Chapter 67

714 76 0
                                    

အပိုင်း (၆၇)

ရွယ်ယန်သည် နှုတ်ခမ်းကို ဖိထားလိုက်သည်။

"ဖွား အားယန်က ဘာမှမလုပ်ချင်ပါဘူး၊ သူက ထီကျစ်ကို အားယန်တို့လိုပဲ ဖြစ်စေချင်တာပါ ရတယ်မလား"

ကျိုးယွိယွမ်သည် အသေးလေး၏ နူးညံ့ဖြူ‌ဖွေးသည့် မျက်နှာလေးကို ပွတ်လိုက်သည်။

"ရတာပေါ့"

ရွယ်ယန်သည် တောက်ပစွာ ပြုံးလိုက်ပြီး လှပသော မျက်လုံးလေးများက လခြမ်းကွေးသဏ္ဌာန် ကွေးညွှတ်သွား၏။

သူ့မြေးမငယ်လေး၏ ကလေးသွားလေးများ ပေါ်သည်အထိ ပြုံးနေသည့်ပုံကို ကြည့်ပြီး ရွယ်ကျန့်ရှုန်၏စိတ်တို့မှာ အမှုမဲ့အမှတ်မဲ့ဖြစ်စွာ ကြည်လင်လာတော့သည်။

"ကလေးလေး ဖိုးဖိုးနဲ့ ဖွားဖွားက သမီးနဲ့ သမီးတို့မောင်နှမတွေအတွက် လက်ဆောင်တွေအများကြီး ပြင်ဆင်ထားတယ်၊ မြေးလေး ကြည့်ကြည့်ချင်လား"

သူ့ဘဝသက်တမ်းတစ်လျှောက်လုံး ခက်ထန််နေခဲ့သော လူအိုကြီးသည် သူ၏ မြေးမငယ်အား 'ကလေး' ဟုခေါ်၍ ရုတ်တရက် ညင်သာစွာ ပြုံးပြနေလေ၏။

ရွယ်ကျင်းဟုန်တစ်ယောက် မှန်းချက်နှင့် နှမ်းထွက်မကိုက်သလို ခံစားလိုက်ရပြီး သူ့အဖေ၏ မြင့်မားပြီး ခမ်းနားထည်ဝါသော ပုံရိပ်သည် တဖြည်းဖြည်းနှင့် ပြိုလဲပျက်စီးသွားလေ၏။

သို့ရာတွင် သူ၏သမီးလေး မည်မျှချစ်စဖွယ်ကောင်းကြောင်း စဉ်းစားမိချိန်တွင်တော့ အရာအားလုံးက ကျိုးကြောင်းဆီလျော်သွားပြန်၏။

ရွယ်ယန်ကို အဖွားဖြစ်သူက ချီထားပြီး သူ(မ)၏တစ်ကိုယ်လုံးအား အဖွားဖြစ်သူ၏ ပခုံးထက် မှီလှဲထား၏။ ကလေးမလေးသည် လက်သေးလေးများကိုဆန့်ထုတ်ကာ သူ(မ)၏နားရွက်များကို ကိုင်ကြည့်ပြီး တစ်ကိုယ်တည်း ရယ်နေလေ၏။

လမ်းတစ်လျှောက်လုံးတွင် ရှေ့နောက်လိုက်ကြည့်ပြီး ရွယ်ယန်တစ်ယောက် အံ့အားတသင့် ရေရွတ်မိပြန်၏။

"ဟိုမှာ ရေကန်လေး! ငါးလေးတွေရော ရှိလားဟင်"

"ဒီကျောက်တုံးကြီးတွေက အရမ်းထူးဆန်းတာပဲ!"

"ဒီပန်းလေးတွေ အရမ်းလှတယ်နော်!"

"ဒီအာဝုကြီးက အရမ်းချစ်ဖို့ကောင်းတယ်... အာဝုကြီး! ထီကျစ် ကြည့် ဟိုမှာ အာဝုကြီးတစ်ကောင် ရှိတယ်!"

ကလေးမလေး၏ နူးနူးညံ့ညံ့အသံက စိတ်အနှောင့်အယှက်မဖြစ်စေဘဲ လူတိုင်းအား ပိုလို့ပင် စိတ်ရွှင်မြူးနေစေ၏။

ထီကျစ်သည် သူ့ကို စောင့်ကြပ်နေသည့် အရှေ့ရှိ ခွေးကြီးကြီးကို ကြည့်ပြီး မနေနိုင်စွာ မျက်လုံးလှိမ့်မိတော့သည်။

ရွယ်ကျန့်ရှုန်သည် အသံပြုလိုက်ရာ ခွေးကြီးသည် ရုတ်ခြည်း တစ်ဖက်သို့ လှည့်ကာ ထွက်ပြေးသွား၏။

ကလေးမလေးသည် အနှီခွေးကြီး ထွက်ပြေးသွားသည်ကို ကြည့်ရင်း အနည်းငယ် ပဟေဠိ ဖြစ်သွားရသည်။

"ဖိုးဖိုး အာဝုက ဘာလို့ ထွက်ပြေးသွားတာလဲ၊ ထီကျစ်ကို သဘောမကျလို့လား"

ရွယ်ကျန့်ရှုန်သည် သူ၏မြေးမငယ်အား အပြုံးဖြင့် ချော့ပြောလိုက်သည်။

"ကလေးလေး၊ အဲ့ဒီအာဝုကြီးက ‌ထီကျစ်ကို ကြောက်နေတာ"

ရွယ်ယန်သည် ထိုအကြောင်းကို ကြားချိန် ခေါင်းကို ချက်ချင်း ငုံ့လိုက်ပြီး ထီကျစ်ကို ကြည့်လိုက်သည်။

"ထီကျစ်၊ အားယန်က ထီကျစ်ကို မကြောက်ဘူးနော်၊ ဝံပုလွေငယ်လေးက အရဲရင့်ဆုံးပဲ!"

ထီကျစ်သည် ခေါင်းမော့ကာ နှစ်ကြိမ်အူလိုက်သည်။ ဝံပုလွေငယ်၏ မျက်လုံးထဲ အပြုံးလေးများ ဝေ့သီနေလေ၏။

လူအိုကြီးသည် သူ လက်ဆောင်များ ပြင်ပေးထားသည်ဟု ပြောထားသည့်တိုင် လူအုပ်ကြီးမှာ အိမ်ရှေ့ဧည့်ခန်းမအလယ်ရှိ ပုံထားသော ပစ္စည်းများကို မြင်လိုက်ရသည့်အခါ ထိတ်လန့်သွားရသေးသည်ပင်။

ရွယ်ယန်သည် သူ(မ)ထက်ပင် အနည်းငယ် ပို၍မြင့်သော လက်ဆောင်ပုံကြီးကို ခေါင်းထောင်ကြည့်လိုက်ပြီး ခေါင်းရှုပ်သွားရသည်။

"ဖွားဖွား၊ ဒါတွေအကုန်လုံးက အားယန်နဲ့ ကိုကိုမမတွေအတွက်လား"

ကျိုးယွိယွမ်သည် ပြုံးလိုက်ပြီး ယဲအန့်နင်နှင့် အခြားသူ‌များအား လာခဲ့ရန် လက်ယက်ခေါ်လိုက်သည်။

"ဟုတ်တယ်၊ မြေးရဲ့ဖိုးဖိုးနဲ့ ဖွားက ဈေးဝယ်ထွက်တိုင်း ကလေးတွေ ကြိုက်မယ်ထင်တဲ့ဟာမှန်သမျှ ဝယ်ထားခဲ့ကြတာ"

ရွယ်ယန်သည် လက်ဆောင်ပုံကြီးကို စက်ဝိုင်းပတ်လိုက်ပြီး၊ ထို့နောက် အထဲမှနေ လှပသော သေတ္တာအကြည်လေးတစ်လုံးကို နှိုက်ထုတ်လိုက်သည်။

သူ(မ)ပုံစံမှာ ရတနာလေးအား ယဲအန့်နင်ကို ထုတ်ကြွားချင်နေသည့်နှယ်၊ ယဲအန့်နင်၏အရှေသို့ ထုတ်ပြလာ၏။

"ကျယ်ကျဲ ကြည့်! ဒါ ကျယ်ကျဲကြိုက်တဲ့ပုံစံမလား"

ယဲအန့်နင်သည် သူ(မ)အရှေ့ရှိ ကလေးငယ်အား ကြည့်လိုက်ပြီး ပြုံးရင်းဖြင့် သူ(မ)နှင့် မျက်နှာချင်းဆိုင် ဆောင့်ကြောင့်ထိုင်လိုက်သည်။

"အားယန်က ဘယ်လိုသိလဲ"

ကလေးမလေး၏ လက်ထဲတွင်ရှိသော သေတ္တာထဲတွင် အလွန်လက်ရာမြောက်သည့် အသေးစား မိုက်ခရိုဖုန်းတစ်လုံးပါရှိပြီး တစ်ချက်ကြည့်ရုံတည်းဖြင့် ဈေးကြီးမှန်း သိသာလှသည်။

ရွယ်ယန်သည် ဂုဏ်ယူဝင့်ကြွားလျက်ဖြင့်။

"ကျယ်ကျဲရဲ့အခန်းထဲမှာ ဒါမျိုးတွေ အများကြီးပဲ ရှိတယ်လေ!"

ကျိုးယွိယွမ်သည် အနည်းငယ် အံ့အားသင့်သွား၏။

"အန့်နင်က မိုက်ခရိုဖုန်းတွေ ကြိုက်တာလား၊ ဖွားတို့က အဲ့ဒီတုန်းက ဒါလေးကို ကြည့်ကောင်းတယ်ထင်လို့ ဝယ်လာခဲ့ကြတာ"

ရွယ်ကျင်းဟုန်သည် ကြားဖြတ်ဝင်ပြောလာ၏။

"ဟုတ်တယ်၊ အန့်နင်က သီချင်းလည်း ကောင်းကောင်းဆိုနိုင်တယ်"

ရွယ်ယန်သည် ယဲအန့်နင်၏လက်ထဲသို့ ပစ္စည်းကို ထိုးထည့်ပေးလိုက်သည်။

"ကျယ်ကျဲကို ပေးတယ်!"

ယဲအန့်နင်သည် အင်တင်တင်မလုပ်နေဘဲ အပြုံးဖြင့် လက်ခံယူလိုက်သည်။

"ကျေးဇူးတင်ပါတယ် အားယန်"

ကလေးမလေးသည် အစ်မဖြစ်သူကို ဖက်ကာ တစ်ဖန်ထပ်နမ်းလိုက်သည်။

"ရပါတယ် ကျယ်ကျဲ!"

ယဲအန့်နင်သည် သူ(မ)မျက်နှာထက်မှ သွားရည်များကို သုတ်လိုက်ပြီး မနေနိုင်စွာ ကလေးမလေး၏ ပါးပြင်ကို ဖျစ်ညှစ်လိုက်သည်။

နောက်ဆုံးတွင်တော့ လက်ဆောင်များသည် များလွန်း၍ ကလေးမလေးသည် ဖွင့်ဖောက်ရင်း ပင်ပန်းလာတော့သည်။ ကျိုးယွိယွမ်သည် ရယ်စရာပုံစံဖြင့် အိပ်ချင်ယောင်ဆောင်ကာ ကော်ဇောပေါ်တွင် လဲလျောင်းနေသော ကလေးငယ်ကို ကြည့်လိုက်သည်။ သူ(မ)သည် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ကလေး၏ နူးညံ့သောမျက်နှာလေးကို ပုတ်လိုက်သည်။

"ကလေးလေး၊ ထဝောာ့ ကြမ်းပေါ်မှာ မအိပ်ရဘူးလေ"

ရွယ်ယန်သည် မျက်လုံးများကို ပွတ်လိုက်သည်။

"ဖွား အားယန် အပြင်မှာ သွားဆော့လို့ရလား"

ကျုးယွမ်သည် ကလေးမလေးကို ကောက်ချီလိုက်ပြီး သူ(မ)ကို မတ်မတ်ရပ်စေလိုက်သည်။

"ရတာပေါ့၊ ကလေးက လည်စည်းကို ဝတ်ထားရမယ် ပြီးတော့ ကိုကိုနဲ့ မမတို့ကိုပါ ခြံထဲမှာ ခေါ်ဆော့ခိုင်းရမယ် ဟုတ်ပြီလား"

"အို့ခေ!"

ရွယ်ကျင်းဟုန်သည် သူ့သမီးလေး၏ အမွေးဖွားလည်စည်းကို ကမ်းပေးလိုက်သည်။

"အားယန်၊ လည်စည်းကို ကိုယ့်ဘာသာဝတ်ရမယ်နော်"

ရွယ်ကျန့်ရှုန် မျက်မှောင်ကြုတ်လိုက်သည်။

"ကလေးက ဒီလောက်ငယ်သေးတာ၊ ဘာလို့ ကိုယ်ဘာသာလုပ်ခိုင်းရတာလဲ၊ မင်းက အဖေလေ ကလေးကို ကူပေးလိုက်တော့ ဘာဖြစ်မှာမလို့လဲ"

ရွယ်ယန်သည် လေးနက်စွာ ဝင်ပြောလာ၏။

"ဖိုး၊ မေမေကပြောတယ် အားယန်က လည်စည်းတို့၊ အဝတ်တို့ကို ကိုယ့်ဘာသာဝတ်သင့်တယ်တဲ့"

ရွယ်ကျန့်ရှုန်သည် သူ၏ မြေးမလေးအား မျက်နှာချင်းဆိုင်ရချိန်တွင် ရုတ်ခြည်း နူးညံ့ညင်သာသွားတော့သည်။

"မြေးလေးမေမေက ဖိုးတို့ရဲ့ရတနာလေးကို ကောင်းကောင်းသင်ပေးထားတာပဲ၊ ကလေးက အရမ်း ထက်မြက်နေရော!"

ရွယ်ကျင်းဟုန် : "..."
ဆိုတော့ ဒါက စံနှုန်းနှစ်ထပ်နဲ့ပေါ့?

ရွယ်ကျင်းဟုန်၏ မိသားစုရာထူး -1-1-1

ရှောင်ရွယ်ယန်၏ မိသားစုရာထူး +1000+1000+1000+...

ဘေးမှ ကြည့်‌နေကြသော အိမ်တော်ထိန်းကျောက်နှင့် ရွယ်ယွိတို့မှာ ရယ်ချင်စိတ်ကို မချုပ်တည်းထားနိုင်လုနီးနီးပင်။

တစ်စုံတစ်ယောက်သော ကလေးမလေး၏ ပြတ်သားသော တောင်းဆိုချက်အရ ကလေးများသည် ဆော့ကစားရန် ခြံထဲသို့ ပြေးဆင်းသွားလေသည်။

ထီကျစ်သည် ရွယ်ယန်၏နောက်မှ လိုက်ပြီး သူ(မ)က ကိုယ်တိုင်ပြေးထွက်သွား၏။

"မမနဲ့ ကိုကိုတို့! မြန်မြန်! ရေကန်‌လေးကို သွားကြည့်ရအောင်!"

ယဲအန့်နင်သည် အလျင်အမြန်ဖြင့် ခြေလှမ်းအနည်းငယ် လှမ်းလိုက်ပြီး ကလေးမလေးကို ဖမ်းဆွဲလိုက်သည်။

"အားယန် ဖြည်းဖြည်း၊ မြေကြီးက အခုချိန် အရမ်းချော်နေတာ"

ရွယ်ယန်သည် နာခံစွာဖြင့် အစ်မဖြစ်သူနှင့်အတူ ရေကန်အစွန်းသို့ ရောက်သည်အထိ ဖြည်းဖြည်းချင်း လျှောက်သွားလိုက်သည်။ ထိုအခါတွင်မှ သူ(မ)သည် လက်ရန်းကို မှီကာ ငုံ့ကြည့်လေ၏။ 

ရွယ်ယွိနှင့် အခြားသူများသည် ခြေနှစ်လှမ်းအကွာဖြင့် နှေးကွေးစွာ လျှောက်လာ၏။

"အားယန်က ဘာကို တွေ့ချင်လို့လဲ"

ရွယ်ယန်သည် ဆောင့်ကြောင့်ထိုင်ချကာ လက်ရန်းကြားရှိ ကွက်လပ်များမှတဆင့် သူ(မ)၏လက်လေးများကို ဆန့်ထုတ်လိုက်ပြီး နောက်ဆုံးတွင်မှ ရေကန်၏ရေမျက်နှာပြင်ကို ခဲရာခဲဆစ် ထိနိုင်သွားသည်။

ယဲအန့်နင်၏ မျက်နှာတစ်ခုလုံးသည် အနက်ရောင်လိုင်းများဖြင့် ပြည့်သွားပြီး ကလေးမလေးကို ကောက်ချီကာ ခြေနှစ်လှမ်း‌ နောက်ဆုတ်လိုက်သည်။

"အားယန် ဘာလုပ်ချင်နေတာလဲ၊ ရေအေးတွေကို ထိလို့မရဘူးနော်"

ပထမဆုံးအနေဖြင့် ရွယ်ယန်တစ်ယောက် အစ်မဖြစ်သူ၏လက်မောင်းထဲမှ ရုန်းကန်လာတော့သည်။

"ကျယ်ကျဲ! အားယန်က ငါးလေးတွေကို ထိချင်လို့!"

ယံအန့်နင်သည်တော့ အကြင်နာမဲ့စွာဖြင့်။

"ငါးလေးတွေက အားယန်ထိတာ မလိုချင်ဘူးတဲ့"

ရွယ်ယန် နှုတ်ခမ်းစူလိုက်သည်။

"ကျယ်ကျဲ လိမ်တာ!"

ယဲအန့်နင်သည် ကလေးမလေးကို ချီထားရင်းဖြင့် ရေကန်အစွန်းနား ဝပ်တုပ်ထိုင်ချလိုက်ပြီး သူ(မ)အား ဖြည်းညင်းစွာဖြင့် မဟုတ်တရုတ်များ လျှောက်ပြောတော့သည်။

"တွေ့လား၊ ငါးလေးတွေက ရေထဲမှာ နေတာ အားယန်က သူတို့ကို သွားထိလိုက်မယ်ဆိုရင် သူတို့တွေ နေမကောင်းဖြစ်ကုန်လိမ့်မယ်"

ရွယ်ယန်သည် ကြောက်လန့်သွားပြီး ရွယ်ယွိကို လှည့်ကြည့်လိုက်သည်။

"ကိုကို၊ တကယ်ပဲလား"

ရွယ်ယွိတစ်ယောက် ပြန်ဖြေ‌ရန် ဟန်ပြင်လိုက်စဉ် ရုတ်တရက် ယဲအန့်နင်၏ လူသတ်တော့မည့် မျက်လုံးများကို မြင်လိုက်ရသည်။

"အမှန်ပဲ၊ ဒါကြောင့်မလို့ အားယန် ငါးလေးတွေကို သွားထိကြည့်လို့မရဘူးနော်"

သူသည် ဉာဏ်ရှိစွာ ရွေးချယ်ကာ သူ၏အသက်လေးအား ကယ်တင်လိုက်လေ၏။

ကလေးမလေးသည် အနည်းငယ် စိတ်ပျက်သွားသည့်နှယ်။

"ဟုတ်..."

သူ(မ) ၎င်းတို့ကို ထိလို့မရနိုင်ဘူးဆိုမှဖြင့် မထိတော့ရုံသာ။ လိမ္မာသောကလေးငယ်သည် ရေကန်ထဲမှ ကူးခပ်နေသော ငါးလေးများကို လက်ရန်းပေါ်မှ မှီကာ ကြည့်နေလေသည်။

ထီကျစ်သည်လည်း လက်ရန်းကို ခေါင်းလေးမှီကာ ရေကန်ထဲ ငုံ့ကြည့်လိုက်သည်။

ဟေး! ဒီငါးတွေက တော်တော်လေး ကြည့်ကောင်းတာ အရသာလည်း တော်တော်လေးရှိမဲ့ပုံပဲ။

ကျိုးယွိယွမ်နှင့် အခြားသူများ လာရှာကြချိန်တွင် သူတို့သည် လက်ရန်းပေါ် မှီနေကြသည့် ကလေးတစ်အုပ်ကို တွေ့လိုက်ရပြီး အငယ်ဆုံးလေးနှင့် ထီကျစ်သည် အလယ်တွင် ရပ်နေလေ၏။

ကလေးမလေးသည် ရံဖန်ရံခါ ခြေဖျားထောက်ပြီး ခပ်ဝေးဝေးကို မြင်နိုင်ရန် ကြိုစားနေလေ၏။သူ(မ)၏အဝတ်အစား‌ နောက်ကျောပေါ်မှ အမြီးလေးသည် အောက်စိုက်ကျနေသော်လည်း ဦးထုပ်ပေါ်ရှိ နားရွက်လေးများသည်တော့ တထောင်ထောင်ဖြစ်နေ၏။

ချစ်ဖို့ကောင်းလိုက်တာမှ!

သူ(မ)လည်း လျှောက်သွားလိုက်ပြီး လက်ရန်းကို မှီလိုက်သည်။

"ဘာတွေကြည့်နေတာလဲ ကလေးတို့"

အသံကို ကြားသည်နှင့် ရွယ်ယန်သည် ခေါင်းလေးကို မော့ကာ အဖွားဖြစ်သူကို ကြည့်လိုက်သည်။ သူ(မ)က ပါးစပ်ထောင့်ကို သုတ်ရင်းဖြင့် မေးလိုက်သည်။

"ဖွားဖွား အားယန်တို့ ခဏနေကျ ငါးပေါင်းစားလို့ရမလား"

ပြန်လည်မွေးဖွားလာပြီးနောက်မှာ မှတ်ဉာဏ်ဆုံးရှုံးသွားတဲ့ ဗီလိန်မလေးOnde histórias criam vida. Descubra agora