အပိုင်း(၄)
ရှန်နျန်က သူ(မ)အမေကို ညင်သာစွာ တွန်းလိုက်ပြီး ရွယ်ယန်အား အရှေ့သို့ ဆွဲခေါ်ကာ
“မေမေ ဒါက သမီးကောက်ရလာခဲ့တဲ့ ညီမလေး”
လင်ရိဖုန်တစ်ယောက် သူ(မ)မျက်လုံးထောင့်မှ မျက်ရည်များကို သုတ်ပစ်ပြီး ရွယ်ယန်အား ဂရုတစိုက် ကြည့်လိုက်သည်။ ကလေးမလေးရဲ့ ဖြူဖြူဖွေးဖွေး၊ နူးနူးညံ့ညံ့ပုံလေးကို ကြည့်ရုံဖြင့် နုနုနယ်နယ်ပျိုးထောင်ထားမှန်း သိသာလှသည်။ သို့ရာတွင် ကလေးမလေးက သူ(မ)အရှေ့တွင် ရပ်ကာ အလွန်လည်း လိမ္မာနေပြန်၏။ သူ(မ)အား ချိုမြမြလေး နှုတ်ဆက်လာပြီး လက်ထဲတွင်လည်း နူးညံ့ပြီးချစ်ဖို့ကောင်းသည့် ခွေးပေါက်စလေးကို ချီထားသေး၏။
လင်ရိဖုန်ရဲ့နှလုံးသားမှာ နူးညံ့သွားရသည်။ သူ(မ)က ရွယ်ယန်ရဲ့မျက်နှာလေးကို ညှစ်ပြီး
“ကလေးလေး မင်းရဲ့နာမည်ဘယ်လိုခေါ်လဲ?”
ရွယ်ယန်က မျက်တောင်လေးခတ်ပြီး အလေးအနက်ဖြင့်
“အန်တီ သမီးနာမည်က ရွယ်ယန်လို့ခေါ်ပါတယ် သူက ထီကျစ်”
ကလေးမလေးက ပြောရင်းဖြင့် လက်မောင်းထဲရှိ ခွေးပေါက်လေးကို မြှောက်ပြလာခဲ့သည်။
ရှန်နျန်ကလည်း လှပတဲ့ကောင်မလေးတစ်ယောက်ဖြစ်သော်လည်း သူ(မ)က ချစ်ဖို့ကောင်းအောင် မနေတတ်ချေ။ ထို့ကြောင့် လင်ရိဖုန်ရဲ့နှလုံးသားမှာ ရွယ်ယန်ကို မြင်သည့်အချိန်တွင် ပို၍ပင် နူးညံ့သွားရသည်။
“အားယန်က ဘာလို့ ဒီမှာတစ်ယောက်တည်းဖြစ်နေရတာလဲ?”
ရွယ်ယန်က ထီကျစ်အား တင်းကျပ်စွာ ဖက်ထားရင်း
“မေမေက ဖေဖေနဲ့ ပေးမတွေ့လို သမီးက တိတ်တိတ်လေး ခိုးထွက်လာတာ”
ရှန်နျန်က သူ(မ)အမေရဲ့အင်္ကျီစကို ဆွဲပြီး
“မေမေ သမီးတို့ အားယန်ရဲ့ဖေဖေကို ကူရှာပေးရအောင်နော်”
လင်ရိဖုန်မှာ အနှီဖက်ထုပ်လေးနဲ့ မခွဲခွာချင်သော်လည်း သူ(မ)က ခေါင်းညိတ်ပြကာ
“အိုခေ၊ အားယန်က အန်တီနဲ့မမတို့နဲ့ အိမ်အရင်ဆုံးလိုက်ခဲ့နော်”
ရွယ်ယန်က နာခံစွာဖြင့်
“အို့ခေ! ကျေးဇူးတင်ပါတယ် အန်တီ”
သူတို့ လမ်းနည်းနည်းလျှောက်ပြီးသွားချိန် ရှန်နျန်ရဲ့အဖေဖြစ်သူနှင့် ဆုံ၏။ ရှန်ရှုက သူ့မိန်းမရဲ့အဖွဲ့ကို မြင်သည်နှင့် လျှောက်လာပြီး သူ့သမီးလေးအား အနီးကပ်ကြည့်လိုက်သည်။
သူ့မှာ အလွန်ကို စိတ်ပူနေရခြင်းဖြစ်ပြီး ပြေးလာကာ ရှန်နျန်အား ဖက်ပြီး
“နျန်နျန် အဆင်ပြေရဲ့လား?”
လင်ရိဖုန်က မပျော်ရွှင်စွာဖြင့်
“အခုမှ ဘာကိုလာပြီး စိတ်ပူပြနေတာလဲ? ဒါ ရှင် အစကတည်းက ကျွန်မတို့သမီးကို ကောင်းကောင်းမကာကွယ်ပေးခဲ့လို့လေ”
ရှန်ရှုမှာလည်း အလွန်လိပ်ပြာမလုံဖြစ်ရလေသည်။ သူ တစ်ခုခုပြောရန် ဟန်ပြင်လိုက်ချိန် သူ့သမီးလေးရဲ့လက်ကို ကိုင်ထားသည့် ကလေးငယ်လေးကို တွေ့လိုက်ရပြီး သူက အံ့အားသင့်စွာဖြင့်
“နျန်နျန် သမီး ကလေးတစ်ယောက်ကို ကောက်လာတာလား?”
သူ(မ)ကို သတိထားမိသွားသည်အား သိသည်နှင့် ရွယ်ယန်က ရှန်ရှုကို ရှက်ကြောက်စွာ နှုတ်ဆက်လိုက်သည်။
“အန်ကယ် မင်္ဂလာပါ.....”
ရှန်ရှုရဲ့နှလုံးသားမှာ အသံချိုချိုလေးကြောင့် အရည်ပျော်သွားရပြီး
“အို့ မင်္ဂလာပါ ကလေးလေး!”
ရှန်နျန်မှာ ခွန်းတုံ့မပြန်ဘဲ မနေနိုင်တော့ကာ
“ဖေဖေ ဖေဖေ့အသံက လူမှောင်ခိုသမားနဲ့တူနေတယ်”
ရှန်ရှုတစ်ယောက် သူ့ရဲ့အဖိုးတန်သမီးလေးကို စိုက်ကြည့်ပြီး
“သမီးက ဘယ်လိုလုပ်ပြီး ဒီလိုပြောရက်ရတာလဲ? သမီးရဲ့ဖေဖေက သူ့သမီးလေး သူ့ကို ချစ်ဖို့ကောင်းအောင် မချွဲပြချင်တော့ သူများကလေးကို ကြည့်တာ ကြည့်လို့တောင်မရတော့ဘူးလား?”
ရှန်နျန် သူ့ကို ဗလာကျင်းစွာ စိုက်ကြည့်လိုက်သည်။ အဖေ ဒါက လူပွေတစ်ယောက်ရဲ့ ကိုးကားချက်နဲ့တူမနေဘူးလား?
လင်ရိဖုန် သူ(မ)ယောက်ျားအား အဝေးသို့ တွန်းထုတ်လိုက်ပြီး ရွယ်ယန်အား တိုက်ရိုက်ကောက်ချီလိုက်သည်။ လေးနှစ်အရွယ် ကလေးမလေးက ချီထားရတာ နူးနူးညံ့ညံ့နှင့် ဝဝကစ်ကစ်လေးဖြစ်သော်လည်း အလေးချိန်မှာ သိပ်မရှိလှချေ။
သူ(မ)က ရှန်ရှုကို ဘေးတစောင်းကြည့်ကာ
“အိမ်ကို အမြန်ပြန်ရအောင်၊ ကျွန်မတို့ အားယန်ရဲ့မိသားစုကို ရှာပေးဖို့လိုသေးတယ်”
ရှန်ရှုလည်း သူ့သမီးလေးကို ချီကာ လိုက်ချင်သော်လည်း အငြင်းခံလိုက်ရလေသည်။ သူ့မှာ ရှန်နျန်ရဲ့လက်လေးကိုသာ ဆွဲထားရပြီး
“အားယန်တဲ့လား ချစ်ဖို့ကောင်းလိုက်တာမှ!”
ထို့နောက် သူ့သမီးလေးအား ကြည့်ကာ
“နျန်နျန် သမီးလည်း အားယန်လေးလောက် နူးညံ့ပြီး ချစ်ဖို့ကောင်းရင် ကောင်းမယ်”
ရှန်နျန်က မျက်လုံးလှိမ့်ကာ တုံ့ဆိုင်းမှုအလျဉ်းမရှိဘဲ
“အဖေ သမီးတို့မိသားစုရဲ့ ဒီလိုပုံမျိုးနဲ့ သမီးသာ အားယန်လို နူးညံ့ပြီး ချစ်ဖို့ကောင်းနေရင် ဟိုးအချိန်ကတည်က အရိုးတောင်ကျန်တော့မှာမဟုတ်ဘူး”
သူ(မ)ပြောပြီးနောက်တွင်မှ သူ(မ)စကားများက အနည်းငယ် ရင့်ကျက်လွန်းလှသည်ဆိုတာ ရုတ်တရက် သဘောပေါက်လိုက်သည်။
သို့ရာတွင် လင်ရိဖုန်နှင့် ရှန်ရှုတို့မှာ သူ(မ)က ဒီတစ်ကြိမ်ရှိအတွေ့အကြုံကြောင့် ကြောက်လန့်နေဆဲဟု တွေးမိပြီး သမီးဖြစ်သူအတွက် အလွန်စိတ်မကောင်းဖြစ်ရလေသည်။
“နျန်နျန် သမီးရဲ့အမေနဲ့အဖေတို့က အသုံးမကျတာပါ၊ အဖေတို့ အိမ်ပြန်ရောက်တဲ့အခါကျရင် သူတို့တွေကို သေချာပေါက် သင်ခန်းစာ ကောင်းကောင်းပေးမယ်”
ရှန်နျန်မှာ စကားထပ်ပြောရမှာ ပျင်းလွန်းလှ၏။ အမှန်တိုင်းဆိုရလျှင် သူ(မ)မိသားစုရဲ့စီးပွားရေးအခြေအနေက အားယန်တို့မိသားစုရဲ့ ဆယ်ပုံတစ်ပုံလောက်တောင် မရှိသော်လည်း သူ(မ)တို့မိသားစုရှိ လူများက အားယန်ရဲ့မိသားစုထက် ဆယ်ဆမက ပို၍ရက်စက်ကြမ်းကြုတ်ကြသည်။
လင်ရိဖုန်မှာ သူ(မ)သမီးက စကားပြောရတာမကြိုက်သည်ကို သိသဖြင့် ရွယ်ယန်နှင့်စပြီး စကားစမြည်ပြောလိုက်သည်။
“အားယန် သမီးဖေဖေနာမည်က ဘယ်လိုခေါ်လဲသိလား?”
ရွယ်ယန် အရှင်းအလင်းကြီးကို မှတ်မိပါ၏။
“သမီးဖေဖေက ရွှေကျင်းဟုန်!”
ထိုစကားများ ထွက်လာချိန်မှာတော့ လင်ရိဖုန်ရော ရှန်ရှုပါ လန့်သွားကြသည်။ သူတို့ ရွယ်ယန်အား သေချာအနီးကပ်ကြည့်လိုက်ကြပြီး သူ(မ)ရဲ့မျက်ခုံးများက စီးပွားရေးချန်နယ်တွင် မကြာခဏ ပေါ်ပေါ်လာတတ်သည့် ထိုအမျိုးသားနှင့် အမှန်တကယ် ဆင်နေ၏။
လင်ရိဖုန်က မဝံ့မရဲဖြင့်
“ဒါဆို အားယန်လေးမေမေကရော?”
ရွယ်ယန်က တုံ့ဆိုင်းမှုမရှိဘဲ ထပ်ဖြေပြန်၏။
“မေမေက လျို့ဟွား!”
သေချာသွားပြီ! လျို့ဟွာက ရွှေကျင်းဟုန်ရဲ့ဇနီးဟောင်းလေ!
ရှန်ရှုရဲ့မျက်နှာက လေးနက်သွားပြီး ဖုန်းကိုထုတ်ကာ မက်ဆေ့ချ်အများအပြား ပို့နေခဲ့သည်။
လင်ရိဖုန် လှမ်းကြည့်ကြည့်လိုက်ပြီး သူက ရွှေကျင်းဟုန်နှင့် ဆက်သွယ်လို့ရနိုင်မည့် တစ်စုံတစ်ယောက်ကို ရှာဖွေနေခြင်းဖြစ်ကြောင်း တွေ့လိုက်ရသဖြင့် သူ(မ) ဘာမှထပ်မပြောနေတော့ချေ။
ရုတ်တရက် ရှန်နျန်က
“ဖေဖေ အားယန်ရဲ့အဖေက အရမ်းစွမ်းအားကြီးတဲ့လူလား?”
ရှန်ရှုက သူ(မ)ခေါင်းလေးကို ပွတ်သပ်ပေးပြီး
“ဟုတ်တယ်”
ရှန်နျန် ပြန်စဉ်းစားကြည့်လိုက်သည်။ အားယန် ရွှေမိသားစုထံသို့ ပြန်သွားသည့်အချိန်က အတော်လေး ကောင်းကောင်းမွန်မွန် ဆက်ဆံခံခဲ့ရသော်လည်း နောက်ပိုင်းတွင် ကိစ္စများစွာ ဖြစ်ပျက်ခဲ့သေးသည်။
လင်ရိဖုန်က ဒေါသတကြီးဖြင့်
“လက်ရှိရွှေကျင်းဟုန်ရဲ့မိန်းမက သူ့သမီးကိုလည်း အိမ်ပေါ် ခေါ်တင်ထားတယ်မလား?”
ရှန်ရှု သူ(မ)ကို သတိပေးလိုက်သည်။
“မိန်းမ အဲ့ဒါငါတို့ကိစ္စမဟုတ်ဘူး”
သူက ပြောပြီးနောက် ဖုန်းနံပါတ်တစ်ခုကို ဆက်သွယ်လိုက်သည်။
ဖုန်းက အကြိမ်များစွာ မြည်ပြီးနောက်မှ ဆက်သွယ်သွား၏။ တစ်ဖက်ရှိအသံမှာ လွန်စွာသမာရိုးကျဆန်သော်လည်း ရွှေကျင်းဟုန်ရဲ့အသံမဟုတ်ပြီး သူ့ရဲ့လက်ထောက်ဖြစ်ဟန်တူ၏။
ရှန်ရှုကလည်း လေးနက်သွားပြီး
“မစ်စတာရွှေ ရှိပါသလား?”
တစ်ဖက်ရှိပုဂ္ဂိုလ်က တည့်တိုးဆန်စွာဖြင့်
“ချိန်းဆိုထားတာ ရှိပါသလား၊ မစ်စတာရွှေက လောလောဆယ် အစည်းဝေးထိုင်နေပါတယ်”
ရှန်ရှုက တိုက်ရိုက်ပင်
“ကျွန်တော်တို့ မစ်စတာရွှေက သူ့အဖေပါလို့ပြောနေတဲ့ ကလေးမလေးတစ်ယောက် ကောက်ရထားပါတယ်”
လက်ထောက်မှာ အကြောင်းအရာတချို့ကို သိထားသဖြင့် အစည်းဝေးခန်းတံခါးကို သွားမခေါက်ခင် တစ်ခဏ တုံ့ဆိုင်းနေခဲ့သေးသည်။
ဖုန်းတစ်ဖက်ရှိ အသံက တစ်ခဏ မသံမကွဲဖြစ်သွားပြီးနောက် ရွှေကျင်းဟုန်ရဲ့အသံ ထွက်လာ၏။
“ဟဲလို ကျွန်တော့်သမီးကို တစ်ခုခု ပြောခိုင်းပေးလို့ ရမလား?”
ရှန်ရှုက အိပ်ပျော်သွားပြီဖြစ်သည့် ကလေးမလေးကိုကြည့်ပြီး အနည်းငယ် တုံ့ဆိုင်းနေမိသည်။ လင်ရိဖုန်က ရွယ်ယန်ရဲ့မျက်နှာလေးကို ညင်သာစွာ ညှစ်ပြီး သူ(မ)နား,နားသို့ကပ်ကာ တီးတိုးခေါ်လိုက်သည်။
“အားယန် ထဖို့အချိန်ရောက်ပြီ”
ရွယ်ယန်က သူ(မ)ရင်ခွင်ထဲတွင် ဇိမ်ကျစွာတိုးဝင်နေပြီး လက်များက မသိစိတ်အရ လင်ရိဖုန်ရဲ့အဝတ်အစားများကို ဆွဲထား၏။ သူ(မ)က မသဲကွဲစွာ ရေရွတ်လာသည်။
“ဖေဖေ”
ကလေးက မနိုးလာသေးသဖြင့် လင်ရိဖုန်မှာ သူ(မ)ကို ထပ်ပြီး ခေါ်မနှိုးနေတော့ပေ။ ရှန်ရှုမှာ ဖုန်းပြန်ပြောဖို့သာ တတ်နိုင်တော့ပြီး
“မစ်စတာရွှေ အားယန်လေးက အိပ်ပျော်သွားပြီဗျ”
ရွှေကျင်းဟုန်က သူ့သမီးလေးရဲ့ နူးနူးညံ့ညံ့အသံလေးကို ကြားပြီးသွားပြီဖြစ်ကာ သူ့မှာ လွန်စွာ စိုးရိမ်ကြီးလျက်ရှိပြီး
“ငါ ကလေးအသံကို ကြားပါတယ်၊ မင်းတို့ဘယ်နေရာမှာလည်းဆိုတာ ပြောပြပေးပါ ကလေးကို လာခေါ်လိုက်ပါ့မယ်”
ခဏရပ်ပြီး သူက ထပ်ဖြည့်ပြောလာ၏။
“မင်းတို့ဘာပဲတောင်းဆိုချင်တာ ရှိပါစေ ငါ့ကို ပြောလို့ရတယ်”
ရှန်ရှု သူ ဆိုလိုသည့်အဓိပ္ပာယ်ကို သဘောပေါက်သော်လည်း ခေါင်းကို ခါကာ
“မလိုပါဘူး မစ်စတာရွှေ၊ ကျွန်တော့်သမီးလေးက အားယန်နဲ့ တောထဲမှာ ဆုံခဲ့တာ၊ ကျွန်တော့်သမီးလေးက ကျွန်တော် သူ့အပေါ် အခွင့်ကောင်းယူတယ်လို့ မတွေးစေချင်ဘူး”
ရှန်နျန်မှာ သူ(မ)အဖေစကားကိုကြားပြီး မနေနိုင်အောင် သဲ့သဲ့လေး ပြုံးမိသွားသည်။ သူ(မ)အဖေက အရင်အတိုင်း မပြောင်းလဲဆဲပင်။
တခြားတစ်ဖက်ရှိ ရွှေကျင်းဟုန်မှာ အနည်းငယ် အံ့အားသင့်သွားသော်လည်း ၎င်းအား နားလည်မှုအပြည့်အဝပေးနိုင်၏။ မည်သို့ဆိုစေ အကယ်၍ သူလည်း ဤသို့သောကိစ္စမျိုးနှင့် ကြုံတွေ့ခဲ့လျှင် အားယန်ဖြစ်စေ နင်နင်ဖြစ်စေ သူ့အပေါ် စိတ်ပျက်သွားတာမျိုး မဖြစ်စေချင်ပေ။
နှစ်ဖက်မိဘများက တွေ့မည့်နေရာကို သဘောတူလိုက်ကြသည်။ ရှန်ရှုက ရွယ်ယန်ကို ရွှေကျင်းဟုန်ဆီ ခေါ်လာပေးမည်ဖြစ်သည်။
