယ်ယန်က ရုတ်တရက် အကြံရသွားပြီး
"အကုန်လုံးတူတူစဉ်းစားရအောင်!"
ရှန်နျန်မှာ သဘောတကျဖြစ်သွားရသလို ရင်ထဲထိသွားရပြီး သူ(မ)က ထပ်ပြောလိုက်၏။
"အားယန်၊ ငါက အားယန်ဘာပဲပေးပေး အကုန်ကြိုက်ပြီးသား"
ရွယ်ယန်က တစ်ခဏ စဉ်းစားလိုက်ပြီးနောက် ရုတ်တရက် ရှန်နျန်ဘက်သို့ ပြေးသွားလိုက်ပြန်ပြီး နှုတ်ခမ်းအား စေ့ပိတ်ကာ သူ(မ)အား ဖက်နမ်းလိုက်၏။
"နျန်နျန်၊ အားယန်က နျန်နျန်ကို အများကြီးအများကြီး သဘောကျတယ်!"
ရှန်နျန်မှာ တုံ့ပြန်ချိန်ပင် မရလိုက်ခင် ကလေးမလေး၏အချိုသကာများကြား မျောသွားရတော့သည်။ သူ(မ)က ရွယ်ယန်၏ပါးဖောင်းဖောင်လေးအား ညင်သာစွာ ညှစ်လိုက်ပြီး
"အားယန်က သဘောကျတဲ့ဘယ်သူကိုမဆို နမ်းတာပဲလား?"
ရွယ်ယန်က အမှန်အတိုင်း ခေါင်းညိတ်ပြီး
"အွန်း! တီဗီထဲကလိုလေ!"
ယဲအန့်နင်တစ်ယောက် မျက်နှာကြက်အား ကူကယ်ရာမဲ့စွာ မော့ကြည့်လိုက်ပြီး သက်ပြင်းချလိုက်မိတော့သည်။
"အားယန် တီဗီထဲကဟာတွေကို မသင်ယူနဲ့!"
ချီလင်းဟန်မှာ အနည်းငယ် သဝန်တိုသွားရပြီး
"ဟုတ်တယ်၊ အဲ့ဒါက ကလေးတွေကို မကောင်းတာတွေပဲ သင်ပေးတာ"
ယခုတွင် ကလေးငယ်မှာ မပျော်မရွှင်ဖြစ်လာရတော့သည်။
"အားယန် တီဗီထဲကနေ သင်တာမဟုတ်ပါဘူး! တီဗီထဲမှာ သူတို့က ပါးစပ်ကို နမ်းတာလေ! အားယန်ကဖြင့် နျန်နျန်ရဲ့မျက်နှာကိုပဲ နမ်းတဲ့ဟာကို!"
ထိုအချိန်တွင် လျို့မန် ဖြတ်လျှောက်သွားသည်နှင့် ကြုံပြီး သူ(မ)က
"အဲ့ဒါ အားမန်က လူတွေကို လျှောက်မနမ်းရဘူးလို့ ပြောထားလို့လေ၊ မဟုတ်ရင် ဒီကလေးမက တီဗီထဲကအတိုင်း လိုက်လုပ်မှာ"
ရွယ်ယန်လေး : "..."
ဘာလို့ အားမန်ကပါ ဒီလိုဖြစ်နေရတာလဲ!
သို့နှင့် ရှိနေကြသည့် လူအများအပြားက ကလေးမလေးအား အေးစက်စွာ နှာမှုတ်လိုက်ကြသည်။
ကလေးမလေးထံမှ နမ်းခံလိုက်ရသည့် ရှန်နျန်ကတော့ ရွယ်ယန်၏ခေါင်းအား ကြင်နာစွာ ပုတ်ပေးပြီး
"အားယန် နောင်ဆို သူများရဲ့မျက်နှာကိုလည်း လျှောက်မနမ်းရဘူးနော်"
ရွယ်ယန်က နာခံစွာ သဘောတူလာ၏။
"အို့ခေ!"
ကလေးမလေး၏ခံစားချက်များက လျင်မြန်စွာ ရောက်လာပြီး လျင်မြန်စွာ ပြန်ထွက်သွားသည်ပင်။ သူ(မ)က ယခုလေးတင် ဝမ်းနည်းနေသော်လည်း နောက်မိနစ်အနည်းငယ်တွင် ပြန်ပြီး စိတ်လှုပ်ရှားလာပြန်၏။
သူ(မ)က ဘယ်အချိန်က ပြန်တိုးဝင်လာမှန်းမသိသည့် ထီကျစ်အား ဖက်ထားပြီး ရှန်နျန်အား သူ(မ)အတွေးကို အသံတိုးတိုးဖြင့် မေးလိုက်၏။
"နျန်နျန်၊ နျန်နျန်ရဲ့မွေးနေ့မှာ ကိတ်မုန့်အကြီးကြီးရောရှိမှာလား?"
ရှန်နျန်မှာ ယခုအချိန်တွင်တော့ ကိတ်စားရသည်ကို နှစ်သက်မနေတော့သော်လည်း ကလေးမလေးအား ပြန်မေးလိုက်သေး၏။
"အားယန်က ကိတ်စားရတာ ကြိုက်လို့လား?"
ရွယ်ယန်က ခေါင်းကို မြန်မြန်ဆန်ဆန်ညိတ်ပြလာ၏။
"အရမ်းကြိုက်၊ ကိတ်က အရမ်းအရမ်း အရသာရှိတာ!"
ရှန်နျန်က ပျော်ရွှင်စွာ ရယ်ပြီး
"အင်း ငါ့မွေးနေ့မှာ ကိတ်မုန့်ရှိလိမ့်မယ်"
ကလေးမလေးမှာ ဝမ်းသာအားရနှင့် ထခုန်တော့မည့်အချိန် ဘေးမှနေ၍ ယဲအန့်နင်၏ တည်ကြည်သော အသံက ရုတ်တရက် ထွက်လာ၏။
"အားယန် သကြားလုံးတွေနဲ့ ကိတ်တွေချည်းစားနေရင် သွားမှာ ပိုးကောင်တွေ ပေါက်လာလိမ့်မယ်"
ရွယ်ယန်၏ကိုယ်လေးမှာ နှစ်စက္ကန့်မျှ တောင့်တင်းသွား၏။ သူ(မ)က အသံတိုးတိုးဖြင့်
"ကိုကိုကပြောတယ် သွားမှာ ပိုးကောင်မပါက်တတ်ဘူးတဲ့....."
သူ(မ)အမေကိုလည်း သူ(မ) အရင်က ပြောခဲ့ဖူးပေမယ့် မေမေပြောတာ ကိုကိုက လိမ်နေတာတဲ့......
ကလေးမလေး၏အသံထဲတွင် အပြစ်ရှိစိတ်တို့ဖြင့် စွန်းထင်းနေ၏။ ယဲအန့်နင်က မျက်လုံးလှိမ့်လိုက်ပြီး
"သူတို့က အားယန်ကို လှည့်စားထားကြတာ"
ရွယ်ယန်က အစ်မဖြစ်သူ၏ပြောစကားကို ယုံကြည်နေဆဲဖြစ်ပြီး အားလျော့စွာဖြင့်
"ဒါဆို အားယန် နောင်ဆို နည်းနည်းပဲ စားပါ့မယ်"
ရှန်နျန်က သူ(မ)ကို နှစ်သိမ့်ပေးလိုစွာဖြင့်
"ကိစ္စမရှိဘူး၊ အားယန်က ကိတ်မုန့်စားပြီးသွားတဲ့အခါကြရင် သွားတိုက်ဖို့ မမေ့ရဘူးနော်"
ကလေးမလေးက ချက်ချင်း ပြန်ရွှင်လန်းလာ၏။
"အမ်း!"