အပိုင်း (၄၉)
ရွယ်ယွိဘေးနားရှိ ယဲအန့်နင်နှင့် ရှန်နျန်တို့မှာ စူးရှစွာ ငယ်သံပါအောင် အော်ဟစ်လာကြ၏။ သူ၏ပထမဆုံးသော တုံ့ပြန်မှုသည်လည်း သူ့ညီမလေး၏ မျက်လုံးများကို ဖုံးကာလိုက်ရန် ဖြစ်သည်။
အမျိုးသမီးသရဲသည်လည်း ကောင်လေးလက်ထဲတွင် ချီထားသော ကလေးမလေးကို တန်းမြင်လိုက်၍ တစ်ခဏ ထိတ်ပျာသွားရသည်။
သူ(မ)သာ ဤနေရာတွင် ကလေးငယ်တစ်ဦးပါနေမှန်း သိခဲ့လျှင် ယခုလို ရုတ်တရက်ကြီး ထွက်လာခဲ့မည်မဟုတ်ပေ။
သူ(မ) တောင်းပန်ရန် ဟန်ပြင်လိုက်သည့်အချိန် ကလေးမလေးက သူ(မ)မျက်လုံးများကို ဖုံးအုပ်ထားသော အကိုဖြစ်သူ၏လက်ကို ဖယ်လိုက်သည်ကို တွေ့လိုက်ရပြီး အမျိုးသမီးသရဲအား စူးစမ်းစွာ ကြည့်လာ၏။
အမျိုးသမီးသရဲ၏ မိတ်ကပ်က အလွန် သဘာဝကျလှပြီး စိမ်းဖျော့ဖျော့ အသားအရေနှင့် ဒွါရအပေါက်များမှ သွေးများ တတောက်တောက်ကျနေပြီး၊ မျက်ဖြူလန်ကာ လျှာအရှည်ကြီးက တန်းလန်းထွက်လျက်သားဖြင့်။
သူ(မ)ကိုယ်သူ(မ)တော့ အရမ်းကြောက်ဖို့ကောင်းတယ် ထင်မိတာပါပဲ။
သို့ရာတွင် အမျိုးသမီးသရဲ အရင် မပြောခင် ကလေးမလေးက ဦးစွာ ပြောလာ၏။
“မမ၊ ရုပ်ရှင်တွေထဲကလိုလေ မမမျက်လုံးတွေကို ထုတ်ပြလို့ရလား”
အမျိုးသမီးသရဲ : “...”
အဖြေပြန်မရလာသည့် ရွယ်ယန်တစ်ယောက် စိတ်ပျက်လက်ပျက် သက်ပြင်းချတော့သည်။
“မမ မလုပ်နိုင်ဘူးဆိုတာ သိပါတယ်”
အမျိုးသမီးသရဲ : “...”
နင် အရမ်း မလေးမစားလုပ်လွန်းနေတာပဲ!
ရွယ်ယွိမှာ ဆက်ပြီး တိတ်တိတ်မနေနိုင်တော့ကာ ချောင်းဟန့်ရင်းဖြင့် အမျိုးသမီးသရဲအား တောင်းပန်လိုက်သည်။
“တောင်ပန်းပါတယ်၊ ကလေးက ပုံမှန်ဆို ဒီလောက်မရဲပါဘူး”
လျို့ဟွားသည်လည်း ခြောက်ကပ်ကပ် ရှင်းပြလိုက်သည်။
“ဟုတ်တယ် မင်းရဲ့မိတ်ကပ်က တကယ်တော့ တော်တော်လေး သဘာဝကျပါတယ်...”
ယဲအန့်နင်မှာလည်း မနေနိုင်အောင် ရယ်ချင်နေမိသည်။
“ဟုတ်တယ် ရှောင်ကျယ်ကျဲ”
လူတိုင်း ပြောလာကြသည်ကို မြင်လျှင် ရွယ်ယန်ကလည်း မနေနိုင်အောင် ဝင်ပြောလာ၏။
“မမ သမီးဘေးက ကိုကိုရဲ့မျက်နှာဖုံးကို သကြားလုံးနဲ့ လဲလို့ရလား”
အမျိုးသမီးသရဲ : “...”
သူငယ်ချင်းလေး ငါ နင့်ကို ပြောပြမယ် နင့်မှာ တစ်ခုခုကတော့ အရမ်းအရမ်း မှားနေပြီ။
ရွယ်ယွိနှင့် အခြားသူများမှာ ရွယ်ယန်၏ အကြည့်အတိုင်း တွေဝေစွာ လိုက်ကြည့်လိုက်ချိန် သူတို့ဘေးနားတွင် အစွယ်ဖွေးဖွေး၊ မျက်နှာစိမ်းစိမ်းနဲ့ မွန်းစတားတစ်ကောင် ရောက်နေသည်ကို တွေ့လိုက်ရပြီး အလန့်တကြား ဖြစ်သွား၏။
မွန်စတားအကိုကြီးမှာ အစက သူတို့အား ခြောက်လှန့်ရန် စီစဉ်ထားသော်ငြား ကလေးကို မြင်လိုက်သည့်အချိန် ချီတုံချတုံဖြစ်သွားရပြီး ပြန်သွားရန် ဆုံးဖြတ်ချက်ချလိုက်ခြင်းဖြစ်သည်။
သို့သော် မထင်မှတ်ထားစွာဖြင့် ရွယ်ယန်က သူ့ကို အရင် မြင်သွားခဲ့သည်။ ရွယ်ယန်တစ်ယောက် သူ(မ)အား အမျိုးသမီးသရဲ အာရုံမရောက်နေသည်ကို တွေ့လိုက်ရချိန်တွင် စိတ်ပျက်မသွားဘဲ မွန်းစတားအကိုကြီးကိုသာ မေးလိုက်သည်။
“ကောကော ကောကောရဲ့မျက်နှာဖုံးကို သကြားလုံးနဲ့ လဲလို့ရမလား ဟင်၊ အားယန်ရဲ့ သကြားလုံးတွေက အရမ်းအရမ်း အရသာရှိတာနော်”
မွန်းစတားအကိုကြီး : “..."
သူငယ်ချင်းလေး မင်း ငါ့ရဲ့ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားမှုကို ဒဏ်ရာတွေ လာပေးနေတာပဲ။
ရွယ်ယွိတစ်ယောက် ကူကယ်ရာမဲ့စွာ သက်ပြင်းချမိတော့သည်။
“အားယန် အဲ့ဒီလို လဲလို့မရဘူးလေ၊ ကိုကိုတို့ အပြင်ထွက်ပြီးမှ ဝယ်ကြမယ်လေ ဟုတ်ပြီလား”
ကလေးမလေးက တုံ့ဆိုင်းစွာ ခေါင်းညိတ်ပြလာ၏။
“အိုခေ”
အမျိုးသမီးသရဲနှင့် မွန်းစတားအကိုကြီးတို့မှာ နောက်ဆုံးတွင် အသိပြန်ဝင်လာပြီး တောင်းပန်ရန် ပြင်လိုက်၏။
“တောင်းပန်ပါဆယ်၊ ကျွန်မတို့က ဒီမှာ ကလေးတစ်ယောက် ပါမယ်မှန်း မသိလို့ပါ မဟုတ်ရင် ကျွန်မတို့ သေချာပေါက် ထွက်လာမှာမဟုတ်ဘူး၊ ဒါပေမယ့် ကလေးက တော်တော် အကြောက်အလန့်ကင်းတာပဲနော်”
လျို့ဟွား : “ကျွန်မတို့လည်း သူ ဒီလောက်ထိ အကြောက်အလန့်မရှိလိမ့်မယ်လို့ မထင်ထားဘူး...”
စကားအနည်းငယ် အပြန်အလှန်ဆိုကြပြီးနောက် သူတို့လမ်း သူတို့ ဆက်လျှောက်ကြ၏။
သူတို့အုပ်စုထဲတွင် ကလေးတစ်ယောက်ပါနေကြောင်း သတင်းရသွားခြင်းဖြစ်ဟန်တူသည်၊ နောက်ပိုင်းခရီးစဉ်တစ်လျှောက်လုံးတွင် မည်သည့် မွန်းစတားနှင့်မျှ မတွေ့တော့ဘဲ ချောချောမွေ့မွေ့ ဖြစ်သွားခဲ့သည်။
ရွယ်ယန်၏ အစောပိုင်းက ကြားဝင်ဖြတ်မှုကြောင့် အခြားသူများမှာ စိတ်လှုပ်ရှားမနေကြတော့ချေ။
လျို့ဟွားမှာ တစ်စုံတစ်ခုက မှားယွင်နေသည်ဟု စိတ်ထဲထင့်နေ၏။ သူ(မ)က ရွယ်ယန်၏ပါးကို လှမ်းတို့လိုက်ပြီး
“အားယန် ဘယ်သူက သမီးကို အဲ့ဒီရုပ်ရှင်တွေ ပြတာလဲ”
ရွယ်ယန်က မျက်တောင်လေးခတ်လိုက်၏။
“ကိုကိုလေ!”
လျို့ဟွာ : “ရွယ်ယွိ!”
ရွယ်ယွိတစ်ယောက် အပြစ်မကင်းစွာဖြင့် ချက်ချင်း အသနားခံတော့သည်။
“အမေ ကျွန်တော် အားယန်ကို တစ်ခါပဲ ပြဖူးတာပါ”
ရွယ်ကျစ်နှင့် ချောင်းကျဲတို့က လိပ်ပြာမလုံစွာဖြင့် အကြည့်လွှဲလိုက်ကြသော်လည်း ကလေးမလေးပြောသံကို သူတို့ ကြားလိုက်ရသည်။
“မေမေ ရှောင်ကျစ်ကောနဲ့ ရှောင်ကျဲကောတို့လည်း သမီးကို ရုပ်ရှင်တွေ ပြတယ်”
လျို့ဟွားတစ်ယောက် ဒေါသထွက်လာတော့သည်။
“အရမ်း ကောင်းတယ်၊ ငါ မင်းတို့ကို ဖုန်းဝယ်ပေးဖို့ ဒီနေ့ ခေါ်သွားပေးမလို့ပဲ အခုတော့ အစီစဉ်ဖျက်လိုက်ပြီ”
ရွယ်ကျစ်နှင့် ချောင်းကျဲတို့ နောင်တရသွားကြသည်။
“မား ကျွန်တော်တို့က အားယန်ရဲ့သတ္တိကို လေ့ကျင့်ပေးရုံပါ”
“အန်တီ အားယန်က အစကတည်းက လုံးဝကို မကြောက်တတ်တာ”
…
အချုပ်ဆိုရလျှင် ယနေ့ကစားကွင်း ခရီးစဉ်က အဆင်ပြေချောမွေ့ခဲ့ပြီး နောက်ဆုံးတွင် လူတိုင်း ကစားနည်းမျိုးစုံကစားခဲ့ကြပြီး ကြက်ကြော် အတူတူ စားခဲ့ကြသည်။
သူ(မ)ဝေစုအား စားပြီးသည်နှင့် ရွယ်ယန်တစ်ယောက် ကားပေါ်တွင် မှေးနေချင်တော့သည်။ ကလေးမလေး၏ နူးညံ့သော မျက်နှာဝိုင်းဝိုင်းလေးကို ကြည့်ပြီး လျို့ဟွားမှာ မနေနိုင်စွာဖြင့် သူ(မ)အား စချင်လာ၏။
ကလေးမလေးက သူ(မ)မျက်နှာကို အုပ်ပြီး နှုတ်ခမ်းစူထော်လာခဲ့သည်။
“မေမေ အားယန်မျက်နှာကိုပဲ ဘာလို့ လာလာညှစ်နေရတာလဲ”
လျို့ဟွားက သူ(မ)လက်ကို ပြန်ရုတ်ပြီး ရှုတည်တည် ဖြေလာ၏။
“ဘာကို ညှစ်တာလဲ၊ ခုလေးတင် ခြင်တစ်ကောင် ပျံလာတာတွေ့လို့လေ ဒါကြောင့်မလို မေမေက အားယန်အတွက် မောင်းထုတ်ပေးလိုက်တာလေ”
ကလေးမလေးသည်တော့ ၎င်းကို မယုံကြည်နေပါချေ။
“အို့...”
ရွယ်ကျစ် ကလေးမလေးနားရွက်နားသို့ တိုးကပ်သွားပြီး တီးတိုးပြောလိုက်သည်။
“အားယန် မေမေက လိမ်နေတာ သိလား သူက အားယန်ကို အနိုင်ကျင့်ချင်နေတာ”
လျို့ဟွား မျက်စောင်းလှမ်းထိုးလိုက်သည်။
“အားယန်၊ သမီး သမီးကိုကိုကို ယုံလား မေမေ့ကို ယုံလား”
ရွယ်ယန် လျို့ဟွားကို ကြည့်ပြီးနောက် ရွယ်ကျစ်ကို ပြန်လှည့်ကြည့်လိုက်သည်။
“မေမေ၊ မေမေတို့ နှစ်ယောက်စလုံးက အရမ်းကလေးဆန်ကြတာပဲ!”
သူတို့ ဘာလို့ ဒီဂိမ်းမျိုးကိုပဲ ကစားနေကြတာလဲ!
လျို့ဟွာ နှင့် ရွယ်ကျစ် : “..."
ဘာမှပြောစရာကို မရှိတော့ပါဘူး။
…
နောက်ဆုံးတွင် လူတိုင်း ပျော်ရွှင်စွာ အိမ်ပြန်လာကြသည်။ သို့သော် သူတို့ တံခါးအနားသို့ ရောက်လျှင်ရောက်ချင်း လီယွမ်တစ်ယောက် သနားစဖွယ်ကောင်းစွာ တစ်ယောက်တည်း ကုပ်ကုပ်ကလေးထိုင်နေသည်ကို တွေ့လိုက်ရသည်။
ကလေးများထဲတွင် မသွားဖြစ်သည့်ကလေးမှာ သူတစ်ယောက်တည်းသာ ဖြစ်သည်ဟု လျို့ဟွား ပြန်တွေးမိချိန် သူ(မ)မှာ အနည်းငယ် စိတ်မကောင်းဖြစ်သွားရသည်။
“ရှောင်ယွမ် ဒီမှာ ဘာလုပ်နေတာလဲ”
အနောက်တွင် လျှောက်လာသော ရွယ်ယန်က စူးစမ်းစွာဖြင့် ဆိုလာ၏။
“ရှောင်ယွမ်ကော?”
လီယွမ်၏မျက်လုံးများမှာ မျက်ရည်များဖြင့် ဝေ့သီလာ၏။
“အားယန် နင်တို့ ငါ့ကို မပြောဘဲ ထွက်ကစားကြတယ်!”
ရွယ်ယန် သူ့ကို ခေါင်းရှုပ်စွာ စိုက်ကြည့်လာ၏။
“ဒါပေမယ့် နင့်မှာ သင်တန်းရှိနေတယ် မဟုတ်ဘူးလား”
လီယွမ်မှာ ပိုလို့ပင် ငိုချချင်လာ၏။
“ဘာလို့ ငါတစ်ယောက်တည်းပဲ စာသင်နေရတာလဲ”
လီရှန်မင်သည်လည်း ရုတ်ရုတ်သဲသဲအသံများကြားပြီး ထွက်လာ၏။ ထိုစာကြောင်းကို အတိအကျ ကြားလိုက်ရပြီး အညှာတာကင်းမဲ့စွာဖြင့် သားဖြစ်သူအား ပြက်ရယ်ပြုလိုက်သည်။
“မင်းအကိုတွေအမတွေရဲ့ အဆင့်တွေက အများကြီးကောင်းတယ် ဒါကြောင့်မလို့လည်း သူတို့က စာသင်ဖို့မလိုတာလေ”
လီယွမ်က တုံချိစွာဖြင့် အပြစ်ကင်းသော ကလေးမကို ညွှန်ပြပြီး
“ဒါဆို အားယန်ကျတော့ရော”
လီရှန်မင် သူ့မေးအား ပွတ်လိုက်သည်။
“အားယန်က အခုမှ မူကြိုပဲ ရှိသေးတယ်ဆိုပေမယ့် စာအုပ်တောင် ဖတ်လို့တတ်နေပြီ၊ မင်းကျတော့ရော အကိုကြီးတစ်ယောက်အနေနဲ့ မင်းရဲ့ညီမလေးလောက်တောင် စာလုံးတွေတောင် မမှတ်မိဘူးလေ”
လီယွမ်၏အကြည့်တို့မှာ တဖြည်းဖြည်း မှိန်တွေသွားပြီး လုံးလုံးလျားလျား ဝမ်းနည်းပက်လက်ဖြစ်နေတော့သည်။
သူ့ပုံစံက အနည်းငယ် သနားစရာကောင်းလွန်းနေသည်ကို မြင်လျှင် ရွယ်ယန်က လျှောက်သွားလိုက်ပြီး သူ့ကို ဖက်ရန်အတွက် လက်နှစ်ဖက်ကို ဖွင့်ကားလိုက်သည်။
“ရှောင်ယွမ်ကော၊ နောက်တစ်ခါ အားယန်တို့ အပြင်ထွက်ကစားတဲ့အခါကျ ကောကိုပါ သေချာပေါက် ခေါ်မယ်လေ ဟုတ်ပြီလား”
လီယွမ် သူ့အရှေ့ရှိ ချစ်စဖွယ် ဒိုင်နိုဆောဝတ်စုံနှင့် ကလေးမလေးကို မှင်သက်စွာ ငေးကြည့်လိုက်ပြီး စိတ်ထဲတွင်လည်း အတွေးတစ်ခုတည်းဖြင့်။
ဒီနူးညံ့ပြီး ပွေ့ဖက်ထားချင်စရာကောင်းတဲ့ ချစ်စဖွယ် ညီမလေးက သူ့ကို ဖက်ချင်နေတာတဲ့!
ညီမလေးက သူ့ကို အရင်လာဖက်တယ်!
သူ(မ)က သူ့ကို ဖက်တယ်တဲ့!!!
ကောင်ကလေး၏ အတွေးများက မျက်နှာထက်တွင် အတိုင်းသား၊ ရွယ်ယန်မှလွဲ၍ ဘေးတွင် ရှိနေကြသည့် လူတိုင်း မြင်နိုင်နေ၏။
လီရှန်မင်မှာ သူ့သားကို သူကိုယ်တိုင်တောင် မကြည့်နိုင်တော့ချေ။ သူက လျှောက်သွားလိုက်ပြီး လီယွမ်ကို ဖမ်းဆွဲကာ ကိုးရိုးကားရားနိုင်စွာဖြင့် လျို့ဟွားနှင့် အခြားသူများအား နှုတ်ဆက်စကားဆိုလိုက်၏။
“ကျွန်တော်ရဲ့ကလေးစုတ်လေးက မင်းတို့အားလုံးကို ဒုက္ခပေးမိပါပြီ၊ သူ့ကို ခုပဲ ပြန်ခေါ်သွားလိုက်ပါ့မယ်”
လျို့ဟွား ဘာမှပင် ပြန်မပြောရသေးခင် သူက ခပ်သုတ်သုတ်ပြန်ထွက်သွား၏။
ကျန်နေသည့်အဖွဲ့ကြီးမှာ တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ကူကယ်ရာမဲ့စွာ ပြုံးမိကြသည်။
ရွယ်ယန်က သူ(မ)အမေ၏ခြေထောက်ကို လှမ်းဖက်လိုက်ပြီး မော့ကြည့်ကာ မေးမြန်းလာ၏။
“မေမေ အန်ကယ်လီက ဘာလို့ ရှောင်ယွမ်ကောကို ဆွဲခေါ်သွားရတာလဲ”
လျို့ဟွာ သူ(မ)သမီးလေး၏ ခေါင်းလေးကို ပုတ်ပေးလိုက်ပြီး
“မသိဘူးလေ၊ အထဲကို အရင်ဝင်ရအောင်၊ မင်းတို့တွေ ဗိုက်ဆာနေကြရောပေါ့”
လျို့မန်က အရုပ်အပြုံလိုက်ကို သယ်ဝင်လာပြီး ရွှင်မြူးစွာ အကြံပြုလာ၏။
“ရှောင်ယွီနဲ့ ကောင်လေးတွေ ခုနက ကြက်ကြော် သိပ်မစားကြသလိုပဲ၊ အားမန် ခေါက်ဆွဲပြုတ်ပေးရင်ရော?”
ရွယ်ယွိက ခေါင်းညိတ်လာ၏။
“အိုခေ”
ရွယ်ကျစ်နှင့် အခြားသူများသည်လည်း ကန့်ကွက်စရာမရှိပါချေ။ သူတို့က ကြက်ကြော်ထက်စာလျှင် ခေါက်ဆွဲကိုသာ ပိုလိုချင်ကြသည်။
သို့သော် ကြက်ကြော်နှင့် အာလူးကြော်များ တဝစားလာခဲ့သည့် ကောင်မလေးသုံးယောက်မှာ ဗိုက်ပြည့်နေကြပြီး ထပ်စားမနိုင်တော့ချေ။ ရွယ်ယန်က စားပွဲပေါ်တွင် လှဲနေရင်း သူ(မ)အကိုများကို ကြည့်ကာ
“ကိုကို ကြက်ကြော်က အရမ်းအရမ်း အရသာရှိတယ်နော်”