အပိုင်း (၅၈)
ရွယ်ယန် ယခုလေးတင် သူ(မ) ဘာကြောင့် ငိုခဲ့ရသလဲကို မေ့လျော့သွားချေပြီ။ သူ(မ)က သူ(မ)အမေကိုပင် အနမ်းချွေလိုက်သေးပြီး ငတုံးမလေးသဖွယ် သူ(မ)အမေအရှေ့သို့ လက်လေး ဆန့်ထုတ်ပေးလိုက်သည်။
“မေမေ ချောကလက်စား”
လျို့ဟွားမှာ တစ်ခဏ မှင်သက်နေပြီးနောက်မှ ကူကယ်ရာမဲ့စွာ ပြုံးမိတော့သည်။
“အားယန် သမီးဘာသာပဲ စားပါကွယ်၊ မေမေ မစားတော့ဘူး”
သူ(မ)ရဲ့အသေးလေးက ဘာလို့ ဒီလောက်တောင် အငြိုးအတေးမထားတတ်ရတာလဲ!
ရွယ်ယန်မှာ ပျော်ရွှင်စွာ စားသောက်နေပြီး ခြေတံတိုလေးများအား လွှဲယမ်းကာ ထိုင်နေ၏။ ခေါင်းထက်ရှိ နားရွက်လေးများကလည်း သူ(မ)၏ လှုပ်ရှားမှုများနှင့်အတူ ရွေ့လျားနေ၏။
ယင်းက လူများ၏ နှလုံးသားအား ပျော့ပျောင်းသွားစေသည်ပင်။
လျို့ဟွားက ဘေးတွင် မှီလှဲပြီး ကလေးမလေးကို ငေးကြည့်နေလေ၏။ သူ(မ)က ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ကလေး၏ ပါးဖောင်းဖောင်းလေးကို လမ်းဖြင့် လှမ်းတို့လိုက်ပြီး
“အားယန် သမီးကို မေမေပေးထားတဲ့ လက်ကောက်လေးရော”
ရွယ်ယန်က ခေါင်းရှုပ်သွားစွာ မျက်တောင်လေးခတ်ပြီး မပြောခင် ပါးစပ်ထဲရှိ ချောကလက်ကို ဖြည်းညင်းစွာ မျိုချလိုက်သည်။
“သမီး အားမန်ကို သေတ္တာထဲ ထည့်သိမ်းခိုင်းထားတယ်”
ကလေးမလေးက နှုတ်ခမ်းစူကာ သူ(မ)အမေကို တိုင်တန်းတော့သည်။
“မေမေ၊ အဲ့ဒီလက်ကောက်ကလေ ပြီးခဲ့တဲ့အခေါက်တုန်းက ပျက်သွားခဲ့တာ အားယန်မှာ ထုတ်ပြီးတောင် မဝတ်ရဲတော့ဘူး”
လျို့မန်က ကူကယ်ရာမဲ့စွာ ဝင်ပြောလာ၏။
“အားယန် အဲ့ဒါကို အားမန် ပြန်သီပေးထားပြီးပြီလေ အားမန် အာမခံပါတယ် နောက်တစ်ခါ ထပ်ပြတ်တော့မှာမဟုတ်ဘူးလို့”
လျို့ဟွားက လက်ခါပြလိုက်သည်။
“ထားလိုက်ပါတော့၊ အခုက ဆောင်းရာသီထဲပဲ ရောက်နေပြီ၊ အားယန်က အဝတ်တွေ အများကြီး ဝတ်ထားဖို့လိုတော့ လက်ကောက်မဝတ်ထားလည်း ကိစ္စမရှိဘူး”
ရွယ်ယန်က သူ(မ)မျက်ခုံးလေးများကို တွန့်ချိုးလိုက်သည်။
“မေမေ အားယန် အဝတ်အစား နည်းနည်းပဲ ဝတ်လည်း ရပါတယ်!”
လျို့ဟွားက သူ(မ)ကို မော့ပင်ကြည့်မလာတော့ချေ။
“အိပ်မက်မက်နေလိုက်၊ အမြဲတမ်း ဒီလိုပဲလုပ်နေလို့ အအေးမိသွားတဲ့အခါကျရင် ဝမ်းနည်းပက်လက် ငိုနေရတာမဟုတ်လား”
ရွယ်ယွိ သူတို့ကို ကြည့်ကာ သူတို့ ပြောနေသည့် လက်ကောက်က အားယန် အရင်ဘဝက အမြဲ ဝတ်ဆင်ထားသည့် လက်ကောက်ကို ရည်ညွှန်းကြောင်း ဖြစ်လိမ့်မည်ဟု သူ ရေးတေးတေး ခန့်မှန်းမိသည်။
သူက အနည်းငယ် စူးစမ်းစွာဖြင့် ဆိုလိုက်သည်။
“အမေ အဲ့ဒီလက်ကောက်က အရမ်းအရေးကြီးတာပဲလား”
လျို့ဟွားက မေးကို ပွတ်လိုက်သည်။
“မသိဘူး၊ အဲ့ဒါက အမေ့မိသားစု ချန်ခဲ့တဲ့ တစ်ခုတည်းသော ပစ္စည်းလို့ ပြောတာပဲ၊ အမေ အရင်က ဘုန်းကြီးကျောင်းကို သွားခဲ့သေးတယ် အဲ့ဒီက ဘုန်းကြီးတစ်ပါးပြောတာ ဒီလက်ကောက်က ကောင်းတဲ့ပစ္စည်းတဲ့ အဲ့ဒါကြောင့်မလို့ အမေ အားယန်ကို ပေးထားခဲ့တာ”
ရွယ်ယွိမှာ အံ့အားသင့်သွားရသည်။ လျို့ဟွားကို မိဘမဲ့တစ်ယောက်အဖြစ်သာ သူတို့ တွေးထားကြခြင်းဖြစ်သည်။
ရွယ်ယန်က မျက်တောင်လေး ခတ်လိုက်ပြီး
“အားယန် မေမေ့ရဲ့ ဖေဖေနဲ့မေမေကို တစ်ခါမှလည်း မမြင်ဖူးဘူးရော”
လျို့ဟွား သူ(မ)ခေါင်းကို ခေါက်ထည့်လိုက်သည်။
“ရှင်လေးက သူတို့ကို ဘာအတွက်နဲ့များ မြင်ချင်ရတာတုန်း ဟမ်၊ သူတို့တွေ အခုချိန်လောက်ဆို...”
သူ(မ)က ဒုတိယအပိုင်းကို ဆက်မပြောလိုက်ပါချေ။ ကလေးကို ဒီအကြောင်းတွေ ပေးသိတော့ရော ဘာထူးသွားမှာမို့လို့လဲ?
မမျှော်လင့်ထားစွာဖြင့် ကလေးမလေးက ရုတ်တရက် အနားသို့ ရောက်လာပြီး သူ(မ)ကို ပွေ့ဖက်လာ၏။
“မေမေ၊ မေမေ့မှာ အားယန်နဲ့ ကိုကိုတို့ ရှိပါသေးတယ်!”
လျို့ဟွားမှာ အံ့အားသင့်သွားရပြီးနောက် မျက်လုံးများ အနည်းငယ် နီမြန်းသွားတော့သည်။
“အင်း မေမေ့မှာ မင်းတို့လေးတွေ ရှိနေသေးတယ်”
ကလေးမလေးသည် သူ(မ)က မိခင်ဖြစ်သူအား ကောင်းကောင်းနှစ်သိမ့်ပေးနိုင်ခဲ့သည်ဟု ခံစားလိုက်ရပြီး အချိုများနှင့် ချောကလက်များကို လိမ်လိမ်မာမာနှင့် ဆက်စားနေလိုက်သည်။
လျို့မန်က မှိုင်းဝေနေသော လေထုကို ဖြိုခွင်းလိုက်သည်။
“အားယန်၊ ဒီရက်ပိုင်း အားယန်ရဲ့မျက်နှာ ပိုပိုပြီး ဝိုင်းလာတာကို သတိထားမိရဲ့လား”
ချောကလက်အား ပျော်ရွှင်စွာ စားသောက်နေသည့် ကလေးမလေးသည် ရုတ်ခြည်း တန့်သွားတော့ပြီး ဘာမှမဖြစ်ခဲ့သည့်အတိုင်း ချောကလက်တောင့်အား အိတ်ကပ်ထဲသို့ ပြန်ထိုးထည့်လိုက်တော့သည်။
“မဟုတ်တာ၊ အားမန် ဘာလို့ ဒီလို ပြောရတာလဲ!”
လျို့ဟွားမှာ မနေနိုင်အောင် ရယ်မိတော့သည်။ သူ(မ)က လက်ဆန့်ထုတ်ကာ ရွယ်ယန်၏ အသားပြည့်ပြည့် မေးစေ့အား အားပါပါ ညှစ်ထည့်လိုက်သည်။
“ကြည့်ရအောင် အားယန်မှာ မေးတွေ ဘယ်နှထပ်တောင် ရှိနေပြီလဲဆိုတာ”
ရွယ်ယန်က ထွက်ပြေးရန် ရုန်းကန်၏။
“မဟုတ်ဘူး! မဟုတ်ဘူး!”
ကလေးမလေးက ဆိုဖာထောင့်ပေါ်သို့ တက်သွားပြီး ဝင်ခွေနေတော့သည်။ သူ(မ)၏ လက်က မသိစိတ်အရ အိတ်ကပ်ထဲမှ ချောကလက်ကို ယူရန် ရောက်သွား၏။
ယဲအန့်နင်က အဓိပ္ပာယ်ပါပါဖြင့် ရှန်နျန်ကို မေးလိုက်သည်။
“နျန်နျန် နင် အခု ဘယ်နှပေါင်လဲ”
ရှန်နျန်သည် သူ(မ)ဆိုလိုချင်နေသည့် အဓိပ္ပာယ်ကို သဘောပေါက်ကာ နံပါတ်တစ်ခုကို ပြောပြလိုက်သည်။
ယဲအန့်နင်တစ်ယောက် ထိတ်လန့်အံ့ဩချင်ယောင်ဆောင်ပြီး ဆိုလိုက်သည်။
“ဘယ်လိုဖြစ်နိုင်မှာလဲ၊ ဒါဆို နင်က အားယန်ထက် ပေါင်နည်းနည်းပဲ များတာကို သူ့ထက် အများကြီး အရပ်ပိုရှည်နေတာပေါ့လေ”
ရွယ်ယန် : “..."
ကျယ်ကျဲ၊ ကျယ်ကျဲ အားယန်ကို လာလှောင်နေတာလို့ သံသယဝင်လာပြီနော်!
ကလေးမလေး၏ တောင့်တင်းနေသော အမူအရာက လူတိုင်းအား မပြုံးမိဘဲ မနေနိုင်အောင် ပြုစားနေ၏။ လျို့ဟွားက သူ(မ)သမီးလေးအတွက် ခုခံပေးလာ၏။
“ကိစ္စမရှိဘူး၊ အားယန်က နောင်ဆိုလည်း ဝိတ်ကျသွားမှာ၊ ဝိတ်မကျသွားဘူးဆိုရင်တောင်မှ ဝဝကစ်ကစ်လေးကလည်း အရမ်းအရမ်းကို ချစ်ဖို့ကောင်းနေမှာပဲလေ ဟုတ်တယ်မလား”
ရှန်နျန်သည် အပြင်းအထန် သဘောတူလာ၏။
“ဒါပေါ့၊ အားယန်ကသာ ချစ်ဖို့အကောင်းဆုံး”
ရွယ်ယန် : “..."
ချစ်ဖို့ကောင်းတယ်ဆိုတဲ့ စကားကို တစ်ခါမှ ဒီလောက်ထိ သဘောမကျတာမျိုး မဖြစ်ဖူးဘူး!
ကလေးမလေးက သူ(မ)အကိုထံ ပစ်ဝင်လိုက်ပြီး အကိုဖြစ်သူက သူ(မ)အား နှစ်သိမ့်ပေးလာဖို့ရာ မျှော်လင့်မိတော့သည်။
“ကိုကို အားယန် မဝဘူးနော်!”
ရွယ်ယွိမှာ ရယ်ချင်စိတ်ကို အောင့်အီးလျက် ကလေးမလေး၏ ဆံပင်များအား လေးနက်စွာ ပွတ်သပ်ပေးလိုက်သည်။
“ဘယ်သူကများ အားယန်ကို ဝတယ်လို့ ပြောရဲရတာလဲ၊ ကိုကိုက အားယန်ဘက်မှာ ရှိတယ်!”
လီယွမ်သည်လည်း ရှားပါးစွာဖြင့် စကားအကောင်း ဆိုလာ၏။
“အားယန်က ဒီလိုမျိုး အများကြီး အများကြီး ချစ်ဖို့ကောင်းတဲ့ဟာ၊ လုံးဝ မဝဘူး!”
ရွယ်ယန်တစ်ယောက် ချက်ချင်းပင် ပလွှားလာတော့သည်။
“အမှန်ပဲ! အားယန်က လုံးဝ မဝတာ!”
လျို့ဟွားမှာ အနှီကလေးပေါက်စလေးများအား ကြည့်ပြီး အပြုံးတစ်ပွင့်ဖြင့် ကူကယ်ရာမဲ့စွာ ခေါင်းခါမိတော့သည်။
လေထုမှာ ရွှင်မြူးဖွယ်အပြည့်နှင့် လူတိုင်းမှာ အလွန် ပျော်ရွှင်နေကြသည်။
လျို့ဟွားတစ်ယောက် ဆိုဖာကို မှီကာ မျက်လုံးများမှိတ်ထားပြီး အနားယူလိုက်သည်။
ထိုအခိုက် သူ(မ)ဖုန်းသည် ရုတ်တရက် မြည်လာ၏။
လျို့ဟွားက ကော်ဖီစားပွဲပေါ် ပစ်တင်ထားသော သူ(မ)ဖုန်းကို တစ်ချက်ကြည့်ပြီး ကလေးမလေးကို လှမ်းခေါ်လိုက်သည်။
“အားယန် မေမေ့ကို ဖုန်းလေး ကူဖြေပေးပါအုံး”
ရွယ်ယန်က သူ(မ)အကို၏ ရင်ခွင်ထဲမှ တွားသွားထွက်လိုက်ပြီး လက်တိုတိုလေးများဖြင့် မမှီတမှီ ဖုန်းကို လှမ်းယူလိုက်သည်။
ဖုန်းတစ်ဖက်ခြမ်းတွင်မူ ရွှီယိ၏အကြည့်တို့မှာ ဖုန်းပြန်ဖြေလာမည်ကို မျှော်လင့်တစား စောင့်ရင်း နူးညံ့ညင်သာလျက်ရှိသည်။
သို့ရာတွင် သိပ်မကြာလိုက်ခင်မှာ ဖုန်းကို ကလေးမလေးတစ်ယောက်၏ နှေးကွေးပြီး တီတီတာတာ အသံလေးက ဖြေဆိုလာ၏။
“ဟဲလို ဘယ်သူပါလဲရှင်”
ရွှီယိမှာ မှင်သက်သွားရသည်။ ထို့နောက် ကလေးမလေး၏ ထပ်ပြောသံကို ကြားလိုက်ရသည်။
“သမီးမေမေက ဖုန်းဖြေခိုင်းထားလို့ပါ၊ အကြောင်းတစ်ခုခုရှိရင် သမီးကို ပြောထားခဲ့လို့ ရပါတယ်”
ရွှီယိက နှုတ်ခမ်းကို စေ့ထားလိုက်ပြီး အကြည့်တို့က ပိုလို့ပင် ညင်သာသွား၏။
“ကလေးလေး သမီးက ရွယ်ယန်မလား”
ရွယ်ယန်က တွေဝေစွာ မျက်တောင်လေး ခတ်လိုက်ရင်း
“အန်ကယ်က ဘယ်သူပါလဲ၊ သမီးနာမည်ကို ဘယ်လိုသိတာလဲ”
မျက်လုံးမှိတ်လျက်သား အနားယူနေသည့် လျို့ဟွားက ရုတ်ခြည်း တစ်စုံတစ်ခုကို သဘောပေါက်သွားဟန်ဖြင့် သူ(မ)သမီးထံ လက်ကို ဖြန့်ပေးလိုက်သည်။
“အားယန် မေမေ့ကို ဖုန်းပေး”
ရွယ်ယန် မျက်တောင်လေးခတ်ကာ နာခံစွာဖြင့် သူ(မ)အမေထံ တွားသွားလိုက်သည်။
လျို့ဟွားက ဖုန်းကို ယူကာ စကားပြောရန် ဘေးခန်းမသို့ ထွက်သွားလိုက်လိုက်သည်က ကလေးများကို တမင်တကာ ရှောင်နေသည့်ပုံပင်။
ရွယ်ယွိနှင့် အခြားသူများမှာ များများစားစား မတွေးကြချေ။ လျို့ဟွား၏ စီးပွားရေးပါတနာတစ်ယောက်က သူ(မ)ကို ခေါ်သည်ဟုသာ ယူဆလိုက်ကြသည်။
ရွယ်ယန်က သူ(မ)ကိုယ်လေးအား ရွှေ့ကာ ဆိုဖာပေါ်တွင် တစ်ကိုယ်လုံး လှဲချလိုက်တော့သည်။ ကလေးမလေးက အကျင့်မကောင်းစွာဖြင့် သူ(မ)ခြေထောက်များကို လှုပ်ရှားကာ ဘေးတွင်ထိုင်နေသော ရှန်နျန်အား ဖွဖွလေး ကန်လိုက်သည်။
ရှန်နျန်က သူ(မ)၏ခြေထောက်လေးများအား ဖမ်းဆွဲကာ ခြေဖဝါးအား ကလိထိုးတော့သည်။
“နံစော်တဲ့ အားယန်လေး!”
ရွယ်ယန်က တခစ်ခစ်ရယ်ကာ လူးလှိမ့်နေတော့သည်။
“အားယန်က မနံစော်ပါဘူးနော်! အားယန် ရေချိုးထားတယ်! အားယန်က မွှေးနေတာ!”
သူ(မ)က ရှန်နျန်ကို ရှောင်ပြီးနောက် တစ်ဖက်သို့လှည့်ပြီး မှောက်ခုံမှောက်ကာ ပေါက်ဖက်လေးတစ်ကောင်လို ရှေ့သို့ တွားသွားလိုက်ပြီး ရှန်နျန်ဘက်သို့ ပြန်ပြီး တွားသွားလာ၏။
“နျန်နျန် အားယန် ပေါက်ဖက်လေးနဲ့တူလား”
ကလေးမလေးက ဖင်လေးကို မြှောက်ကာဖြင့် တွားသွားပြလေ၏။
ရှန်နျန်၏ အာရုံအလုံးစုံမှာ တထောင်ထောင်ဖြစ်နေသော အမြီးလေးထံတွင် ဖြစ်သည်။ သူ(မ) ဤအသေးလေးအား ဆွဲခါရန် ဟန်ပြင်လိုက်စဉ် ယဲအန့်နင်က ရွယ်ယန်၏ အခြားတစ်ဖက်တွင် ဝင်ထိုင်လိုက်ပြီး အမြီလုံးလုံးလေးကို ဖမ်းဆွဲထားလိုက်သည်။
ရွယ်ယန်မှာ တစ်စုံတစ်ခုက မှားယွင်းနေကြောင်း ခံစားလိုက်ရပြီး အနောက်သို့ လှည့်ကြည့်လိုက်ချိန် သူ(မ)အမြီးအား အစ်မဖြစ်သူက ဆွဲထားသည်ကို တွေ့လိုက်ရသည်။
ကလေးမလေးက နှုတ်ခမ်းစူကာ
“ကျယ်ကျဲ၊ အားယန်အမြီးကို မဆွဲနဲ့လေ! အားယန် တွားသွားလို့ မရတော့ဘူး!”
ရွယ်ယွိက ဖုန်းကို ကိုင်ကာ လှမ်းခေါ်လိုက်သည်။
“အားယန် ဒီကိုကြည့်”
ရွယ်ယန်က ခေါင်းရှုပ်စွာဖြင့် လှည့်ကြည့်လိုက်သော်လည်း ကင်မရာမှ ‘ကလစ်’ ဆိုသည့် အသံကိုသာ ကြားလိုက်ရသည်။
ရွယ်ယွိတစ်ယောက် ဖုန်းထဲမှ ဓာတ်ပုံအား စိတ်ကျေနပ်စွာ ကြည့်လိုက်သည်။ အထဲတွင် ဝက်ဝံဝတ်စုံနှင့် အသေးလေးက အမြီးကို အကိုင်ခံထားရပြီး ဆိုဖာပေါ် လဲလျောင်းနေသည့်ပုံက ရုန်းကန်ဖို့ရာ လက်လျော့လိုက်သည့်နှယ်။
