အပိုင်း (၂)
မြို့စွန်ရှိ ဗီလာတစ်လုံးတွင် လေးငါးနှစ်အရွယ် ကလေးမလေးတစ်ယောက်က အိပ်ရာထဲတွင် ကွေးနေပြီး သက်သောင့်သက်သာမဖြစ်လွန်းစွာ အိပ်ပျော်နေပုံပေါ်၏။
ကလေးမလေးတွင် မျက်နှာဝိုင်းဝိုင်းသေးသေးလေးနှင့် အလွန်လိမ္မာပြီး နူးညံ့ချစ်စဖွယ်ကောင်းသည့် ထူးခြားသောအသွင်ပြင်တို့ ရှိနေ၏။
သူ(မ)က တစ်ခဏ ရုန်းကန်နေပြီးနောက် ဖြည်းညင်းစွာ မျက်လုံးများကို ဖွင့်လာ၏။
သမင်ပေါက်လေးလို ကြည်လင်နေသည့်မျက်လုံးများထဲ ဗလာကျင်းသည့်အကြည့်တို့ ရှိနေသေး၏။ ကလေးမလေးက မျက်လုံးများကို ပွတ်လိုက်ပြီး ဖြည်းဖြည်းချင်း ထထိုင်လိုက်သည်။
သူ(မ)က ကုတင်ပေါ်တွင် တစ်ခဏ မှင်သေစွာထိုင်ရင် ဝမ်းနည်းစွာဖြင့် နှုတ်ခမ်းဆူထား၏။
သူ(မ)ပုံစံက အိပ်မက်ဆိုးတစ်ခု မက်ခဲ့သည့်ပုံနှယ်။
ဒါပေမယ့် အိပ်မက်က ဘာလဲဆိုတာ သူ(မ)မေ့သွားတယ်....
ကလေးများ၏စိတ်ခံစားချက်တို့က အလွယ်တကူဝင်လာပြီး မြန်မြန်ပြန်ထွက်သွားတတ်သည်ပင်။ သူ(မ)က သူ(မ)ဘာအိပ်မက်မက်ခဲ့သလဲကို ဆက်ပြီး စဉ်းစားမနေတော့ချေ။
ကောင်မလေးက ကုတင်ပေါ်မှ ဆင်းချင်ခဲ့သော်လည်း သူ(မ) စတင်လှုပ်ရှားလိုက်သည့်အချိန် ‘ဖက်’ ဆိုသည့် အသံနှင့်အတူ တတောက်တောက်အသံများက ချက်ချင်း အနောက်ကနေ လိုက်ထွက်လာ၏။
သူ(မ)က တစ်ခဏ တန့်သွားပြီးနောက် အလိုလို လက်ကောက်ဝတ်ကို မြှောက်ကြည့်မိသွားသည်။ သူ(မ)ဝတ်ထားသည့် လက်ကောက်လေးက ပျက်သွားပြီး လက်ကောက်မှ ပုတီးလုံးလေးများက ကြမ်းပြင်ပေါ် အကုန်ပြုတ်ကျသွား၏။
အားယန်မှာ ထိန်းချုပ်မထားနိုင်တော့ဘဲ အော်ငိုတော့သည်။
“ဝါးးးးးးး!”
မကြာလိုက်ခင် စင်္ကြံလမ်းမှ ခြေသံများထွက်လာပြီး ရိုးရိုးရှင်းရှင်းဝတ်ဆင်ထားသည့် ကောင်မလေးတစ်ယောက်က ပြေးဝင်လာကာ အားယန်ကို ဖက်ထားလိုက်သည်။
သူ(မ)က အားယန်ရဲ့ကျောကို ညင်သာစွာ ပုတ်ပေးပြီး နှစ်သိမ့်ပေး၏။
“အားယန် မကြောက်နဲ့တော့နော်၊ အားမန် ဒီမှာ ရှိနေပြီလေ”
အားယန်ရဲ့ငိုသံက တဖြည်းဖြည်း တိတ်သွားပြီး သူ(မ)က တိုးဖျစွာ ရှိုက်ရင်း
“အားမန်ကျဲကျယ်”
အားမန်က ကလေးမလေးရဲ့ဆံပင်များ ပွတ်သပ်လိုက်ပြီး ညင်သာစွာဖြင့်
“ဘာဖြစ်လို့လဲ အားယန် အိပ်မက်ဆိုးတွေ မက်လို့လား ဟင်?”
ရွယ်ယန်က မျက်လုံးများကို ပွတ်ပြီး နူးညံ့စွာဖြင့်
“အားမန်ကျယ် သမီးရဲ့လက်ကောက်လေး ပျက်သွားပြီ”
အားယန်က ငုံ့ကြည့်လိုက်ပြီး ထိုအခါမှပင် အားယန်ဝတ်ထားသည့် လက်ကောက်က မရှိတော့မှန်း သတိထားမိလိုက်သည်။ လက်ကောက်မှ ပုတီးလုံးများက ကြမ်းပြင်အနှံ့ ပြန့်ကျဲနေ၏။
သူ(မ)က အားယန်ရဲ့မျက်နှာကို ညင်ညင်သာသာ ဆွဲညှစ်လိုက်ပြီး
“ဘာမှမဖြစ်ဘူးနော် အားယန်၊ အားမန်က ဒါတွေကို ပြန်သီပေးမယ် ဟုတ်ပြီလား?”
ကောင်မလေးက နောက်ဆုံးတွင် အငိုတိတ်သွားပြီး
“အို့ခေ!”
သိပ်မကြာလိုက်ခင် သူ(မ)စိတ်ထဲ တခြားတစ်စုံတစ်ခု ပေါ်လာပြီး
“အားမန် မေမေရော?”
အားမန်က ကလေးငယ်အား အလွန်စိတ်ရှည်စွာ ရှင်းပြ၏။
“မဒမ်က ကိုကိုရှောင်ကျဲကို အပြင်ခေါ်သွားတာ ပြန်မရောက်လာသေးဘူး”
အားယန်က သူ(မ)အား ဝမ်းနည်းစွာကြည့်ပြီး
“သမီးတောင် ခုထိအပြင်မထွက်ရသေးဘူး”
အားမန်က ပေါ့ပါးစွာပြုံးရင်း
“အဲ့ဒါ အားယန်က ကလေးလေးပဲ ရှိသေးလို့လေ!”
အားယန်က ခေါင်းကို ငုံ့ထားပြီး
“ဒါပေမဲ့ သမီးက ဖေဖေ့ကို သွားရှာချင်တာ”
အားမန်ရဲ့အမူအရာက ပြောင်းလဲသွားပြီး
“အားယန် ဒီစကားတွေကို မဒမ်ရှေ့မှာ သွားမပြောရဘူးနော် နားလည်ရဲ့လား?”
ရွယ်ယန်က မျက်လုံးများကို ပွတ်ပြီး
“အို့၊ ရတယ်လေ”
အားမန်က သူ(မ)အား သကြားလုံးတစ်လုံးဖြင့် ဆုပေးပြီး
“အားယန်က အရမ်းတော်တာပဲ”
ရွယ်ယန်က ကုတင်စွန်းတွင် ထိုင်ပြီး ခြေတံတိုတိုလေးများကို လွှဲယမ်းနေ၏။
သူ(မ)က ပြတင်းပေါက် အပြင်ဘက်ရှိ တောအုပ်ကို ငေးကြည့်ပြီး သူ(မ)ဘာတွေတွေးနေသလဲ မသိချေ။
အားမန်က ရွယ်ယန်အတွက် လက်ကောက်ကို သီပေးနေခဲ့သည်။ ရွယ်ယန်တစ်ယောက် အားမန်ရဲ့နောက်ကျောကို ကြည့်ရင်း သူ(မ)ကိုယ်သူ(မ) သတ္တိမွေးလိုက်၏။ အားယန် အပြင်ထွက်ပြီး ဖေဖေ့ကို သွားရှာမယ်....။
အားမန်တစ်ယောက် လက်ကောက်ကို သီပြီး ပြန်ရောက်လာသည့်အချိန် ကလေးမလေးက သူ(မ)ရဲ့ အကြိုက်ဆုံးသော လွယ်အိတ်လေးနှင့်အတူ ပျောက်သွားသည်ကို တွေ့လိုက်ရသည်။
သူ(မ) မကောင်းတဲ့ခံစားချက်တို့ ရနေ၏....
အားယန် သစ်ပင်တစ်ပင်နောက်တွင် ပုန်းရင်း သူ(မ)အိမ်ရှိရာဆီသို့ ဂရုတစိုက် ကြည့်လိုက်သည်။ သူ(မ)နောက်သို့ မည်သူမျှ လိုက်မလာသည်ကို မြင်သည့်အချိန်မှ သူ(မ)မှာ သက်ပြင်းရှည်ကြီး ချနိုင်တော့သည်။
သူ(မ)က လွယ်အိတ်လေးကို ပုတ်ပြီး အထဲရှိ ဖောင်းကားထွက်နေသော သကြားလုံးများကို စမ်းရင်း မျက်လုံးများက အားရကျေနပ်စွာ ကျဉ်းမြောင်းသွား၏။
သူ(မ)ရဲ့အကို ကို တွေ့သည့်အချိန် သူနှင့် သကြားလုံးအတူစားမည်ဟု တွေးလိုက်သည်။
သူ(မ)က ဗီလာနှင့်ဝေးရာ ဦးတည်ဘက်သို့ ပြတ်သားစွာ ချီတက်သွားသည်။
ဗီလာက မြို့စွန်တွင် ဖြစ်ပြီး အားယန်မှာ သိပ်မကြာလိုက်ခင် ဝေးဝေးမလျှောက်ရပါဘဲ မသိလိုက်မသိဘာသာဖြင့် တောအုပ်နေရာပိုင်းသို့ ဝင်ရောက်သွား၏။ သူ(မ)က အဖေဖြစ်သူအား တွေ့ရတော့မည်ဆိုသော ပျော်ရွှင်မှုလေးထဲ နစ်ဝင်နေပြီး ပတ်ဝန်းကျင်မှ သစ်ပင်များ သိပ်သည်းသထက် သိပ်သည်းလာသည်ကို လုံးလုံးသတိမထားမိခဲ့ချေ။
ကောင်းကင်တစ်ခုလုံး မှောင်မည်းလာသည့်အချိန်တွင်မှ တစ်ခုခုက မှားယွင်းနေသည်ကို နောက်ဆုံးတွင် ကလေးမလေး သဘောပေါက်သွားတော့သည်။
ရွယ်ယန်က သစ်ပင်ကို မှီထားပြီး ဘေးပတ်ဝန်းကျင်ကို ကြည့်ရင်း နှုတ်ခမ်းများကို တင်းတင်းစေ့ထား၏။
သူ(မ)က အပြင်သိပ်မထွက်ရဘဲ ဗီလာထဲတွင်သာ အနေများသည်ဖြစ်သော်လည်း သူ(မ)အမေက သူ(မ)အား ကောင်းကောင်းထရိန်းထားပေးခဲ့သည်။ ယခုလိုအခြေအနေမျိုးတွင်တောင် သူ(မ)တွင် ငိုချင်သည့်စိတ်မျိုး ရှိမနေချေ။
သူ(မ)နားများထဲတွင် မတူညီသည့်အသံတချို့ကို ကြားနေရပုံပေါ်၏။
ရွယ်ယန်မှာ ကျုံ့သွားပြီး နားရွက်နှစ်ဖက်ကို လက်များဖြင့် အုပ်ကာ မျက်လုံးများ ပိတ်ထားလိုက်သည်က ဒီနည်းလမ်းကပဲ သူ(မ)အား ထိခိုက်အနာတရဖြစ်ခြင်းမှ ကာကွယ်နိုင်တော့မည့်အလားပင်။
ခြေသံဖွဖွလေးက ဖြည်းဖြည်းချင်း ချဉ်းကပ်လာပြီး ရွယ်ယန်မှာ မနေနိုင်အောင် ကြောက်လန့်စွာ တုန်ယင်နေမိသည်။
ခြေသံက သူ(မ)အရှေ့တွင် ရပ်သွားပုံပေါ်ပြီး မကြာလိုက်ခင် ရွယ်ယန်မှာ သူ(မ)ခြေထောက်ကို ပွတ်သပ်နေသည့် နူးနူးညံ့ညံ့အရာလေးကို ခံစားလိုက်ရသည်။
သူ(မ) သတိကြီးစွာ မျက်လုံးများဖွင့်လိုက်ပြီး အမှတ်တမဲ့ဖြစ်စွာဖြင့် ပါပီပေါက်စလေးလို ဘောလုံးဖြူလေးကို တွေ့လိုက်ရသည်။
သူ(မ)က ခိုးကြောင်ခိုးဝှက်ဖြင့် ‘ပါပီ’ အား လက်သေးသေးလေးဖြင့် ထိုးလိုက်ပြီး မမျှော်လင့်ထားစွာဖြင့် ၎င်းက သူ(မ)အား ရင်းနှီးစွာ လျက်လာ၏။
ရွယ်ယန်မှာ စိုးရိမ်စိတ်ကင်းသွားပြီး ပါပီရဲ့ခေါင်းလေးအား အားမန် သူ(မ)ကို ပုတ်ပေးနေကြအတိုင်း ပွတ်သပ်ပေးလိုက်သည်။
“ပါပီလေး နင်ကရော ဒီကို ဘာလို့ရောက်နေတာလဲ?”
ကလေးမလေးက နူးညံ့စွာ မေးလာ၏။
အကယ်၍ တစ်စုံတစ်ယောက်သာ အနားတွင် ရှိနေခဲ့လျှင် အနှီပါပီ၏မျက်လုံးများက လူတစ်ယောက်လို အံ့အားသင့်မှုနှင့် တမ်းတမှုများအပြည့် ရှိနေသည်ကို သေချာပေါက် မြင်နိုင်ပေသည်။
သူ(မ)က ပါပီလေးကို တိုက်ရိုက်ကောက်ချီလိုက်ပြီး လက်သေးသေးလေးများက ကျောပေါ်ရှိ ၎င်း၏နူးနူးညံ့ညံ့အမွေးပေါ် အဆက်မပြတ်ပွတ်ပေးနေ၏။
သူ(မ)က ခေါင်းလေးကို ငုံ့ရင်း ရေရွတ်လိုက်၏။
“ပါပီလေး နင် အိမ်မြန်မြန်ပြန်ရမယ်လေ မဟုတ်ရင် ဖေဖေနဲ့မေမေက နင့်ကို စိတ်ပူနေမှာပေါ့”
ပါပီလေးမှာ အတော်လေး ကူကယ်ရာမဲ့နေသလိုပင်။ ၎င်း၏ခြေဖဝါးလေးက ရွယ်ယန်လက်မောင်းပေါ်တင်ထားရင် သူ(မ)ရင်ခွင်ထဲ လိမ္မာစွာ လဲလျောင်းနေ၏။
ပါပီလေးအား စိတ်ကြိုက်အဝပုတ်ပေးပြီးနောက်တွင် ရွယ်ယန်က ၎င်းကို အောက်ချလိုက်ပြီး အလေးအနက်ဖြင့်
“အို့ခေ အခု အိမ်အမြန်ပြန်တော့”
ပါပီလေးက ရွယ်ယန်ရဲ့ဘောင်းဘီကို ညင်သာစွာ ကိုက်ဆွဲလိုက်သည်။ ရွယ်ယန်က မျက်တောင်လေးခတ်ပြီး သူ(မ)တွေးတတ်သလောက် ခန့်မှန်းလိုက်သည်။
“နင်က ငါနဲ့အတူ လိုက်ချင်တာလား?”
ပါပီလေးက ညင်သာစွာ ခေါင်းညိတ်ပြီး သူ(မ)ခြေထောက်အား ပွတ်နေပြန်၏။
ရွယ်ယန် ပါပီလေးအား ပျော်ရွှင်စွာ ကောက်ချီကာ
“အို့ခေ၊ ဒါဆို ငါနင့်ကို ငါနဲ့အတူခေါ်သွားမယ်၊ နင့်ဘာသာနင် ငါ့နောက်ကို လိုက်ချင်တာနော် ငါက နင့်ကို တမင်သက်သက် ခေါ်ခဲ့တာမဟုတ်ဘူး ဟုတ်တယ်မလား?”
သူ(မ)က ပါပီလေး နားလည်သည်ဖြစ်စေ၊ နားမလည်သည်ဖြစ်စေ သူ(မ)ဘာသာသူ(မ) ဆက်ပြောနေလိုက်သည်။ ရုတ်တရက် သူ(မ)က ပါပီလေးကို ကြည့်ပြီး
“အားယန် ပါပီလေးကို နာမည်ပေးမယ် မကောင်းဘူးလား?”
ပါပီလေးက မျှော်လင့်စောင့်စားမှုတို့ ပြည့်နေသောမျက်လုံးများဖြင့် ရွယ်ယန်ကို ကြည့်လာခဲ့သည်။
ရွယ်ယန်က ပြုံးပြီး
“နင့်ကို ထီကျစ်လို့ခေါ်ကြတာပေါ့၊ အားယန်က စပျစ်သီးကို အကြိုက်ဆုံး!”
ရွယ်ယန်က သူ(မ)ရဲ့ယခင်ဘဝကနည်းတူ ထပ်တူညီသောစကားလုံးကိုပဲ ပြောလာခဲ့သည်ကို ကြားပြီး ထီကျစ်မှာ အံ့ဩဝမ်းသာဖြစ်ရသလို ကူကယ်ရာမဲ့နေမိသည်။
ထိုနာမည်လေးအား သဘောတူနေသည့်အလား သူ့ရဲ့ခေါင်းကို ရွယ်ယန်ရဲ့ရင်ခွင်ထဲ ပွတ်သပ်လာခဲ့သည်။
တစ်ချိန်တည်းဆိုသလိုပင် ဝေးကွာလှသောမြို့တစ်နေရာမှ ဗီလာဧရိယာတစ်ခုတွင် ကလေးမလေးတစ်ယောက်က သူ(မ)အမေအား ဆွဲကာ
“မေမေ သမီးတို့အိမ်မှာ ထီကျစ်ရှိလား?’
ကလေးမလေးအမေက
“နင်နင်က စပျစ်သီးစားချင်လို့လား? ဒါဆို မေမေ အပြင်ထွက်ပြီး နည်းနည်းသွားဝယ်ပေးမယ်လေ”
ကလေးမလေးက လိမ္မာစွာ ခေါင်းညိတ်ပြီး သူ(မ)အမေရဲ့ကျောပြင်ကို ကြည့်နေခဲ့သည်။ ညီမလေးယန် ဒီတစ်ခါ မမ ညီမလေးကို သေချာပေါက် ကောင်းကောင်းကာကွယ်ပေးပါ့မယ်...
ရွယ်ယန်ကတော့ ဒီအချိန်မှာ ဒါတွေကို သိမနေခဲ့ချေ။ သူ(မ)ရဲ့စိတ်လှုပ်ရှားမှုတို့က ကုန်လွန်သွားချိန်မှာတော့ တစ်ဖန်ထပ်၍ ကြောက်လာပြန်၏။
သူ(မ)က ဖက်ထုပ်ဖြူဖြူလုံးလုံးလေးကို တင်းကျပ်စွာ ဖက်ထားပြီး သစ်ပင်အောက်တွင် ထိုင်နေ၏။
သူ(မ)က အဆက်မပြတ် တီးတိုးပြောနေပြီး
“ထီကျစ် ဒီနေရာက ကြောက်ဖို့အရမ်းကောင်းတယ်၊ ငါ နည်းနည်းတော့ကြောက်တယ်...ဒါပေမယ့် ငါ နင့်ကိုတော့ ကောင်းကောင်းကာကွယ်ပေးမှာ!”
ထီကျစ်က သူ့ခေါင်းလေးဖြင့် သူ(မ)အား အဆက်မပြတ်ပွတ်နေသည်မှာ သူ(မ)ရဲ့အကြောက်တရားများကို နှစ်သိမ့်ပေးလိုသည့်အလားပင်။
ရွယ်ယန်ရဲ့အသံက တဖြည်းဖြည်း အားလျော့လာပြီး
“ဖေဖေ့ရဲ့အိမ်က ဘယ်မှာလဲဆိုတာ ငါ မမှတ်မိတော့ဘူးနဲ့တူတယ် ငါတို့တွေ ရှာမတွေ့ရင် ဘယ်လိုလုပ်ကြမလဲ?”
သူ(မ)က ပြောပြီး ဖြည်းညင်းစွာ အိပ်ပျော်သွား၏။
